Breaking News

သီအိုဇော် - မိတ်အင်ချိုင်းနား နောက်ဆက်တွဲပြဿနာ

သီအိုဇော် - မိတ်အင်ချိုင်းနား နောက်ဆက်တွဲပြဿနာ

(မိုးမခ) စက်တင်ဘာ ၂၃ ၊ ၂၀၂၄


‘မိတ်အင်ချိုင်းနား’ ဆိုတဲ့ စာတန်း မြင်လိုက်ရတာနဲ့ သုံးစွဲသူတွေ စိတ်မဖြောင့်နိုင်ကြတာက ကမ္ဘာနဲ့အဝန်းလို့သာ ပြောကြရပါလိမ့်မယ်။ အလားတူပါပဲ၊ မြန်မာ့နိုင်ငံရေးမှာလည်း မိတ်အင်ချိုင်းနားပဲ ပြောပြော၊ တရုတ်နိုင်ငံရဲ့ ခြေရာ လက်ရာလို့ပဲ ဆိုဆို အဲဒီလိုမျိုး အရိပ်အယောင် တွေ့မြင်လိုက်ရရုံနဲ့ စိတ်ကသိကအောက်ဖြစ် ကျန်ရစ်ခဲ့ရတာပါ။

တရုတ်နိုင်ငံဘက်က တိုက်ရိုက်ထုတ်ပြန်ချက် ဒါမှမဟုတ် သွယ်ဝိုက် ပါဝင်ပတ်သက်တဲ့ ထုတ်ပြန်ချက်များ နောက်မှာ မေးခွန်းတွေ တသီတတန်း ကျန်ရစ်ခဲ့တတ်ပါတယ်။ လတ်တလော လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ရတဲ့ MNDAA  ထုတ်ပြန်ချက်ကို ပြန်ကြည့်လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး မစိုးရိမ်ရဘူးလို့ မဆိုနိုင်ပေမယ့်၊ အစိုးရိမ် ပိုမှုတွေ မဖြစ်စေဖို့အတွက် ရည်ရွယ်ပါတယ်။

ဒီကြေညာချက်မှာ အဓိကလို့ ဆိုနိုင်တဲ့ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှု မလုပ်ပါဘူး ဆိုတဲ့ စာသားကို ဖယ်ထုတ်လိုက်ရုံနဲ့ ဒီထုတ်ပြန်ချက်အပေါ်  စိုးရိမ်မှုတွေ အခုလောက် မရှိနိုင်တာကို သတိထားမိကြပါလိမ့်မယ်။ ၁၀၂၇ စတာနဲ့ လူထုဆက်ဆံရေး ကမ်ပိန်းတွေကို ပါးပါးနပ်နပ် ဆောင်ရွက်လာနိုင်ခဲ့တဲ့ MNDAA အနေနဲ့၊ NUG ကို အမည်တပ် ပေါ်ပေါ်ထင်ထင် ရည်ညွှန်းလာရတဲ့ပုံ တွေ့ရုံနဲ့တင်၊ ဘယ်သူက မဖြစ်မနေ သုံးစေချင်တဲ့ စကားလည်း ဆိုတာ သိသာပါတယ်။ သူ့စိတ်သူ့ကိုယ်နဲ့ နောက်ချန်နေခဲ့ချင်တယ် ဆိုရင်တောင်မှ MNDAA ပီအာရ်ကမ်ပိန်းသမားတွေက ဒီထက်ပို လိမ္မာပါးနပ်တဲ့ စကားလုံးတွေနဲ့ ဆောင်ရွက်ပေးနိုင်မှာပါ။ 

အခုတော့ MNDAA ထုတ်ပြန်ချက်ကို မြင်လိုက်ရတာနဲ့တင်၊ ပါးစပ်အငှားနဲ့ ပြောပေးလိုက်ရတာတွေကို အလွယ်တကူ မှန်းဆကြည့်နိုင်ပါတယ်။ သူတို့အတွက် လွန်ဆန်ဖို့ခက်တဲ့ ဖိအားကိုလည်း အားလုံး ရိပ်စားမိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထည့်ပြောလာပြီ ဆိုတော့၊ ဒီစာကြောင်းရဲ့ အရေးပါမှုကို လျစ်လျူရှုလို့ မရတော့ပါဘူး။ စုံတွဲတတွဲ ကွဲကြ ပြုကြပြီ ဆိုတာနဲ့ သက်ရောက်မှု အတိမ်အနက်ချင်း မတူနိုင်ပါဘူး။ အိမ်ထောင်ဖက်လား၊ သမီးရည်းစားလား၊ ဒိတ်လုပ်နေတဲ့ အတွဲသာသာလားကစပြီး အကဲခတ်ကြရမှာပါ။

