ကိုအောင်မှိုင်း - စူပါပါဝါများနဲ့ မြန်မာနိုင်ငံအရေး
ကိုအောင်မှိုင်း - စူပါပါဝါများနဲ့ မြန်မာနိုင်ငံအရေး
(မိုးမခ) စက်တင်ဘာ ၂၇ ၊ ၂၀၂၄
ကနေ့ကမ္ဘာကြီးကို ပထဝီနိုင်ငံရေး Geopolitics အရကြည့်ရင် စူပါပါဝါနိုင်ငံ Superpower country (ကမ္ဘာ့အင်အားကြီးနိုင်ငံ ) အနေနဲ့ သိပ်များများစားစားမရှိပါဘူး။ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံ လို့ ပြောရမယ် ထင်ပါတယ်။
ဒီနိုင်ငံကြီး နှစ်နိုင်ငံမှာကလည်း အုပ်ချုပ်ရေးစနစ်က မတူပြန်ပါဘူး။ အမေရိကန်က ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တရုတ်နိုင်ငံကတော့ ကွန်မြူနစ်စနစ်ကို ကျင့်သုံးကြပါတယ်။
တနည်းပြောရရင် ဒီနိုင်ငံကြီးနှစ်နိုင်ငံက မိမိတို့အင်အား ( နိုင်ငံရေး ၊ စစ်ရေး ၊ ဘဏ္ဍာရေး ၊ နည်းပညာ ၊ ယဥ်ကျေးမှု) တွေကို အသုံးပြုပြီး ကမ္ဘာကြီးကို ထိန်းကျောင်းဖို့ ကြိုးစားနေကြတာကလည်း ထင်ရှားသိသာလာပါတယ်။ အားပြိုင်မှုတွေ ရှိပါတယ်။ တွန်းတိုက်မှုတွေလည်း ရှိပါတယ်။ ညှိနှိုင်းမှုတွေလည်း ရှိပါတယ်။ အတိအကျပြောရရင် အားပြိုင်မှုတွေကို မိတ်ဖက်ပဋိပက္ခအနေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်နေကြပြီး ရန်ဘက်ပဋိပက္ခအဆင့်အထိ တက်လှမ်းမသွားအောင် နည်းနာအမျိုးမျိုးသုံး ဆောင်ရွက်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
Superpower Country (ကမ္ဘာ့အင်အားကြီးနိုင်ငံ) ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ၊ နည်းပညာနဲ့ ယဉ်ကျေးမှု အင်အားတွေမြင့်မားပြီး ကမ္ဘာအနှံ့သက်ရောက်မှုရှိတဲ့နိုင်ငံကို ခေါ်ဆို သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။
ဒီလိုနိုင်ငံတွေဟာ တခြားနိုင်ငံတွေနဲ့ ဒေသအတွင်း၊ နိုင်ငံတကာ အဆင့်တွေအပေါ် သက်ရောက်မှုများစွာရှိပြီး ကမ္ဘာ့ကိစ္စရပ်တွေကို ထိန်းချုပ်နိုင်တဲ့ နိုင်ငံကြီးများ ဖြစ်ကြပါတယ်။ ခက်တာက သူတို့ကိုယ်တိုင်လည်း အင်အားကြီးတွေဖြစ်ကြောင်း ကမ္ဘာကို တနည်းနည်းနဲ့ သက်သေပြနေရလေ့ရှိပါတယ်။
ဥပမာအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီ ၄၄ မိနစ်မှာ ထိပ်ဖူးအတုတခု တပ်ဆင်ထားတဲ့ တာဝေးပစ်မစ်ဇိုင်းဒုံး ( ICBM ) တလုံးကို တ ရုတ်နိုင်ငံက နိုင်ငံတကာရေပိုင်နက်ထဲကို စမ်းသပ်ပစ်လွှတ်ခဲ့တာ တွေ့ရပါတယ်။ ဒီစမ်းသပ်ပစ်လွှတ်မှုအတွက် ဂျပန် ဩစတြေးလျနဲ့ နယူးဇီလန်တို့က ချက်ချင်းစိုးရိမ်မှုတွေကို ဖော်ပြခဲ့ကြပါတယ်။
ဒီတိုက်ချင်းပစ် ပဲ့ထိန်းဒုံးတွေဟာ မိုင် ၃၅၀၀ လောက်အထိ ရောက်နိုင်ပြီး တရုတ်ကနေ အမေရိကန်ပြည်ထောင်စုနဲ့ ဟိုင်ဝါအီအထိ ပစ်ခတ်နိုင်ပါတယ်။ အမေရိကန်စစ်ဌာနချုပ် ပန်တဂွန်ရဲ့ ခန့်မှန်းချက်အရ တရုတ်တို့မှာ နျူကလီးယား ထိပ်ဖူးထပ် ဒုံး ၅၀၀ ကျော်ရှိပြီး ၃၅၀ လောက်ဟာ တိုက်ချင်းပစ်တွေ ဖြစ်မယ်လို့ ဆိုပါတယ်။ တရုတ်တို့ဟာ ၂၀၃၀ လောက်မှာ နျူကလီယား ထိပ်ဖူး ၁၀၀၀ ကျော် ရှိလာမယ်လို့ အစီရင်ခံစာတခုက ဆိုပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ကတော့ ၅၀၀၀ ကျော် ပိုင်ဆိုင်ထားကြပါတယ်။
Superpower အဖြစ် သတ်မှတ်ဘို့ ယေဘုယျသတ်မှတ်ချက် တချို့ ရှိပါတယ်။
၁။ စစ်ရေးအင်အား (Military Power)
စစ်ရေးအင်အားကြီးမားခြင်း။ နျူကလီးယားလက်နက်များ၊ အဆင့်မြင့်နည်းပညာများနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်တွေနဲ့ စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေ အခိုင်အမာရှိရပါမယ်။
၂။ စီးပွားရေးအင်အား (Economic Power)
Superpower ဖြစ်သောနိုင်ငံများမှာ ကမ္ဘာ့စီးပွားရေးကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စီးပွားရေးဆိုင်ရာ စွမ်းရည်များ ရှိရပါမယ်။ ကမ္ဘာ့စီးပွားရေးမှာ သက်ရောက်မှု ရှိတဲ့နိုင်ငံတွေ၊ ဈေးကွက်တွေ၊ ကုန်သွယ်ရေးတွေမှာ ထိန်းချုပ်နိုင်တဲ့ အင်အားရှိရပါမယ်။
၃။ နိုင်ငံရေးနဲ့ သံတမန်ရေးဆိုင်ရာလွှမ်းမိုးနိုင်မှု ( Political and Diplomatic Influence )
နိုင်ငံရေးအားကောင်းပြီး နိုင်ငံတကာအဖွဲ့အစည်းများကြား၊ပဋိပက္ခများတွင် ဝင်ရောက် ညှိနှိုင်းမှုများ၊ ထိန်းချုပ်မှုများ လုပ်ဆောင်နိုင်စွမ်းရည် ရှိရမယ်။
၄။ နည်းပညာနဲ့ ယဥ်ကျေးမှုဆိုင်ရာလွှမ်းမိုးမှု (Technological and Cultural Influence)
Superpower နိုင်ငံများဟာ နည်းပညာအရ ရှေ့ဆောင်နိုင်ရမှာဖြစ်ပြီး၊ အဆင့်မြင့် နည်းပညာများကို ထုတ်လုပ်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိတဲ့ ကွန်ရက်တွေနဲ့ နိုင်ငံတကာကို လွှမ်းမိုးနိုင်စွမ်းရှိရပါမယ်။ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ နည်းပညာ အဆင့်မြင့်မှုများနဲ့ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိနေတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။
ကျနော်တို့ ရိုးရှင်းတဲ့ စဥ်းစားတွေးခေါ်မှုတွေနဲ့ ပြဿနာတွေကို အစချီရပါမယ်။
ကျနော်တို့လို ဖွံ့ဖြိုးမှု နိမ့်ကျပြီး ပြည်တွင်းစစ်မီး ကာလရှည်ကြာခဲ့တဲ့ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို အားကိုးပြီး အမေရိကန်နိုင်ငံကို ကန့်လန့်တိုက်တာ၊ ဒီလိုပဲ အမေရိကန်နိုင်ငံကို အားကိုးပြီး တရုတ်နိုင်ငံကို ကန့်လန့်တိုက်တာတွေထက် အင်အားကြီးနိုင်ငံတွေအကူအညီနဲ့ ကျနော်တို့နိုင်ငံ ပြဿနာတွေကို ဖြေရှင်းတာ အကောင်းဆုံးဖြစ်မှာပါ။ ဘာလို့ ကျနော်တို့ ဒီလိုစဥ်းစားဖို့ လိုသလဲ ဆိုတာကလည်း မေးခွန်းကြီးတခု ဖြစ်မယ် ထင်ပါတယ်။
ဆိုလိုတာက စူပါပါဝါနိုင်ငံကြီးတွေအနေနဲ့ ကျနော်တို့ကို နည်းလမ်းတကျ ကူညီနိုင်သလို မကူညီနိုင်တာတွေလည်း လက်တွေ့မှာ သေချာပေါက်ရှိနေတယ် ဆိုတာပါဘဲ။ မကူညီနိုင်တဲ့ကိစ္စတွေက ကျနော်တို့နိုင်ငံကို အနှောင့်အယှက်မဖြစ်အောင် ကြိုးစားရမှာက ကျနော်တို့ တာဝန်ဖြစ်ပါတယ်။
စူပါပါဝါနိုင်ငံကြီးတွေအနေနဲ့ ကျနော်တို့နိုင်ငံလို ကနေ့ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးပြဿနာတွေ လူသားဖြစ်တည်မှုကို ခြိမ်းခြောက်ခံနေရတဲ့ပြဿနာတွေ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ပြဿနာတွေကို ကမ္ဘာလုံးဆိုင်ရာပြဿနာတွေအဖြစ် စဥ်းစားကြလေ့ရှိပါတယ်။
ဆိုလိုတာက ကျနော်တို့နိုင်ငံ ပြဿနာက ဒေသဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အခုဆို ဖြစ်လည်းဖြစ်နေပါပြီ။ဒီအတွက် စူပါပါဝါနိုင်ငံကြီးတွေက တာဝန်ယူမှုတွေ၊ တာဝန်ခံမှုတွေနဲ့ ဂုဏ်သိက္ခာရှိစွာဖြေရှင်းကြရမှာပါ။
ကျနော် ပြောချင်တာက အခုလတ်တလော နှီးနှောဖလှယ်ပွဲဖြစ်တဲ့ ကမ္ဘာ့အရေး အိန္ဒိယကောင်စီ ICWA က ကြီးမှူးကျင်းပမယ့် အစည်းအဝေးဖြစ်ဖြစ်၊ နိုင်ငံကြီး လေးနိုင်ငံရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်တဲ့ မဟာဗျူဟာလုံခြုံရေး ဆွေးနွေးပွဲ QUAD အစည်းအဝေးမှာ ဖြစ်ဖြစ်၊ အာစီယံဆွေးနွေးပွဲမှာဖြစ်ဖြစ်၊ UN လို စင်မြင့်မှာ ဆွေးနွေးပွဲတွေအားလုံးလိုလိုဟာ ဒီစူပါပါဝါတွေရဲ့ သဘောထားမပါဘဲ လုပ်ခဲ့ကြတာမဟုတ်ဘူးဆိုတာ သိဖို့ အလွန်အရေးကြီးပါတယ်။
တရုတ်အစိုးရက ကျနော်တို့နိုင်ငံနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ မြန်မာနိုင်ငံအရေးကိစ္စမှာ ကျော်လွန်မရတဲ့ စည်းသုံးခုကို ခိုင်မာစွာထိန်းသိမ်းထားရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ က တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတွေရဲ့ သြဂုတ် ၁၆ ရက် နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေဆုံပွဲမှာ ပြောခဲ့ပါတယ်။ (NUG အစိုးရ တာဝန်ရှိသူတွေနဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အကြီးအကဲတွေ တွေ့ဆုံတာက ဩဂုတ်လ ၁၇ ရက်နေ့မှာပါ။)
မစ္စတာဝမ်ယိရဲ့ အဲဒီစည်း ၃ စည်းက—
၁။ မြန်မာနိုင်ငံမှာ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ် ဖြစ်ပွားလို့မရခြင်း
၂။ အာဆီယံမိသားစု လမ်းကြောင်းက ကင်းကွာသွားလို့မရခြင်း
၃။ ပြင်ပအင်အားစုတွေ ထင်သလို စိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မစ္စတာ ဝမ်ယိဟာ ၂၀၂၂ ခုနှစ်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရို Politburo အဖွဲ့ဝင်ဖြစ်လာပြီး အဖွဲ့ဝင် ၂၄ ယောက် ရှိပါတယ်။
ဒီထဲကနေ Politburo Standing Committee ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင် ၇ ယောက်မှာ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ ကျနော် ဆိုလိုချင်တာက မစ္စတာဝမ်ယိ ပြောတဲ့ သဘောထားဟာ လက်ရှိ တရုတ်ပြည်ရဲ့ မြန်မာနိုင်ငံ ပြည်တွင်းရေးနဲ့ ပတ်သက်တဲ့ သဘောထား ဖြစ်ပါတယ်။
ဒီသဘောထားဟာ အင်မတန် အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ Action လုပ်ဆောင်မှုတွေ အနည်းဆုံး နိုင်ငံတကာမှာ နောက်ဆက်တွဲတွေ ရှိလာမှာပါ။
လက်ရှိနိုင်ငံတကာ အခင်းအကျင်းအရ တရုတ်ပြည်အနေနဲ့ သတိထားကိုင်တွယ်ရမယ့် အရေးပေါ်ကိစ္စတွေလည်း များစွာရှိနေတာ တွေ့ရပါတယ်။
ဥပမာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရုတ် လိုလားတဲ့ ရှိတ်ဟာစီနာအစိုးရ ပြုတ်ကျသွားပြီး အနောက်လိုလားတဲ့ မိုဟာမက်ယူနွတ် အစိုးရ တက်လာတာကလည်း တရုတ်ပြည်အတွက် အရေးပါတဲ့ အလှည့်အပြောင်းတခုအဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံအတွက် တတိယစည်းကတော့ တကယ်လိုအပ်ချက်လို့ ကျနော် ထင်တယ်။ ဆိုလိုချင်တာက ကျနော်တို့ ကနေ့ ဖြစ်နေတဲ့ စစ်ကြီးထဲ ဘယ်နိုင်ငံမှ ဝင်ရောက်မလာရေးဟာ ကျနော်တို့ နိုင်ငံအတွက် လိုအပ်ချက်ပါပဲ။
ရုရှားလိုနိုင်ငံမျိုးက ကနေ့ကမ္ဘာအတွက် အင်မတန်ကြောက်စရာကောင်းတဲ့ ဂုဏ်သိက္ခာမဲ့နိုင်ငံတခု ဖြစ်ပါတယ်။ ပိုက်ဆံရရင် ရုရှားတွေဟာ မင်းအောင်လှိုင်နဲ့ အတူတူပါပဲ။ ဘာမဆိုလုပ်ရဲတဲ့ နိုင်ငံ ဖြစ်ပါတယ်။
သတင်းစာဆရာ ဘာတေးလစ်တနာက ဧရာဝတီသတင်းဌာနမှာ ထောက်ပြသွားတဲ့ “စစ်ကောင်စီက ရုရှားဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား” ဆိုတဲ့ အချက်ဟာ ကျနော်တို့ ထည့်စဥ်းစားရမယ် ထင်ပါတယ်။
အားလုံး သိကြတဲ့အတိုင်း ရုရှားတပ် တချို့ကတော့ စစ်တပ်ရဲ့လေတပ်မှာ ကူနေကြတာ ပေါ်တင်ပါပဲ။ လေယာဥ်စင်းလုံးနဲ့ စစ်တပ် လိုအပ်တဲ့ လက်နက်အစိတ်အပိုင်းတွေ ဒရုန်းဆိုင်ရာပစ္စည်းတွေ ပို့နေတာလည်း ဗြောင်ပါဘဲ။ ကျနော်တို့ လိုလားတာက တရုတ်တပ်ဖြစ်ဖြစ်၊ ရုရှားတပ်ဖြစ်ဖြစ်၊ အမေရိကန်တပ်ဖြစ်ဖြစ် ဘယ်တပ်မှာ ဝင်မလာရေးဟာ ကျနော်တို့နိုင်ငံအတွက် စစ်မီးတောက် ကြီးမား ကျယ်ပြန့်မလာရေးမှာ အလွန်အရေးကြီး တဲ့ အကြောင်းတရား ဖြစ်ပါတယ်။
မစ္စတာဝမ်ယိရဲ့ ဒုတိယစည်းကလည်း ကျနော်တို့လက်ခံထားတဲ့ ကိစ္စ ဖြစ်ပါတယ်။
လက်မခံတာက မင်းအောင်လှိုင် ဆိုတာ အားလုံးအသိပါပဲ။ သူကိုယ်တိုင် ပေးခဲ့တဲ့ကတိကို သူကိုယ်တိုင် ဖျက်ခဲ့တာလည်း မင်းအောင်လှိုင်ပါပဲ။ တကယ်တော့ မင်းအောင်လှိုင်ဟာ လူလိမ်ပါ။
စစ်တပ် အာဏာသိမ်းတဲ့ စစ်ဗိုလ်ချုပ်အများစုက လူလိမ်တွေ ဖြစ်လေ့ရှိတာတော့ ကမ္ဘာ့သမိုင်းမှာ အထင်အရှား တွေ့ရလေ့ရှိပါတယ်။
ကနေ့ကမ္ဘာမှာ ပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ တရားမျှတမှုကို အခြေမခံဘဲ အကျိုးစီးပွားတွေကို အခြေခံမယ်ဆိုရင် ကျနော်တို့ နိုင်ငံသားတွေ အလွန်နစ်နာပါတယ်။
တကယ်က မင်းအောင်လှိုင်ဟာ အခြေအနေပေးရင် တရုတ်ကို ဘက်ကန်ပြီး ရုရှားဆီ သွားမယ့်ကောင် ဆိုတာလည်း တရုတ်အစိုးရ သိမှာပါ။
ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ဟာ ဆီးရီးယားမှာ အာဆတ်အစိုးရ ပြုတ်ကျတော့မယ့်အချိန် ၊ ဒမတ်စကဒ်ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်တော့မယ့်ဆဲဆဲ အာဆတ်ဘက်က ရုရှားတွေ ဝင်တိုက်ခဲ့တာကို အားကျနေတဲ့သူပါ။
ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ ပြောခဲ့တဲ့ကောင်က အမေရိကန်က NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးပြီး တရုတ်ကို ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံကို ပစ်မှတ်ထားတယ်လို့ စစ်ကောင်စီက စွပ်စွဲခဲ့ပြီး ၊ MNDAA ၊ TNLA နှင့် NUG တို့ စစ်ရေးမဟာမိတ်ဖွဲ့ထားတယ်လို့ ဆိုပြီး တရုတ်ကို ထောက်ခံသလိုနဲ့ တရုတ်ကိုအသုံးချဖို့ ကြိုးစားတာ တွေ့ရပါတယ်။
NUG သာ တနှစ် ဒေါ်လာသန်း ၂၀၀ လောက် အမေရိကန်ဆီက ရလို့ကတော့ စစ်အုပ်စု ခွေးပြေး ဝက်ပြေး ပြေးရတာ ကြာပြီလို့ ပြောလိုပါတယ်။ တရုတ်နိုင်ငံဟာ မင်းအောင်လှိုင် လိမ်သမျှ ခံရလောက်အောင် “ အ” မယ်လို့ ကျနော် မထင်ပါ။
မစ္စတာဝမ်ယိရဲ့ ပထမစည်းကတော့ တရုတ်နိုင်ငံရဲ့ သုံးသပ်ချက် အတော်လွဲနေတယ်လို့ ပြောလိုပါတယ်။ ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၇၆ နှစ်နီးပါး ရှိပါပြီ။ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ခံစားနေကြရတာပါ။
နိုင်ငံရဲ့အရင်းအမြစ်အားလုံးလဲ ပြည်တွင်းစစ်မီးလျှံထဲ ကျဆင်း ပျက်စီး ဆုံးရှုံးနေရတာပါ။ အိမ်နီးနားချင်းဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ အခြားနိုင်ငံတွေထက် ပိုသိမယ်လို့ ကျနော် ထင်ပါတယ်။ ဒီပြည်တွင်းစစ်ကြီးတခုလုံးရဲ့ တရားခံက စစ်အာဏာရှင်စနစ် ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ဟာ ဖက်ဆစ်စနစ်တခုသာ ဖြစ်ပါတယ်။
ကနေ့ ကျနော်အလေးအနက် တင်ပြချင်တာက စူပါပါဝါနိုင်ငံကြီးတွေ စဥ်းစားချက်တချို့ လွဲနေတဲ့ ကိစ္စပါ။ ကျနော်တို့နိုင်ငံနဲ့ပတ်သက်ပြီး စဥ်းစားရာမှာ လက်တွေ့မကျမှုပါ။ အဲဒါတွေကတော့—
၁။ ဒီစစ်တပ် မရှိတော့ရင် တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားမယ်ဆိုတာ စစ်တပ်က ထုတ်နေတဲ့ လေပုတ်ထုတ်ဆေး ဖြစ်ပါတယ်။
လက်တွေ့က စစ်တပ် မရှိတော့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသအားလုံးမှာ လူထုဟာ အင်မတန် ငြိမ်းချမ်းသာယာစွာ နှိပ်စက်သတ်ဖြတ်မှု ကင်းစွာ နေထိုင်နေနိုင်ပြီဆိုတာ လက်တွေ့ဖြစ်ပါတယ်။ ဒါကို မရှုစိမ့်လို့ လေယာဥ်ပျံနဲ့ မြို့တွေပေါ် ဗုံးကြဲပြီး လူထုကို သတ်ဖြတ် မြို့ပြတွေကို ဖျက်ဆီးနေတာ မင်းအောင်လှိုင်စစ်တပ်က စစ်ရာဇဝတ်ကောင်တွေ ဖြစ်ပါတယ်။
၂။ ဒီစစ်တပ် မရှိတော့ရင် တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်ကြပြီး တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားမယ်ဆိုတာ စစ်တပ်က ထုတ်နေတဲ့ နောက်လေပုတ်ထုတ်ဆေးတမျိုးပါ။
ကျနော်တို့ဟာ ဗမာ လူမျိုးကြီးဝါဒကို ကိုင်စွဲပြီး ခွဲခြားအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသားအားလုံးက လက်တွေ့ဘဝတွေအရ နားလည်ခဲ့ပြီ ဖြစ်ပါတယ်။
ကနေ့ မီးအရှို့ခံရဆုံး အသတ်အဖြတ်ခံရဆုံးက ဗမာတိုင်းရင်းသားဒေသတွေမှာ ဖြစ်ခဲ့တာပါ။ သေချာတာက ကျနော်တို့ တိုင်းရင်းသား ပြည်သူ အချင်းချင်းမှာ ဒီလိုစိတ်ဓာတ်တွေ မရှိကြပါဘူး။
အုပ်စိုးသူ လူတန်းစားအဆက်ဆက်က သူတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲရန်တိုက်ပြီး သူတို့အုပ်ချူပ်မှုကို သက်ဆိုးရှည်ခဲ့တာ ဆိုတာ လက်တွေ့ နွေဦးတော်လှန်ရေးက သက်သေပြခဲ့ပါပြီ။
၃။ ဒီစစ်တပ် မရှိတော့ရင် တိုင်းရင်းသားတွေ ပြည်ထောင်စုက ခွဲထွက်ပြီး တိုင်းပြည်ငယ်လေးတွေအဖြစ် ပြန့်ကျဲကုန်ကြမယ် ဆိုတာကလည်း စစ်တပ်က ထုတ်နေတဲ့ နောက်လေပုတ်ထုတ်ဆေးတမျိူး ဖြစ်ပါတယ်။
ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဥ်း ဆိုတဲ့ စစ်တပ်အတွက် အခွင့်ထူးခံ စစ်အမိန့်စာအုပ်ကြီးကို မီးရှို့ပစ်လိုက်ပြီး ပြည်နယ်ပေါင်းစုပြည်ထောင်စု ထူထောင်ကြမယ်ဆိုရင် ကျနော်တို့နိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ကျိန်းသေ ရမှာ သေချာပါတယ်။ ဖက်ဒရယ်စနစ်ဖြစ်စေ၊ ကွန်ဖက်ဒရေးရှင်းဖြစ်စေ ကျနော်တို့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုမှာ ဝိုင်းဆွေးနွေးရမယ့်ကိစ္စသာ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။
စစ်အုပ်စုဟာ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံတကာမှာ လော်ဘီတွေကတဆင့် လုပ်နေကြတာ တွေ့ရပါတယ်။ ကျနော်တို့ တင်ပြချင်တာက စစ်အုပ်စုနိုင်လို့ တိုင်းပြည် မငြိမ်းချမ်းပါဘူး။ ဒီစစ်အုပ်စု ပြုတ်ကျသွားရင် ပြည်တွင်းငြိမ်းချမ်းရေး ကျိန်းသေရမှာ ဖြစ်ပါတယ်။
တကယ်လို့သာ တရုတ်အစိုးရ ဖြစ်စေ၊ အမေရိကန်အစိုးရဖြစ်စေ၊ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကို ရပ်ခံပေးမယ် ဒါမှမဟုတ် တရုတ်အစိုးရအနေနဲ့ စစ်အုပ်စုကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေကို ဖိအားမပေးဘူးဆိုရင် ဒီစစ်ပွဲဟာ မကြာမီ ပြီးသွားတော့မှာပါ။
ဆိုလိုချင်တာက တရုတ်ပြည် လိုလားနေတဲ့အတိုင်း ကျနော်တို့ တိုင်းပြည်ကိစ္စကို ဘယ်နိုင်ငံကမှ ဝင်ရောက်မစွက်ဖက်ကြရင် ကျနော်တို့ ဒီဖက်ဆစ်တွေကို အနိုင်တိုက်နိုင်မှာ သေချာပါတယ်။ ကျနော်တို့ ပြည်သူတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တိုက်ပွဲဝင်နေကြတာကိုလည်း ကမ္ဘာက သိပြီးလို့ ကျနော် ထင်တယ်။
ကမ္ဘာ့စူပါပါဝါကြီးတွေအနေနဲ့ ကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေအပေါ် လက်တွေ့ကျကျ လေ့လာသုံးသပ်ပြီး ဆုံဖြတ်ချက်တွေ ချစေလိုကြောင်း ဆွေးနွေးလိုပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar