မောင်ဘဦး - "ကာလ'ဒါနာ' - 'ကာလာ'ဒါန"
မောင်ဘဦး - "ကာလ'ဒါနာ' - 'ကာလာ'ဒါန"
(မိုးမခ) စက်တင်ဘာ ၂၆ ၊ ၂၀၂၄
(၁)
ဈေးသစ်တိုက်တန်း တေးသံလွှမ်း၊
သောက်ရမ်းရင်နာ တိုင်းမြို့မှာ၊
တေးသံလွှမ်းကာ အပြိုင်အဆိုင်ပါအေ့။
ဆောင်းဘောက်စပီကာ ညံပါသလေလေ့။
ကယ်ဆယ်ရေဘေး ကူညီရေး၊
အပြေးလေးသွား ထည့်ဦးမလား၊
အဆိုအကတွေက မြိုင်ပါသလေလေ့။
ဈေးပိတ်ချိန်မှာ သိမ်းမှာတော်ရေ့။
(၂)
ရွာတွေမီးရှို့ တိတ်ဆိတ်လို့၊
လက်တို့ပြောကြရ အညာမြို့မှာ၊
တိတ်တိတ် လာလည်ကြပါ အေအေ့။
ကြောက်တတ်ဝန်ကင်း - တာဝန်ကင်း သလေလေ့။
ပြေးလာလိုက်ကြ ဘုန်းကြီးကျောင်းဝ၊
ဒုက္ခသည်များ ပြည့်လျှံကာ၊
အိမ်ခန်းငှားရာ ဈေးမသက်သာ လေ့။
ပြည်တော်သာရပ်ထဲ စနည်းနာချေဟေ့။
တက္ကသိုလ်ကျောင်းနား အဆောင်းငှား၊
တစ်ခန်း တအိမ်ထောင် မကြပ်ပေါင်၊
ခွေးကောင်နဲ့ နီး စိုရိမ်ကြီးသလေလေ့။
ဧည့်စာရင်းဝင်စစ် ရစ်ပါသလေလေ့။
(၃)
လက်သမားပစ္စည်း မီးထဲအကုန်ပါ၊
နေ့တွက်ခ,လေး ရရေးကိုရှာ၊
တူလေး လွှလေး ဆောက်လေး ဝယ်၍။
ဈေးနှုန်းတွေမှာ တာဝတိံသာဟေ့။
ပန်းရန်လုပ်လေး သွင်းပေးကြပါ၊
'သံလက်'တစ်ချောင်း ရအောင်အရင်ရှာ၊
မရရင်ကွာ ဖျော်စက်နား လာဟေ့။
ကန်ထရိုက်တာ မငြိုငြင် ပါစေနဲ့လေ့။
(၄)
'သံလက်'ဝယ်သွား ဈေးနားရောက်လာ၊
ဆူညံအုန်းထ ဘာတုန်းဟ ကြည့်ရာ၊
အော်ကြ ဟစ်ကြ မြူးကြွကြ ဟေ့။
'ကာလဒါနာ' - 'ကာလာဒါန' အေ့။
(၅)
အဝေး မမှုန်- အနီး မှုန်၊
ကုံလုံကြွယ်ဝ တိုင်းဌာန၊
ရပ်ကြီးသူတို့ ဒါနလား လေ့။
လှူတတ်ပေးတတ် ကြပါစေ ဟေ့။
ရွှေရင်ရယ်နာ ရွှေညာမှာ အေ့။
(မောင်ဘဦး၊ ၈၆၊ လင်းကျော် ၇)