NUG နဲ့ MNDAA ကြား ဘယ်လို တွဲနေသလဲ ဆိုတာက၊ အပြင်ကနေ ကြည့်လို့ရသလောက်တော့ NUG နဲ့ တချို့ ERO အတွဲတွေလိုတောင် နက်နက်ရှိုင်းရှိုင်း ရှိမနေဘူးလို့ပဲ မှန်းဆကြည့်ရမှာပါ။ မိတ်ဘက်ဆက်ဆံရေး ရှိသင့်သလောက် ရှိမယ်၊ ဒါပေမဲ့ အတွင်းကျကျ မဟာဗျူဟာမြောက် ဆက်ဆံရေးတော့ မရှိခဲ့လောက်ဘူးလို့ပဲ ကောက်ချက်ချရမယ် ထင်ပါတယ်။ ကာယကံရှင်များကတော့ ပိုအသိဆုံး ဖြစ်မှာပါ။ ဒီစာသားကို ပေါ့ပေါ့လေး မတွေးချင်ပေမယ့်၊ စုတ်တသပ်သပ် ဖြစ်ရလောက်တဲ့ အနေအထားလို့လည်း မယူဆမိပါဘူး။

ဒီနေရာမှာ တဆင့်တက် စဉ်းစားရမှာက NUG နဲ့ မပူးပေါင်းဘူး ဆိုတာက တပိုင်း၊ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်း လုပ်ဆောင်နေသူများနဲ့ တွဲလုပ်မယ့် အလားအလာကိုလည်း ငြင်းဆိုမထားတဲ့ ကြေညာချက်လို့လည်း အဓိပ္ပာယ် ကောက်ယူနိုင်ပါတယ်။ ကြားခံအဖွဲ့များကတဆင့် လက်တလုံးခြား ပူးပေါင်းဆောက်ရွက်နိုင်မှု ဆိုတာကလည်း အရေးကြီးသလို၊ အလုပ်လည်း တကယ်ဖြစ်ကြတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ ဒီအတွက် NUG စကားလုံးပါလာမှုကို အတိုင်းအတာတခု အထိလောက်သာပဲ စိုးရိမ်သင့်တယ်လို့ ယူဆပါတယ်။

စစ်ရေးအစီအမံတွေနဲ့ ပတ်သက်ပြီးလည်း၊ ဂငယ်ကွေ့ နောက်ပြန်ဆုတ်သွားတယ်လို့တော့ တထစ်ချ ပြောလို့ရမယ် မထင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ NUG ကာကွယ်ရေးဝန်ကြီး ပြောကြားချက်အရ ’ပြည်နယ်တွေ လွတ်မြောက်ဖို့အတွက် သက်ဆိုင်ရာ EROတွေက အဓိကတာဝန်ယူကြမယ်၊ ပြည်မဒေသတွေ လွတ်မြောက်ဖို့အတွက်တော့ NUG ပီဒီအက်ဖ်များက အဓိက တာဝန်ယူကြမယ်’ဆိုပြီး ရှိထားတဲ့ သဘောတူညီချက်ကို ရှင်းပြထားတဲ့အတွက် ဖြစ်ပါတယ်။ 

တဖက်က ထပ်စဉ်းစားကြည့်ရင်လည်း မန္တလေးလို ယဉ်ကျေးမှုမြို့တော်ကို မြန်မာစကားမပြောတဲ့ တပ်ဖွဲ့တွေ ဝင်ရောက် သိမ်းပိုက်ခဲ့မယ်ဆိုရင်၊ စစ်ကောင်စီဘက်က သပ်လျှိုသွေးခွဲ အကွက်ဆင် ချောက်ချမှုထဲ ရောက်သွားနိုင်တယ် ဆိုတာကိုလည်း တွက်ဆကြည့်လို့ ရပါတယ်။ ဒီလိုအချက်တွေကြောင့် စစ်ဆင်ရေး ထပ်တိုးချဲ့လာမှာ မဟုတ်ဘူး ဆိုတဲ့အချက်က သဘာဝကျသလို၊ လက်တွေ့ကျတယ်လို့လည်း ပြောနိုင်ပါတယ်။ လားရှိုး အပါအဝင် သိမ်းထားတဲ့ ရမခနယ်မြေတွေနဲ့ ပတ်သက်ပြီး ဘာဆက်ဖြစ်ဦးမလဲ ဆိုတာကိုတော့၊ သတိနဲ့ ဆက်စောင့်ကြည့်ရပါလိမ့်မယ်။

တကယ်တမ်းကတော့ ဒီစက်တင်ဘာ ၁၈ ရက်မှာ ပြန်မြင်ရတဲ့ စက်တင်ဘာ ၄ ရက် နေ့စွဲထုတ်ပြန်ချက်မှာမှ မ ဟုတ်ပါဘူး။ ဇူလိုင်လ ၁၄ရက်နေ့က MNDAA စစ်ကော်မရှင်ရဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးအတွက် လေးရက်ကြာထိုးစစ် ယာယီရပ်နားမှာတို့၊ ဇူလိုင် ၃၀ နေ့စွဲထုတ် MNDAA စစ်ဒေသမှူးများကို လိပ်မူတဲ့ စာအပိုဒ် (၃) ပါ ‘တရုတ်နိုင်ငံသားများ’ကို အတတ်နိုင်ဆုံး ကူညီကြဖို့ ဆိုတဲ့ ရှင်းရှင်းလင်းလင်း အမည်တပ် ပြောဆိုထားမှုတို့ကို အကဲခတ်ကြည့်ရုံနဲ့ပဲ၊ အနှေးနဲ့ အမြန် တရုတ်ဇာတ်ညွှန်းအတိုင်း ကပြလာဖွယ်ရာ ရှိတဲ့သူတွေလို့ပဲ မှန်းဆခဲ့ကြမှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် NUGနဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝပြုလုပ်မှာ မဟုတ်ဆိုတာအပြင်၊ တော်လှန်ရေးအစုအဖွဲ့များ ကိုင်စွဲထားတဲ့ ‘ဖက်ဒရယ်’ စကားလုံး ရှာမရတဲ့ ဒီလိုကြေညာချက်မျိုး အစကတည်းက ထွက်မလာခဲ့ရင်တော့ ပိုကောင်းတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ 

ဟောင်ကောင်၊ မကာအို၊ တိဘက်၊ ရှင်းကျန်း (Xiajiang) တို့လို သိမ်မွေ့စွာ ကိုင်တွယ်နေရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေရှိတဲ့ တရုတ်နိုင်ငံအနေနဲ့၊ သူ့အိမ်နီးချင်းနိုင်ငံဘက်ဆီက ဖက်ဒရယ်စကားလုံးကို အလားဂျစ် ဖြစ်ကောင်းလည်း ဖြစ်နေနိုင်ပါတယ်။

ထပ်ဖြည့်တွေးချင်တဲ့ တချက်ရှိပါသေးတယ်။ အားလုံးလက်ခံထားကြတဲ့ တရုတ်နိုင်ငံအတွက် အဓိကလို့ ပြောရမယ့် အကျိုးစီးပွါး အခြေပြု ရင်းနှီး မြှုပ်နှံမှုကဏ္ဍနဲ့ သက်ဆိုင်ပါတယ်။ ခါးပတ်လမ်း(BRI)လို ရှီကျင့်ဖျင် မှတ်တိုင် စိုက်ထူထားခဲ့ချင်တဲ့ ထိပ်တန်းဦးစားပေးစီမံကိန်းတွေ မြန်မာနိုင်ငံဘက်ခြမ်းမှာ လွယ်ကူမြန်ဆန်စွာ အကောင်အထည်ဖော်ချင်နေတာကလည်း တချက်ဖြစ်နိုင်ပါတယ်။

တကယ်လို့ ဖက်ဒရယ်ပြည်ထောင်စုပဲ ဖြစ်ဖြစ်၊ ကွန်ဖက်ဒရိတ်တွေပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ တွေ့မြင်လာရရင်၊ ရင်းနှီးမြှုပ်နှံမှုအဆင့်တွေက ပြည်ထောင်စုအစိုးရ တခုတည်းနဲ့ မပြီးပြတ်တာတွေ ကြုံလာရနိုင်ပါတယ်။ ဒါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင်၊ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွေ ဖွင့်ဆိုမှုပေါ်မှာ  မူတည်ပါတယ်။

ဖက်ဒရယ်နိုင်ငံ ဖြစ်တဲ့ ဩစတြေးလျမှာ ဖြစ်ပျက်ခဲ့တဲ့ ဥပမာတခုကို ညွှန်းလိုပါတယ်။ ၂၀၁၅ ခုနှစ်က မြောက်ပိုင်း နယ်မြေဒေသ (Northern Territory) ရဲ့ မြို့တော် ဒါဝင်ဆိပ်ကမ်းကို တရုတ်ကုမ္ပဏီတခုကို ၉၉ နှစ်ကြာ ငှားရမ်းခဲ့တဲ့ ကိစ္စပါ။ ‘ဒါဝင်’တဝိုက်မှာ အမေရိကန် မရင်းတပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတွေ ရှိလို့ သမ္မတအိုဘားမားက အဲဒီအချိန်က ဩစတြေးလျဝန်ကြီးချုပ်ကို နောက်တခါ ဒီလိုကိစ္စမျိုးကြုံခဲ့ရင် ကြိုအသိပေးဖို့ ပြောခဲ့တာ ရှိပါတယ်။ 

ဒီလိုဗျူဟာမြောက်နေရာ တရုတ်ကုမ္ပဏီလက်ထဲ ရောက်သွားမှုကို ဩစတြေးလျ ဖက်ဒရယ်ဗဟိုအစိုးရက ဝင်ရောက်စွက်ဖက်လို့ မရဘူးလို့ နောက်ပိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ စကော့မော်ရစ်ဆင်က ဖြေရှင်းခဲ့ဖူးပါတယ်။ Northern Territory အစိုးရကသာ စီမံဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာ ရှိတယ်လို့ ရည်ညွှန်းတာပါ။ လက်ရှိ ဩစတြေးလျအစိုးရ အပါအဝင် အစိုးရနှစ်ဆက်က ပြန်ဆန်းစစ်တဲ့ အစီရင်ခံစာတွေ ပြုလုပ်ခဲ့ရတာကိုက၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ကျန်ရှိနေတာကို တွက်ဆလို့ ရပါတယ်။

ဆိုလိုချင်တာက ဖက်ဒရယ်နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ သယံဇာတခွဲဝေမှု ဥပဒေ၊ ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အစရှိတဲ့ ပြဋ္ဌာန်းထားမှုများပေါ် မူတည်ပြီး၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများအကြား လုပ်ပိုင်ခွင့်တွေ ခွဲဝေထားကြမှု အကန့်အသတ် ရှိလာနိုင်တာကိုပါ။ ပြည်ထောင်စုအစိုးရတခုတည်းနဲ့ သဘောတူပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ မဖြစ်နိုင်တဲ့ ပရောဂျက်တွေလည်း ဖက်ဒရယ်နိုင်ငံ‌တွေမှာ ရှိလာနိုင်ပါတယ်။

ဒါ့ကြောင့် BRI လို စီမံကိန်းမျိုးအပါအဝင် တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် မဖြစ်မနေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ချင်နေတဲ့ တရုတ်နိုင်ငံအတွက်၊ ရှင်းလင်းပြတ်သားစွာ မသိနိုင်သေးတာ၊ အတည်ဖြစ်လာဖို့ အလှမ်းဝေးနေသေးတာတွေကို ဆက်မစောင့်ချင်တဲ့ သဘောကိုလည်း တစိတ်တပိုင်း မြင်ရပါတယ်။ 

အိုင်စီစီ (ICC) ဖမ်းဝရမ်းထုတ်ထားတဲ့ ‘ပူတင်’၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချ အရေးယူထားတဲ့ မြောက်ကိုရီးယားတို့နဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ဆက်လက်ထားရှိတဲ့ တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာလည်း သူ့ကိုယ်ကျိုးစီးပွားကိုပဲ ဆက်ရှေ့တန်းတင်နေဦးမှာပါ။ တချိန်တည်းမှာပဲ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ဆုံးဖြတ်ချက်ချနိုင်သူတွေရဲ့  ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ရှင်းလင်းပြတ်သားတဲ့ သဘောထားတွေကို နားစွင့်ချိန်ထိုးနေပါလိမ့်မယ်။

ဒီလိုဆိုရင် တရုတ်နိုင်ငံဘက်က စစ်ကောင်စီဘက် ဦးတည်နေတဲ့ ခြေလှမ်းတွေ ရပ်တန့်သွားအောင်၊ လုပ်နိုင်သူတွေ မရှိတော့ဘူးလား ဆိုရင်တော့၊ ရှီကျင့်ဖျင် ကိုယ်တိုင် ကိုးကားသုံးစွဲတဲ့ အဆိုအမိန့်ကနေတဆင့် ဖြေရပါလိမ့်မယ်။

‘ဉာဏ်ပညာပြည့်စုံတဲ့သူဟာ အခြေအနေပြောင်းတဲ့အခါ သူက လိုက်ပြောင်းတယ်၊ ဗဟုသုတ ပြည့်စုံတဲ့သူဟာ အချိန်ပြောင်းလဲသလို သူ့ရဲ့နည်းလမ်းကို ပြောင်းလဲတယ်’

တရုတ်နိုင်ငံအနေနဲ့ အကျိုးစီးပွားအတွက်ဆိုရင် တရားသေ ကိုင်စွဲမထားဘူးလို့၊ ရှီကျင့်ဖျင် သဘောကျတဲ့ အထက်က အဆိုအမိန့်အရ ကောက်ချက်ချရပါလိမ့်မယ်။ ရပ်တည်ချက် ရုပ်ခြည်းဆန့်ကျင်ဘက်ကို ပြောင်းသွားဖို့၊ သူတို့ စောင့်ကြည့်နေတဲ့ အခြေအနေကို ပြောင်းအောင်လုပ်နိုင်ဖို့ပဲ လိုအပ်ပါတယ်။

နွေဦးတော်လှန်ရေး ဒီကနေ့ဒီအချိန်လို ဖြစ်လာခဲ့တာဟာ အစကတည်းက ၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲကို တွန်းအားပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှု မပါပါဘူး။ အခုလည်း ပြည်သူ့အားနဲ့ပဲ မဆုတ်မနစ် ညီညီညွတ်ညွတ် ဆက်ရုန်းကြရင်ဖြင့် တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်မပြုလို့မရတဲ့ အနေအထားကို ရောက်လာပါလိမ့်မယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံ ရပ်တည်ချက်ကို ပြောင်းလဲလာအောင် အနောက်အုပ်စုလည်း မလုပ်နိုင်ဘူး၊ ကုလသမဂ္ဂ၊ အာဆီယံ၊ အီးယူတို့ကလည်း လုပ်နိုင်မှာ မဟုတ်ဘဲ၊ ဒါဟာ တော်လှန်ပြည်သူများ၊ တော်လှန်ရေးအစုအဖွဲ့များရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ အဲဒီအပြောင်းအလဲကို ကိုယ်တိုင်ပဲ လုပ်ယူကြရပါလိမ့်မယ်။

မျက်နှာပြောင်တယ်ပဲ ပြောပြော၊ အဲဒီအချိန်ကျရင် ပြည်သူတွေကို ဆွေမျိုးပေါက်ဖော်လို့ ပြုံးပြုံးကြီး လာခေါ်ဦးမှာပါ။ အိမ်နီးချင်းနိုင်ငံ ဆိုတာ ကိုယ်က ရွေးချယ်လို့ မရပေမယ့်၊ ကိုယ့်အပေါ် ဘယ်လိုပုံစံနဲ့ ဆက်ဆံစေချင်သလဲ ဆိုတာကိုတော့၊ ပြည်သူ့အားနဲ့  သဘောထားပြနိုင်ကြောင်း စွဲစွဲမြဲမြဲ ယုံကြည်ထားကြရပါမယ်။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar