သီအိုဇော် - ထပ်တူထပ်မျှ စဉ်းစားပေးသင့်သည့် ဦးနှောက်နှင့် နှလုံးသား
သီအိုဇော် - ထပ်တူထပ်မျှ စဉ်းစားပေးသင့်သည့် ဦးနှောက်နှင့် နှလုံးသား
(မိုးမခ) စက်တင်ဘာ ၁၉ ၊ ၂၀၂၄
ဖတ်လက်စ ဈေးကွက်သုတေသန ဆောင်းပါးကို သေချာအောင် နောက်တခေါက် ထပ်ဖတ်မိသည်။
လက်ရှိ ဒေါ် လာဘီလီယံနှင့်ချီသည့် ဈေးကွက်တန်ဖိုးသည် မဝေးလှသည့်နှစ်များတွင် အဆပေါင်းများစွာ ပိုမိုရောင်းချလာနိုင်ရသည်ဟု တွက်ဆထားသည့် လူအများစုနှင့် မစိမ်းလှသည့် ဆေးဝါးပစ္စည်းတခုနှင့် ပတ်သက်သည်။
တကယ်တော့လည်း ဆေးဟုသာ ဆိုရသည်၊ ဆရာဝန် ညွှန်ကြားချက်ဖြင့် ဝယ်ယူရသည့် ရောဂါကုထုံးများထဲတွင် ပါဝင်မနေသည့် ဖြည့်စွက်အာဟာရတမျိုးသာ ဖြစ်သည်။ သို့သော် သမားကိုင်ဆေးအဆင့် မရှိစေကာမူ၊ သုတေသန အထိုက်အလျောက် ပြုလုပ်ထားသည့် ထိုဆေးပစ္စည်းအကြောင်းကို ယခင်ကတည်းက ဖတ်ရှုထားဖူးသည်။
ဘေးထွက်ဆိုးကျိုး နည်းပါးသည်ဟု နားလည်ထားသည့် ထိုဆေးက ဦးနှောက်နှင့် နှလုံးအတွက် ကောင်းမွန် စေနိုင်သည် ဆိုသည့် အချက်များကို ထိုက်သင့်သလောက် တွေ့ရှိထားသည်။ သို့ရာတွင် ပြောခဲ့သလိုပင် ဆေးဝါးကုထုံး ညွှန်ကြားချက်များ စာရင်းထဲ ထည့်သွင်းရလောက်အောင်တော့ အချက်အလက် အားမကောင်းသေး။
ထိုအချက်ကို သိသိကြီးနှင့်ပင် လူအများဝယ်ယူ သုံးစွဲကြစေဖို့ ဘယ်အရာက စေ့ဆော်ခဲ့သည်လည်း ဆိုတာကို ပြန်တွေးကြည့်မိတော့ လူသားတဦးအတွက် အရေးအကြီးဆုံးလို့ဟု ဆိုရမည့် ဦးနှောက်နှင့် နှလုံးကို အကျိုးပြု အကာအကွယ်ပေးစေနိုင်သည် ဆိုသည့် အညွှန်းကြောင့်ပင် ဖြစ်လိမ့်မည် ထင်သည်။
မှန်ပါသည်။ လူ့ခန္ဓာကိုယ်တွင် ဘေးဥပဒ် မရောက်စေချင်ဆုံး အင်္ဂါအစိတ်အပိုင်းကို ပြပါဆိုလျှင် ဦးနှောက်နှင့် နှလုံးကိုပင် ရွေးချယ်ပြောကြမည် ဖြစ်သည်။
ယခု ရည်ညွှန်းနေသော ဆေးကဲ့သို့၊ ဦးနှောက်နှင့် နှလုံးရောဂါများကို အကာအကွယ်ပေးစေနိုင်သည့် အလားတူ ဖြည့်စွက်အာဟာရ ပစ္စည်းများကို လူလတ်ပိုင်းနှင့် အထူးသဖြင့် လူ ကြီးပိုင်းများက မျက်စိကျကြပြီး စမ်းသပ်သုံးစွဲလေ့ရှိကြသည်။ တချို့တတွေအတွက်တော့ ဆရာဝန် ညွှန်ကြားချက်ဖြင့် ဝယ်ယူသုံးစွဲရသည့် ဆေးဝါးများ ဖြစ်လိမ့်မည်။
မည်သည့်ပုံစံနှင့် မှီဝဲနေကြရပါစေ၊ ရည်ရွယ်ချက်ကတော့ ကိုယ်တန်ဖိုးထားသည့် ဦးနှောက်နှင့် နှလုံးသားကို အကာအကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မိသောကြောင့်ပင်။ ခန္ဓာကိုယ်တွင် အရေးအကြီးဆုံးဟု သဘောထားကြသည့် ဦးနှောက်နှင့် နှလုံးကို အတတ်နိုင်ဆုံး အကာအကွယ် ပေးလိုကြသေးသည်မှာ သဘာဝကျသည်ဟုလည်း ဆိုနိုင်သည်။
ဤနေရာတွင် ရှေ့ဆက်ရမည့် အနာဂတ်ခရီးများစွာ ကျန်ရှိနေသေးသော မျိုးဆက်တခုအကြောင်း ထည့်ပြောချင်သည်။
သူတို့သည် ကိုယ့်အကျိုးသက်သက်သာ ကြည့်ပြီး လွယ်ကူသောလမ်းကို မလျှောက်ခဲ့ကြသူများလည်း ဖြစ်သည်။ သူတို့ချစ်မြတ်နိုးသည့်နိုင်ငံနှင့် တန်ဖိုးထားသည့် လူ့အဖွဲ့အစည်းအတွက် သူတို့အသက်ကို စွန့်လွှတ်ပေးနိုင်ရဖွယ် ရှိသည့်လမ်းကို ရွေးချယ်ဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။
သူတို့က နောင်လာမည့် မျိုးဆက်များအတွက် တောက်ပသည့် အနာဂတ်ကို ချန်ထားပေးချင်ကြသည်။
လမ်းခရီး တဝက်မှာ သူရဲကောင်းများအဖြစ် ချန်ထားရစ်ခဲ့ရသူ ရဲဘော်ရဲဘက်များအား၊ တချိန်တွင် မမေ့မပျောက် မော်ကွန်း ကမ္ပည်းတင်နိုင်ဖို့ကလည်း ဤတိုက်ပွဲ နိုင်မှသာ ဖြစ်လိမ့်မည် ဆိုသည်ကို သူတို့ နားလည်သည်။ ထိုခံယူချက်များကို အခြေပြုကာ သူတို့အသက်နှင့်ရင်းပြီး တော်လှန်ရေး ဆင်နွှဲနေကြသည်။
သူတို့ ရင်ဆိုင်နေရသည့် တိုက်ပွဲများအတွက် လိုအပ်ချက်များစွာ ရှိသော်လည်း၊ များများစားစား သူတို့ မတောင့်တကြ။ လူသားတိုင်း တန်ဖိုးထားကြသလို ဦးနှောက်နှင့် နှလုံးသားကိုတော့ သူတို့ ကာကွယ်လိုကြသည်။ သူတို့တတွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီများ အမှန်တကယ် လိုအပ်သည် ဆိုသည်ကိုတော့ သိစေချင်ကြသည်။
အထက်ကဆိုခဲ့သလိုပင် သူသူကိုယ်ကိုယ် မိမိ၏ဦးနှောက်နှင့် နှလုံးသားကို အကာအကွယ်ပေးနိုင်မည်ဟု ထင်မှတ်ရသည့် ဆေးဝါးနှင့် ဖြည့်စွက် အာဟာရများကို စူးစမ်းလိုကြသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း မခြားနား၊ ကိုယ်တိုင်သုံးစွဲနေကြသူ အမြောက်အမြား ရှိကြမှာ သေချာသည်။ မည်ရွေ့မည်မျှ အကာအကွယ်ပေးနိုင်မည်ကို ကံသေကံမ မပြောနိုင်သည့်တိုင် ဝယ်ယူသုံးစွဲမိကြသည်။
ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီများကတော့ အတိုင်းအတာတခုအထိ ဦးနှောက်နှင့် နှလုံးသားကို အကာအကွယ်ပေးနိုင်မှာ သံသယရှိစရာမလို။ အသက်အန္တရာယ်ဘေးမှ လျော့နည်းစေနိုင်သည်နှင့်အမျှ သူတို့လေးတွေ အိမ်ပြန်လမ်းသို့ ဘေးကင်းလုံခြုံစွာ လျှောက်လှမ်း နိုင်ကြပေလိမ့်မည်။
ဤသည်မှာလည်း သူတို့အပေါ်ထားရှိသည့် တော်လှန်ပြည်သူတရပ်လုံး၏ ဆန္ဒအမှန်ပင် ဖြစ်သည်။
ယခုဆိုလျှင် ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီ ပရောဂျက်များတွင် တဦး တယောက်တည်း အနေဖြင့်သော် လည်းကောင်း၊ နီးစပ်သူများနှင့် ပူးပေါင်း၍သော် လည်းကောင်း၊ယုတ်စွအဆုံး ကိုယ် ပါဝင်နိုင်သမျှ ပမာဏဖြင့်ပင် ထောက်ပို့ပေးနိုင်သည့် အခွင့်အရေးများ ရရှိလာကြပြီ ဖြစ်သည်။
တခါက ရေးခဲ့ဖူးသော ကဗျာတပိုဒ်ကို ပြန်အမှတ်ရမိသည်။ ‘အမှောင်ခေတ်ရဲ့ ည’ ဆိုသော မိုးမခကဗျာမှ ဖြစ်သည်။
‘လုံလုံခြုံခြုံ အိပ်နေရတာကိုက မလုံမခြုံစိတ်တွေ ဖြစ်စေရတာပါ’ ဆိုသည့် ကဗျာစာသားများကို ပြန်သတိရသွားမိခြင်း ဖြစ်သည်။ အထူးတလည် အဓိပ္ပာယ်ဖွင့်ဆိုစရာ မလို။
လူသားတဦး ဖြစ်သည့်အတွက် တချိန်မဟုတ် တချိန် ကိုယ်တိုင်လည်း၊ ဦးနှောက်နှင့် နှလုံးသားကို အကာအကွယ်ပေးနိုင်သည့် ဆေးဝါး (သို့မဟုတ်) ဖြည့်စွက်အာဟာရများကို သုံးစွဲလာရတာမျိုး ကြုံကြိုက်လာကြမှာကလည်း အသေအချာပင်။ ထိုအချိန်တွင် စိတ်လုံခြုံစွာဖြင့် မိမိတို့၏ ဦးနှောက်နှင့် နှလုံးသားကို အကာအကွယ်ပေးနိုင်သည် ဆိုသည့်အရာတို့ကို သောက်သုံးနိုင်ဖို့ကလည်း အရေးကြီးသည်။
ထိုအတွက်ကတော့ ယခုအချိန်တွင် ပြည်သူ့ရင်နှစ်သည်းချာများအတွက် လက်တွေ့ လိုအပ်နေသော၊ သူတို့၏ ဦးနှောက်နှင့် နှလုံးသားများကို အမှန်တကယ် အကာအကွယ်ပေးနိုင်သော အသက်ကယ် ကျည်ကာ ပရောဂျက်များတွင် မိမိတို့ တတ်စွမ်းသမျှ ပါဝင်ထောက်ပို့ပေးထားကြဖို့ပင် ဖြစ်ပါလိမ့်မည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar