Breaking News

စစ်ဘေး၊ ရေဘေး၊ အငတ်ဘေး နဲ့ နိုင်ငံရေးဘေး

⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၅ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ 


စစ်ဘေး၊ ရေဘေး၊ အငတ်ဘေး နဲ့  နိုင်ငံရေးဘေး 

ပထမဦးဆုံး ကောက်နုတ်ချင်တဲ့ သတင်းကတော့ ရေဘေးပြင်းထန်စွာ ခံစားနေရတဲ့ မြန်မာပြည်မှာ အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲတခု လုပ်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့အကြောင်းပါပဲ။

ဒါကြောင့်မို့  စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက် သူများကို စစ်ကောင်စီ တပ်ဖွဲ့နှင့် တန်းတူသတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ CDF ဟားခါး၊ မင်းတုန်းမြိုနယ် ပကဖ ပွင့်ဖြူမြို့နယ် ပကဖ တို့က သတိပေး ထုတ်ပြန်ထားတဲ့အကြောင်း သတင်းများမှာ ဖတ်ရပါတယ်။ သတင်းတွေထဲမှာ -  စက်တင်ဘာလ ၂၃ ရက်တွင် စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နည်း သင်တန်းပေးမယ်လို့ သိရပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူမယ့် သူများအား စစ်ကောင်စီ တပ်ဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီး ပစ်သတ်သွားမှာ ဖြစ်တယ်လို့ CDF - ဟားခါး က ဆိုပါတယ်။

မြန်မာပြည်တွင်းက ရေဘေးသင့်နေသူတွေ အိုးအိမ်မဲ့ရသူတွေ၊ စစ်ဘေးပေါ် ရေဘေးထပ်ဆင့်ပြီး ဒုက္ခပင်လယ်ဝေနေသူတွေအပေါ်မှာ စစ်ကောင်စီက အခုလို ဖိနှိပ်ခြယ်လှယ်နေတာကို နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေက စစ်ရေးနည်းနဲ့ တုံ့ပြန်ဖို့ တဘက်က ကြိုးစားနေကြသလို၊ အကြမ်းဖက်စစ်ကောင်စီကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေ နယ်မြေစိုးမိုးခွင့် အုပ်ချုပ်ခွင့် လုံး၀မရစေရဆိုတဲ့ မူနဲ့ လေကြောင်းနဲ့ လက်နက်ကြီးများ အစွမ်းကုန်သုံးပြီး အရပ်ဘက်ဒေသတွေက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်နေတာလည်း နေ့စဉ်နဲ့ အမျှ ဖြစ်ပါတယ်။

ဒါ့အပြင် ရေဘေးသင့်ဒေသတွေကိုပါ အကူအညီဖြတ်တောက်ထားတဲ့ စစ်ရာဇဝတ်မျိုးအထိ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေတာမျိုးတွေကို သတင်းတွေမှာ တွေ့ရှိနေရပါတယ်။ သာဓကတခုအနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဲသည်အချက်အလက်ကို မှတ်တမ်းတင် ထုတ်ပြန်ထားတာကို တွေ့နိုင်ပါတယ်။

အကြမ်းဖက်စစ်တပ်သည် ရေဘေးဒဏ်သင့် ပြည်သူများထံသို့ ပို့ဆောင်မည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်း စသည့် ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို  ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားတွင် ဒေသခံပြည်သူသိန်းချီ ရေဘေးဒဏ် ကြုံတွေ့ ခံစားနေရပြီး၊ သေဆုံးနှင့် ပျောက်ဆုံး လူဦးရေ ၁,၀၀၀ ကျော်ထိ ရှိလာပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ တပ်ရင်းစစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များသည် မိမိတို့ စိုးမိုး ထိန်းချုပ်နယ်မြေများအတွင်းရှိ ရေဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ငွေသား၊ ရိက္ခာခြောက်များ ပေးပို့နေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

မြန်မာပြည်တွင်းက ပြည်သူတွေထဲက တော်လှန်ပြည်သူတွေ၏ သဘောထားကတော့ အကြမ်းဖက် စစ်ကောင်စီနဲ့ အပေါင်းအပါနောက်လိုက်တွေ၏ ရက်စက်ကြမ်းကြုတ်မှုတွေ အကြမ်းဖက်သတ်ဖြတ်မှုတွေဟာ လူသားတဦး၏ အသိဉာဏ်နဲ့ ယှဉ်ပြီး တွေးကြည့်လို့မရအောင် ဆိုးဝါးနိမ့်ကျလှတဲ့အကြောင်း၊ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ အမှန်ပဲ ဖြစ်ကြောင်း ကိုယ်တွေ့ကြုံနေရတဲ့ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခတွေ သက်သေထားပြီး ပြောဆိုကြတာ ဖြစ်ပါတယ်။ ပြင်ပက ပြည်ပအစိုးရ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက ကိုယ်ချင်းစာပြီး တွေးပါ၊ လုပ်ကိုင်ပါ၊ လူသားချင်းစာနာပါလို့ ပြောတာမျိုးဟာ သူတို့ အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ်စိတ် ၂ ပါးလုံးကို ထိရောက်အောင်၊ နားလည်အောင် ပြောဆိုနိုင်မှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ သူတို့ မနာမချင်း၊ မထိခိုက်မနစ်နာမချင်း၊ သူတို့ အသက်အိုးအိမ် မထိခိုက်မချင်း သူတို့ဟာ မြန်မာပြည်သူတွေကို စာနာဖို့ အသိဉာဏ်မရှိလောက်အောင် ခေါင်းပါး ခန်းခြောက်နေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ထောင်ထဲက လူတွေ လမ်းပေါ်ကလူတွေ အိမ်ထဲက လူတွေကို ရက်ရက်စက်စက် ခေါ်ထုတ် သတ်ဖြတ် အဆုံးစီရင်တာတွေကို ဖြစ်နိုင်ပါ့မလားလို့ သံသယမေးခွန်းထုတ်နေကြတာမျိုး လုပ်နေစရာမလိုဘူးလို့ ထောက်ပြကြပါတယ်။

လူသားချင်းစာနာထောက်ထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရ၏ အဖွဲ့များ၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ ဒေသခံတိုက်ပွဲဝင် လူမှုအဖွဲ့အစည်းများကနေတဆင့် တိုက်ရိုက် ကူညီ ထောက်ပို့မှုတွေ လုပ်ဆောင်နေကြတာကို သတင်းတွေထဲမှာ အဆက်မပြတ် တွေ့နေရမို့ ပြည်သူတွေဘက်က အားတင်းစရာ၊ အားတက်စရာ ဆက်လက်ဖြစ်နေရတာပါ။ စီဒီအမ် နက်ဝပ်တွေက ကျန်းမာရေးဝန်ထမ်းတွေ၊ ကယ်ဆယ်ရေး ကူညီရေး ဝန်ထမ်းတွေကလည်း ယခု သဘာ၀ဘေးဒဏ်ကာလမှာ အားကိုးစရာ အင်အားတခုအဖြစ်လို မြင်တွေ့ကြရပါတယ်။ ဘဏ္ဍာရေးကွန်ယက်မှာ ယခင်တုန်းကလို အကြမ်းဖက်စစ်ကောင်စီ လက်ခုပ်ထဲက ကေပေးတွေလိုမျိုး ဘဏ်စနစ်တွေကို အားကိုးရမယ့်အစား  NUG ၏ ဘဏ္ဍာရေးဝန်ကြီးဌာနက စီမံပေးထားတဲ့ NUG Pay နဲ့ SDB banking ကနေ ပြည်သူတွေက ကူညီမှုတွေ အများအပြားလုပ်ကိုင်နိုင်ကြတာကလည်း ထူးခြားမှု တိုးတက်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ NUG Pay နဲ့ SDB Bankingကနေ အလှူငွေတွေ စီးဆင်းရာမှာ NUG အစိုးရထံတင်သာမက မြေပြင်က အဖွဲ့အစည်းတွေဆီ လူပုဂ္ဂိုလ်တွေဆီကိုပါ တိုက်ရိုက်ပေးပို့နိုင်တာကို တွေ့နေရပါတယ်။ ကေပေးနဲ့ မပို့နဲ့ NUGPay နဲ့ SDB နဲ့ ပို့လို့ရတယ် ဆိုတာမျိုး အသံတွေ ကြားလာရတာကို မှတ်တမ်းတင်ထားရပါမယ်။

ယခင်တုန်းတော့ အလှူရှင်တွေက နာမည်ကြီးတဲ့ ပရဟိတအဖွဲ့အစည်းကြီးတွေ၊ ဘာသာရေးအဖွဲ့အစည်းကြီးတွေကို မျက်စိမှိတ် လှူကြတာမျိုးထက် နွေဦးတော်လှန်ရေးကာလမှာ ထောက်ပို့ကူညီသူတွေ အလှူရှင်တွေကိုယ်တိုင်က နယ်စုံ ထောင့်စုံ အလွှာစုံ မြေပြင်ပေါ်ရှိ အဖွဲ့တွေ အရပ်သားတွေဆီ တိုက်ရိုက်ရောက်ဖို့ အကူအညီ ထိရောက်စေဖို့ accountability & responsibility ရှိအောင် လုပ်ဆောင်လာကြတာကိုလည်း တွေ့ကြရပါတယ်။  အလှူရှင်တွေက မြေပြင်က အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်နေတဲ့ ဒေသတွေ ပြည်သူတွေဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင် ကြိုးစားလာကြတာအပြင် ငွေသားလှူသူတွေကိုယ်တိုင်ကလည်း နွေဦးတော်လှန်ရေး၏ ထောက်ပို့အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး လိုအပ်တဲ့နေရာတွေ ဘယ်လိုကူညီရောက်ရှိနေသလဲ ဆိုတာကို follow up စုံစမ်းကြတာမျိုးကလည်း စိတ်ဝင်စားစရာ ဖြစ်တယ်လို့ ဆိုရပါမယ်။

အကြမ်းဖက်စစ်ကောင်စီကို အမှီပြုပြီး နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းကြီးတွေက ရေဘေးသင့်တဲ့ဒေသတွေကို ကူနေ လှူနေကြတဲ့ သတင်းတွေကို တွေ့နေကြရပေမယ့် ပရိသတ်ကတော့ သံသယထားပြီး စောင့်ကြည့် မေးခွန်းထုတ်တာ တွေ့ရတဲ့အပြင် တရုတ်နိုင်ငံနဲ့တကွ အရှေ့အနောက် အစိုးရတွေ အုပ်စုတွေအပေါ်မှာ အယုံအကြည်ထားမှု၊ မျှော်လင့်ချက် ားမှုကလည်း ယခင်တုန်းကထက် လျော့ပါးလာနေတာကို ယခု စစ်ဘေးပေါ်ဆင့်တဲ့ ရေဘေးအခြေအနေပေါ်မှာ မူတည်ပြီး ခန့်မှန်းလို့ ရပါတယ်။

ယခုရာသီက ကုလသမဂ္ဂအထွေထွေညီလာခံ ကမ္ဘာနိုင်ငံရေးပြဇာတ်ခုံပေါ် တက်ရတဲ့ နိုင်ငံရေးရာသီချိန် ဖြစ်တာမို့  မြန်မာ့အရေးလှုံ့ဆော်သူတွေ၊  ကမ္ဘာအရေးလှုံ့ဆော်သူတွေ မျက်နာရတဲ့အချိန်လို့ ပြောနိုင်ပါတယ်။ အမေရိကန်ပြည်က ဝါရှင်တန်နဲ့ နယူးယောက်မှာ နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ လှုံ့ဆော်သူတွေ ခြေချင်းလိမ်ကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ တနှစ်လုံး ငြိမ်သက်ချင် ငြိမ်နေပေမယ့် မြန်မာ့အရေးကို အရေးတယူပြောမယ့်သူတွေ မိုက်ခရိုဖုန်းရှေ့ ရောက်လာတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ 

အဓိက ပြည်ပရောက် မြန်မာပြည်တွေအားလုံး၏ အဓိကအာရုံက သူတို့၏ အသံ၊ သူတို့၏ ကိုယ်စားပြုသူ ကုလကိုယ်စားလှယ်ကြီး ဦးကျော်မိုးထွန်းကို ကုလမှာ ဆက်လက် နေရာယူခွင့် ဆက်ရှိနေရေးနဲ့ နွေဦးတော်လှန်ရေးကို ကိုယ်စားပြုနေခွင့် ဆက်လက်ရနေရေးပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဘေး၊ နိုင်ငံရေးကပ်ဆိုက်နေတယ်ဆိုတာ ကုလအထွေထွေညီလာခံဇာတ်ခုံကို ပဲ ညွှန်းချင်တာပါ။ ပြည်တွင်းက နိုင်ငံရေးဘေးကို ပြည်တွင်းအင်အားနဲ့ အပြတ်သားဆုံး ဖြေရှင်းနိုင်ကြဖို့သာ ပြည်သူတွေမှာ အခွင့်အလမ်းရှိပါတယ်။ ပြည်ပက မြန်မာ၏ နိုင်ငံရေးဘေးကတော့ ကုလအထွေထွေညီလာခံမှာ ယခင်တုန်းကလို ဆက်ပြီးတော့ စိုးရိမ်နေတုန်းပဲ၊ ဝမ်းနည်းနေတုန်းပဲ၊ အလွန်အမင်း ကန့်ကွက်ရှုတ်ချနေတုန်းပဲ အဆင့်ကနေ လျော့မသွားရင်ဘဲ ဘေးမရောက်သွားရင်ပဲ တော်လှပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ အခြား ကမ္ဘာနိုင်ငံရေးဘေးတွေ ဖိစီးလွန်းလှတာမို့ မြန်မာ့အရေးက အရေးမပါတော့မှာကိုသာ မြန်မာတွေအနေနဲ့ စိုးရိမ်မိတာပဲ ဖြစ်ပါတော့တယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar