အောင်ဝေး - ပါရီရောက် ရဲဘော်မြသို့ ပေးစာ
အောင်ဝေး - ပါရီရောက် ရဲဘော်မြသို့ ပေးစာ
(မိုးမခ) စက်တင်ဘာ ၂၃ ၊ ၂၀၂၄
ချစ်လှစွာသော ရဲဘော်မြ။
ခေတ်မကောင်းတဲ့အခါ အားလုံး ပါရီကို ရောက်နေတတ်ကြတယ်တဲ့။ ပါရီကတော့ ဘယ်အချိန်ဖြစ်ဖြစ် အမြဲတမ်း ပါရီဖြစ်နေတာပါ။ ဒုတိယကမ္ဘာစစ်ကြီးတုန်းက Paris is always Paris တဲ့။
ပါရီက စာပေအနုပညာ၊ ပါရီက စာပေအနုပညာဘုံရိပ်သာပါ။
ချစ်လှစွာသော ရဲဘော်မြ။
ကျနော်တို့အားလုံးဟာ အနုပညာသမားတွေပါ။ ပင်ကိုက အနုပညာသမား ဆိုတာ နုဖပ်နေတာပါ။ ရဲဘော်မြတို့လို အမျိုးသမီးအနုပညာသည်တွေဆိုရင် အုအက်နေတာပေါ့။ အခုတော့ အဲဒီအနုပညာ နုဖပ်အုအက်တွေ တောထဲရောက်၊ ထောင်ထဲရောက်။ ကျနော်တို့ ကဗျာဆရာတွေ Gen Z တွေနဲ့အတူ တောထဲ တောင်ထဲမှာ သေနတ်ကိုင်နေရပြီ။
ကဗျာကို ကလောင်နဲ့ မရေး၊ သေနတ်နဲ့ ရေးနေရပြီ။ ရဲဘော်မြတို့ကိုလည်း ရွှေပြည်ကြီးက တီဗွီဖန်သားပြင်မှာ၊ ရုပ်ရှင်ပိတ်ကားပေါ်မှာ မမြင်ရတော့ဘူး။ ရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင်၊ အိုက်တင်ကိုဖလင်နဲ့ မရိုက်၊ သေနတ်နဲ့ ရိုက်နေရပြီ။
စစ်အာဏာသိမ်းတာကို လက်မခံတဲ့၊ ဆန့်ကျင်တဲ့ CDMers အနုပညာရှင်တွေဟာ လွတ်မြောက်နယ်မြေ ရောက်နေပြီ။
လွတ်မြောက်နယ်မြေဟာ သူတို့ရဲ့ အနုပညာနယ်မြေ "တောလိဝုဒ်" ဖြစ်လာပြီ။ တောလိဝုဒ် ရောက် အနုပညာသည်တွေဟာ "An artist is an army of one."လို့ ဆိုနိုင်သလို၊ သူတို့အားလုံးဟာ တပ်မဟာကြီး တစ်ခု၊ တပ်ပေါင်းစုကြီး တစ်ခုလည်း ဖြစ်တယ်။ ညီညွတ်မှု အခြေခံတယ်။ စုပေါင်းဦးဆောင်တယ်။
တစ်ဦးချင်း တာဝန်ယူတယ်။ ကျယ်ပြန့်စွာ မဟာမိတ်ပြုတယ်။
ချစ်လှစွာသော ရဲဘော်မြ။
နွေဦးတော်လှန်ရေးမှာ စာပေအနုပညာရဲ့အခန်းကဏ္ဍ။
နွေဦးတော်လှန်ရေးမှာ လွတ်မြောက်နယ်မြေ/တောလိဝုဒ် ရောက် အနုပညာရှင်တွေရဲ့ ရပ်တည်မှု။
နွေဦးအနုပညာ ဆိုတာ ဘာလဲ။ ဥပမာ- တောလိဝုဒ် ဘာလဲ ဘယ်လဲ။
ချစ်လှစွာသော ရဲဘော်မြ။
ကျနော်တို့ဟာ အခြေအနေ အချိန်အခါအရ တကွဲတပြားစီ နေကြရတယ်။ ပုလဲသီ တကွဲစီ ရုန်းကန် ရှင်သန်နေကြရတယ်။
ဆိုစို့။ ကျနော်က တတိယနိုင်ငံမှာ။ ရဲဘော်မြက လွတ်မြောက်နယ်မြေမှာ။
တချို့က ဒုတိယနိုင်ငံမှာ။ ကျနော်တို့ ဘယ်နေရာပဲ ရောက်ရောက်ပါ။ အနုပညာက တသွေးတည်းတသားတည်းပါ။ ခွေးခွဲလို့လည်း သွေးမကွဲပါ။ ရောက်ရာအရပ်မှာ ရုပ်ရှင်သမားတွေကလည်း ရုပ်ရှင်ရိုက်နိုင်ကြပါတယ်။ ရုပ်ရှင်နဲ့ နွေဦးတော်လှန်ရေးကို ဝန်းရံနေကြပါတယ်။ ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း ဂီတသမားတွေ၊ အငြိမ့်မင်းသမီးတွေ၊ လူရွှင်တော်တွေ၊ ပန်းချီဆရာတွေ။ ကာတွန်းဆရာတွေ။ နွေဦးတော်လှန်ရေးကို အနုပညာနဲ့ ပံ့ပိုးနေကြတာပါ။
ချစ်လှစွာသော ရဲဘော်မြ။
ရဲဘော်မြတို့၊ ကျနော်တို့က ကိုယ့်အနုပညာကို လူထုဆီရောက်အောင် ကိုယ်ထင်ပြ တင်ဆက်နိုင်ကြပါတယ်။ Online က။ Facebook လို၊ Youtube လို Social media က။ သို့ပေတဲ့ တချို့ အနုပညာရှင်တွေ အထူးသဖြင့် အဖမ်းခံထားရတဲ့သူတွေ၊ တချို့ စစ်ရေးလျှို့ဝှက်ချက်ထဲ အနုပညာနဲ့ ကွာရှင်းထားရတဲ့သူတွေ၊ တချို့ မလွတ်လပ်တဲ့ ဘဝမှာ အနုပညာကို ခဏလွှတ်ချထားရတဲ့ သူတွေ။ သူတို့ကတော့ အနုပညာ ကိုယ်ထင်ပြလို့ မရရှာကြဘူး။
ချစ်လှစွာသော ရဲဘော်မြ။
အကျဥ်းထောင်ထဲ ရောက်နေတဲ့ ကဗျာဆရာတွေ တစ်ခါတလေ ကဗျာလေး တစ်ပုဒ်စ နှစ်ပုဒ်စထောင်ထဲက ခိုးထုတ်လို့ ရတာလေးတွေတော့ ရှိပါတယ်။ ဒါပေသိ နည်းလွန်းပါတယ်။ အဲဒီလို UG poems တွေက လုံခြုံရေး သတိထားရတယ်လေ။
အကျဥ်းထောင်ထဲမှာ ကဗျာဆရာတွေ ဆယ်ချီပြီး ရှိနေတာပါ။ နယ်စုံ ထောင်စုံပေါ့။
ချစ်လှစွာသော ရဲဘော်မြ။
ဂီတသမားတွေ အဖမ်းခံရတယ်။ ရုပ်ရှင်သမားတွေ အဖမ်းခံရတယ်။ ကိုယ်ဟန်ပြမယ်တွေ အဖမ်းခံရတယ်။ စစ်အာဏာသိမ်းလိုက်တာနဲ့ အနုပညာကိုယ်နှိုက် အကျဥ်းကျသွားတော့တာပဲ။ အဲဒီလို အဖမ်းခံနေရတဲ့ အနုပညာသည်တွေက ရဲဘော်မြတို့၊ ကျနော်တို့လို အနုပညာ ကိုယ်ထင်ပြလို့မရဘူး။
သူတို့ကိုယ်စား ကျနော်တို့၊ ရဲဘော်မြတို့ ကပြပေးရမယ်။
ဥပမာ– မကွေးအကျဥ်းထောင်ထဲက ကဗျာဆရာမပိုပြည့်သူ ကိုယ်စား။
အင်းစိန် အကျဥ်းထောင်ထဲက နန်းမွေစံ ကိုယ်စား၊ အင်းစိန်နရသိန်ထဲက သင်ဇာဝင့်ကျော် ကိုယ်စား။ တချို့ အကျဥ်းထောင်က ပြန်လွတ်လာပေမဲ့ တည်ဆဲ "ရေစုန်မျောဘောမအနုပညာ"အလုပ်ကို မလုပ် ကြတော့ဘူး။ ပြည့်ဖုံးကား ချထားလိုက်ကြတယ်။
ချစ်လှစွာသော ရဲဘော်မြ။
တိုင်းပြည် တစ်ပြည်၊ လူမျိုး တစ်မျိုးရဲ့ ဘဝမှာ စာပေနဲ့အနုပညာဟာ ဘယ်အခန်းကဏ္ဍက ပါဝင်သလဲ။ ဘယ်လို အနေအထားမှာရှိသလဲ။ နိုင်ငံဟာ ဖျားနာနေတယ်။ နာတာရှည်ပေါ့။ ရောဂါရနေတယ်။ အဲဒါကို စာပေအနုပညာက ပျောက်ကင်းအောင် ကုသ ကယ်တင်ရမယ်။ အဲဒီတော့ စာပေအနုပညာက လုပ်ငန်းတာဝန် သုံးခုကို ယူရလိမ့်မယ်။
ပထမက နှစ်သက်ကြည်နူးမှု ရသပေးဖို့။ ဒုတိယက အမှား အမှန် ခွဲခြားပြသ ညွှန်ကြားဖို့။ တတိယနဲ့ နောက်ဆုံးကတော့ လူတွေရဲ့ ဝိညာဥ်ကို ကယ်တင်ဖို့နဲ့ နိုင်ငံတော်ကို ကုစားဖို့ပါပဲလို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးမှာ စာပေအနုပညာက တာဝန်ရှိနေဦးမှာပါပဲ။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ပေါ့။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတာဝန်ပေါ့။ ကျနော် ယုံကြည်ရာကို ကဗျာလုပ်ခဲ့ပါတယ်။
"အောင်ဝေး ပါးရိုက်ခြင်း"
မိမိကိုယ်မိမိ သင်ကြားချက်။
တော်လှန်ရေး လုပ်တယ် ဆိုတာ
ကိုယ့်ပါးပေါ်က သူ့လက်ဝါးရာကို
သူ့ပါးပေါ်က
ကိုယ့်လက်ဝါးရာ ဖြစ်အောင် လုပ်တာပဲ။
သင့်ရဲ့ ဘယ်ဘက်ပါးကို ရိုက်ရင်
သူ့ရဲ့ ဘယ်ဘက်ပါးကို ပြန်ရိုက်ပါ
ပြီးရင်
သူ့ညာဘက်ပါးကို
လက်ပြန်ဆက်ရိုက်။
အဲဒါ
တိုက်ပွဲအနုပညာ။ ။
ချစ်လှစွာသော ရဲဘော်မြ။
Art of struggle အကြောင်း ပြောခဲ့ပါတယ်။ ကျနော်တို့ဟာ အဝေးရောက်နေကြတာ မဟုတ်ပါဘူး။ တတိယနိုင်ငံ ရောက်နေတာလည်း မဟုတ်ဘူး။
ဒုတိယနိုင်ငံ ရောက်နေတာလည်း မဟုတ်ဘူး။ လွတ်မြောက်နယ်မြေ ရောက်နေတာလည်း မဟုတ်ဘူး။ ကျနော်တို့ဟာ ပါရီကို ရောက်နေကြတာပါ။ ပါရီဟာ စာပေအနုပညာ၊ စာပေအနုပညာဟာ ပါရီ။
ကျနော်တို့ စာပေအနုပညာနယ်ထဲမှာပဲ ရှိနေတယ်ဆိုရင်၊ အဲဒါ ကျနော်တို့ ပါရီမှာ ရှိနေတာပါပဲ။ ပါရီဟာ အမြဲတမ်း ပါရီ မဟုတ်လား။
My dear comrade Mya,
Paris is always Paris!
ရဲဘော်အောင်ဝေး
စက်တင်ဘာ ၁၈၊ ၂၀၂၄
ရွှေဝါရောင်တော်လှန်ရေး(၁၇)နှစ်ပြည့်နေ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar