မြန်မာနိုင်ငံသား ဝင်ရောက်မှုများလာပြီးနောက် ဘန်ကောက် မြန်မာသံရုံးရှေ့ ထိုင်းနိုင်ငံသားအချို့ ဆန္ဒပြ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၃ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၄
မြန်မာနိုင်ငံသား ဝင်ရောက်မှုများလာပြီးနောက် ဘန်ကောက် မြန်မာသံရုံးရှေ့ ထိုင်းနိုင်ငံသားအချို့ ဆန္ဒပြ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့ ဆန္ဒပြတယ်လို့ ဆိုလိုက်ရင် မြန်မာနိုင်ငံသားတွေကသာ မြန်မာအစိုးရနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြကြတာ အများစုဖြစ်ပါတယ်။ ယခင် ၁၉၉၀ ကျော် ပြည့်နှစ်တွေကနေ ၂၀၁၀ ပြည့်နှစ်တွေအထိ မြန်မာသံရုံးရှေ့ ဆန္ဒပြကြတဲ့အခါ ထိုင်းရောက် မြန်မာတွေအရေး၊ မြန်မာ့ဒီမိုကရေစီအရေး၊ စစ်အစိုးရတွေရဲ့ ဖိနှိပ်မှု ဖမ်းဆီးမှု၊ ပြည်တွင်းစစ်ပွဲ ဆန့်ကျင်ရှုတ်ချမှုတွေလို အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားတွေ သို့မဟုတ် မြန်မာ့အရေးကို စာနာတဲ့ ထိုင်းကျောင်းသားအဖွဲ့အစည်းတွေ ၊ တက်ကြွလှုပ်ရှားသူတွေက မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ မှာ ဘန်ကောက်မြန်မာသံရုံးရှေ့ ဆန္ဒပြတာက ထူးခြားစွာ ထိုင်းနိုင်ငံသား အဖွဲ့အစည်းတချို့ က မြန်မာရွှေ့ပြောင်းအလုပ်သမား နဲ့ မြန်မာနိုင်ငံသားတွေ ပိုမိုဝင်ရောက်လာတဲ့အပေါ် ထိုင်းနိုင်ငံ အကျိုးစီးပွားထိခိုက်မှုတွေ ရှိနေတယ်လို့ ယူဆကာ မြန်မာနိုင်ငံအစိုးရကို သိစေလိုတဲ့ ရည်ရွယ်ချက်အပြင် ထိုင်းနိုင်ငံအစိုးရကိုလည်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေအရေး၊ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ပိုမိုတင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်လုပ်ဆောင်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ဆန္ဒပြတာလို့ ယူဆနိုင်ပါတယ်။
အခုလို ထိုင်းနိုင်ငံသားအချို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြခြင်းဟာ ရှားပါးတဲ့ ဖြစ်ရပ်တခုအနေနဲ့ ယူဆကြရတဲ့ အကြောင်းက ထိုင်းနိုင်ငံသားတွေက မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာခြင်းကို ဆန့်ကျင် ဆန္ဒပြမှုက စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ပထမဆုံးဖြစ်ပွားတဲ့ ဖြစ်ရပ်ဖြစ်တာကြောင့်ပါ။ စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းစစ်မီးကျယ်ပြန့်စွာ တောက်လောင်လာတာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာအပြင် ယခု နှစ်ဆန်းမှာ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်း မနေရ ဥပဒေတွေကြောင့် မြန်မာနိုင်ငံသားတွေ အများအပြား ထိုင်းနိုင်ငံဆီ နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာကြချိန်မှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ကျဆင်းချိန်နဲ့ တိုက်ဆိုင်ပြီး အခုလို မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာတာကို ဆန့်ကျင်တဲ့ အမြင်၊ ဆန္ဒပြမှုတွေ ပထမဆုံး ပေါ်ထွက်လာတဲ့ သဘောလို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။
ယခင်က ထိုင်းနိုင်ငံစီးပွားရေး ကောင်းမွန်နေချိန်မှာ လုပ်အားခ စျေးသက်သာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ထိုင်းနိုင်ငံစီးပွားရေးအတွက် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ အားသာချက် တခုအဖြစ် ရှုမြင်ခဲ့ကြပေမယ့် အခုလို ထိုင်းနိုင်ငံ အနေနဲ့ စီးပွားကျဆင်းနေချိန်လို ကာလမှာတော့ မြန်မာနိုင်ငံသားအချို့ ထိုင်းနိုင်ငံထဲ အွန်လိုင်းပေါ်မှာတဆင့် စျေးရောင်းတာ အချို့တားမြစ်ထားတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်ကြတာတွေက ဆန့်ကျင်မှုတွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။
အခု ဆန္ဒပြမှုကို ဘယ်အဖွဲ့အစည်းက စီစဥ်တာလဲဆိုတာ သတင်းဖော်ပြချက်တွေအရ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အချို့ သတင်းဖော်ပြချက်တွေအရတော့ ထိုင်းမျိုးချစ် နိုင်ငံရေး အင်အားစုတချို့က လုပ်ဆောင်တာလို့ ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစစ်၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ အဓမ္မ စစ်မှုထမ်းဆင့်ခေါ်မှုတွေက လူငယ်နဲ့ လူလတ်ပိုင်းတွေ အများအပြား ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ ပိုမိုတွန်းအားဖြစ်စေကာ အနီးဆုံးထွက်လို့ရတဲ့ နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံတနိုင်ငံတည်းသာ ရှိတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ မြန်မာနိုင်ငံသား တရားဝင် ၂ သန်းဝန်းကျင်နဲ့ တရားမဝင် နောက် ၂/၃ သန်းနီးပါးအထိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် ကျောင်းဗီဇာနဲ့ နေထိုင်ကြတာ၊ နိုင်ငံရေးအရ ဖမ်းဆီးခံရနိုင်တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူ၊ CDM ဝန်ထမ်း စတဲ့ သူတွေက ထိုင်းနိုင်ငံရဲ့ ဒေသအသီးသီးမှာ လုပ်ကိုင်နေထိုင်နေကြရတာ ဖြစ်ပါတယ်။
ခုအနေအထားအထိမှာ ထိုင်းလူထု အနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ် မလိုလားတဲ့ အမြင်၊ သဘောထား ကြီးကြီးမားမား မတွေ့ကြရပါဘူး။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ ထိုင်းနိုင်ငံသားတွေ အနေနဲ့လည်း မြန်မာနိုင်ငံသားတွေက ၄င်းတို့ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ လုပ်သားအင်အားကို ဖြည့်ဆည်းပေးနေတဲ့သူတွေအဖြစ် ရှုမြင်ကြတာပါ။ လုပ်ငန်းရှင် မဟုတ်တဲ့ သာမန်လူထုအနေနဲ့လည်း ယဥ်ကျေးမှုချင်း များစွာမကွဲပြားတဲ့ မြန်မာနိုင်ငံသားတွေအပေါ် မလိုလားတဲ့ အမြင်ရှိတာ သိပ်မတွေ့ကြရတဲ့ အနေအထားဖြစ်ပါတယ်။
ဒီဆန္ဒပြမှုက သာမန် ထိုင်းပြည်သူတွေရဲ့ အမြင်ဆိုတာထက် ထိုင်းနိုင်ငံရေးသမားအချို့က ထိုင်းနိုင်ငံ စီးပွားရေး ကျဆင်းမှုမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားခံရှာဖို့ လုပ်ဆောင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ထိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်နေရာ အများအပြား ရထားပေမယ့် အစိုးရဖွဲ့ခွင့် မရခဲ့တဲ့ MFP ပါတီလိုမျိုးက ကိုယ်စားလှယ်အများစုက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် စာနာကူညီလိုစိတ်ရှိပေမယ့် ထိုင်းအစိုးရအဖွဲ့ ၊ စစ်တပ်တို့ကတော့ ၄င်းတို့ရဲ့ အကျိုးစီးပွားနဲ့ စစ်တပ်ရဲ့ အာဏာ ဆက်လက်တည်တံ့ ခိုင်မြဲဖို့ကိုသာ ဦးတည်တာ တွေ့ရပါလိမ့်မယ်။
ထိုင်းနိုင်ငံရောက် မြန်မာလူမှု အသိုင်းအဝိုင်းကြားမှာတော့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခုလို အပြောင်းအလဲ ဖြစ်ပေါ်လာတာတွေကို သတိပြုဖို့ နှိုးဆော်လျှက်ရှိပြီး ထိုင်းဥပဒေနဲ့ တားမြစ်ထားတဲ့ အလုပ်အကိုင်အမျိုးအစားတွေကို မလုပ်ကိုင်ကြဖို့ ၊ ထိုင်းနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ပြီး ဝင်ငွေကောင်းတယ်ဆိုတာမျိုးတွေကို ဆိုရှယ်မီဒီယာမှာ မကြွားဝါကြဖို့ အချင်းချင်း သတိပေးနေကြတာ တွေ့ရပါတယ်။
ဒီလို ဆန္ဒပြမှု၊ တရားမဝင် ဝင်ရောက်မှုတွေကို ပိုမိုကြပ်မတ်ဖို့ လှုံ့ဆော်မှုတွေက ထိုင်းရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေကို အထောက်အထားမဲ့ မြန်မာတွေကို ပိုမိုဖမ်းဆီးအရေးယူဖို့ အားပေးအားမြှောက်သလို ဖြစ်စေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားအချင်းချင်း ထိုင်းရောက် မြန်မာအဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်ကြဖို့ အလုပ်အကိုင်အခွင့်အလမ်းတွက်ဖြစ်စေ၊ စစ်မှုထမ်းဆင့်ခေါ်ခံရမှုကြောင့်ဖြစ်စေ ရတဲ့နည်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာကြရသူတွေကိုလည်း တရားဝင်ဖြစ်အောင် လမ်းညွှန် ကူညီပေးကြဖို့ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်တဲ့ အချိန်အခါလည်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar