Breaking News

ရဲဘော်တေး - စစ်ဗိုလ်ချုပ်တွေရဲ့ စက်ရုပ်တွေ

ရဲဘော်တေး - စစ်ဗိုလ်ချုပ်တွေရဲ့ စက်ရုပ်တွေ

(မိုးမခ) စက်တင်ဘာ ၂၃ ၊ ၂၀၂၄


မအလ ကတော့ နွားသေ ကြိုးတုပ်ရိုက်ပြီ။

သူ့စစ်ဥထမ်းဖို့ အမျိုးသမီးတွေ ခေါ်ရင် တပ်မိသားစုဝင်များက စံပြဖြစ်ရမယ်ဆိုပြီး စာရင်းကောက်ယူပြီ။ အဲဒီစာရင်းထဲမှာ ပိုပြီးစံပြဖြစ်အောင် ခင်သီရိသက်မွန်တော့ ဘယ်ထည့်ကောက်မလဲ။ 

"တပ်ထဲမှာ အသက် ၁၈ ကနေ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးတွေ လက်ရှိ စာရင်းပေးခိုင်းတယ်။ စစ်မှုထမ်းခေါ်တဲ့အခါ စံပြအနေနဲ့ တပ်မိသားစုတွေက ပါဝင်ရမယ် ပြောတယ်။ တပ်လိုင်းခန်းက လူတွေ တော်တော်များများပေးရတယ်။ အိမ်ထောင်စုစာရင်းတွေလည်း ပေးခိုင်းတယ်" လို့ မှော်ဘီအခြေ စိုက် ခလရ  ၉၁ မှ တပ်မိသားစုဝင်တဦးက ပြောဆိုထားတယ်။ 

တပ်ထဲကနေ ပြေးပေါက်မရှိသူတွေပေါ့။ မအလ လက်ခုပ်ထဲက ရေတွေပေါ့။ ဘယ်မှလည်း သွားစရာမရှိ၊ ဘာမှလဲ စားစရာမရှိအောင် လုပ်ထားပြီးမှ စစ်ထဲဝင်ဖို့ ကျုံးသွင်းခံရသူတွေ။ ရွေးစရာလမ်းမရှိသူတွေ။ အဖေ အသေခံရုံတင် မရ၊ သား အသေခံရုံတင် မရ၊ အစ်ကို အသေခံရုံတင် မရ၊ မောင် အသေခံရုံတင်မရ အမေနဲ့ သမီး၊ အစ်မနဲ့ ညီမပါ ဆက်အသေခံခိုင်းမယ့် အစီအစဉ်။ 

သူခိုး သေဖော်ညှိခံရတာ အောက်ခြတပ်မိသားစုတွေ။ သူက ခိုးချင်တိုင်းခိုး၊ ဆိုးချင်တိုင်း ဆိုး၊ ဖမ်းချင်တိုင်းဖမ်း၊ ညှင်းချင်တိုင်း ညှင်း၊ သတ်ချင်တိုင်း သတ်လို့ ပြည်သူက မခံမရပ်နိုင်ဖြစ်ပြီး တော်လှန်ပုန်ကန် စစ်တိုင်းပြုတ်အောင်နှံခါမှ ဒို့ရှေ့က ရပ်ခံပေးကြ ဆိုပြီး စစ်သားမိသားစုတွေကို စစ်သားဒိုင်းလုပ်ဖို့ ကြံတာ။ ဒီအောက်ခြေမိသားစုတွေက အပြင်မှာ ရပ်တည်ဖို့ခက်နေပြီ မဟုတ်လား။ အပြင်ကလူတွေတောင် အခက်ကြီးကြုံ ရတက်မီးပုံထဲ ကျနေမင့်ဟာ။ 

ပထမဆုံးကတော့ စစ်သမီးတွေဟာ ဆေးကွဲနေတဲ့ စစ်ဗိုလ် စစ်သားတွေရဲ့ မဟားဒယားလုပ်တာ ခံရမယ်။ သားပြော မယားပြော ပြောခံရမယ်။ မွေးရာပါနဲ့ အဆဲခံရမယ်။ အောက်လုံးတွေ မပြတ်တမ်း ကြားနေရမယ်။ အောက်လုံးတွေနဲ့ ယဉ်ပါးအောင်လုပ်တာ ခံရမယ်။ ပြီးရင် နေရာအဆင်ပြေဖို့ ခြေတော်တင်ခံရမယ်။ မယားငယ် ဖြစ်မယ်။ အခန့်မသင့်ရင် မုဒိမ်းအကျင့်ခံရဦးမယ်။ 

စစ်တပ်ဆိုတာ အမျိုးသမီးတွေကို လိင်သားကောင်လောက်ပဲ သဘောထားတာ။ ရိုက်သွင်းထားတဲ့ခံယူချက်လို့တောင် ပြောလို့ရတယ်။ နောက်ထပ် အခန့်မသင့်ရင် ဆေးစွဲမယ်။ တပ်နဲ့ ဆေးပြား တသားတည်း ဖြစ်နေပြီလေ။ ဗိုလ်ချုပ်တွေရဲ့ သားတွေက စစ်သမီးတွေကို ဆေးပြားကျွေး ပလေးနေတဲ့ သတင်းတွေ ဆိုတာ မကြားချင်မှအဆုံး။ အပြင်သွားရှုပ်ဖို့ ခွင်ကျဉ်းလာလေ တပ်ထဲပဲ ပြန်မွှေလေ။ မုဒိမ်းတပ်ကြီးထဲ ကိုယ့်သမီးကို ပစ်ထည့်ကြရတော့မယ့်အရေး ဘယ်သူမှ စိတ်မအေးနိုင်ကြ။ ကိုယ့်တပ်အကြောင်း ကိုယ်အသိဆုံး။ ရုန်းမထွက်နိုင်သေးသမျှ သမီးထိုးအပ်ရတော့မယ့်အခြေ။ 

အဖြေက အပျက်နဲ့အလောင်း၊ အကောင်းမရှိ။ ငတ်ကွဲနဲ့ သေကွဲ သေကွဲပဲ ရွေးရမယ့်သဘော။ အရှက်ကွဲနဲ့ အသက်ကွဲ အရှက်ကွဲရော အသက်ကွဲရော ယူရမယ့်သဘော။ လူဖြစ်တယ်ဆိုရုံ ခိုင်းလို့ရတယ်ဆိုရုံလေး သင်ကြားမောင်းနှင်ပေးထားတဲ့ တပ်မှာ အောက်ခြေတပ် မိသားစုတွေ ဆိုတာ စစ်ဗိုလ်ချုပ်တွေရဲ့ စက်ရုပ်တခုထက် မပိုခဲ့ဘူး မဟုတ်လား။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar