စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်မှုရဲ့ ရည်ရွယ်ချက်က ဘာလဲ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၆ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၄
စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်မှုရဲ့ ရည်ရွယ်ချက်က ဘာလဲ
စစ်ကောင်စီက အချိန်အတိအကျ သတ်မှတ်ခြင်းမပြုရသေးဘဲ ကျင်းပမယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူဖို့ ရက်သတ်မှတ်ထားတဲ့ ၂၀၂၄ ခု အောက်တိုဘာ ၁ ရက် နေ့မတိုင်ခင် ရက်သတ္တပတ်ခန့်အလိုမှာ “နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခြင်း” ဆိုတဲ့ ခေါင်းစီးပါရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဆိုတဲ့ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအဖွဲ့ က ထုတ်ပြန်လိုက်ပါတယ်။
အချက် ၃ ချက် နံပါတ်စဥ်တပ်ကာ ရေးသားထားတဲ့ ထုတ်ပြန်ချက်မှာ ၁ အချက်အနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲမသမာမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး ပြဿနာတွေကို အေးချမ်းစွာပြီးဆုံးရန် နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဖြေရှင်းရန် ကြိုးပမ်းမှုကို လျစ်လျူရှုပြီး နိုင်ငံတော်အာဏာကို မသမာသောနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့မှုကြောင့် တပ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့တယ်ဆိုပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဝါဒဖြန့် စကားလုံးနဲ့ ယခင်ကလည်း ပြောဆိုနေကျ စကားအတိုင်း အစချီ ရေးသားထားတာ တွေ့ရပါတယ်။
ဒုတိယအပိုဒ်မှာတော့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေကြောင့် လူသားအရင်းအမြစ်၊ နိုင်ငံတော်အခြေခံ အဆောက်အအုံတွေ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေရတာကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေခဲ့ရတယ် ဆိုတဲ့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ရလဒ်ကို ဖော်ပြထားရာမှာ စစ်တပ်က အာဏာသိမ်း စစ်ကောင်စီကို စစ်ဘက် အရပ်ဘက် မျှတစွာဖွဲ့စည်းခဲ့ပြီး အန္တိမရည်မှန်းချက် ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံရွေးကောက်ပွဲကျင်းပဖို့ ထွက်ပေါ်လာတဲ့ အစိုးရကို အာဏာလွှဲအပ်ဖို့ လို့ ဖော်ပြထားပါတယ်။
ဒီနေရာမှာ စစ်အာဏာသိမ်းခဲ့တာက လက်နက်ကိုင်လမ်းစဥ်ကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းခံ ဖြစ်တယ်ဆိုတာကို ရှောင်လွှဲရေးသားထားတာ သိသာထင်ရှားနေသလို ရွေးကောက်ပွဲ လုပ်ဖို့ အန္တိမရည်မှန်းချက် ထားတယ်ဆိုတဲ့ အချက်ကလည်း စစ်အာဏာသိမ်းပြီး ၃ နှစ်ခွဲ ၄ နှစ်နီးပါး ကြာလာတဲ့အချိန်ထိ သန်ခေါင်စာရင်းကောက်ယူဖို့အဆင့်ကို မတက်နိုင်သေးတာ တွေ့ရမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းစဥ်ကတည်းက စစ်တပ်အနေနဲ့ ၄င်းတို့ လိုချင်တဲ့ အခြေအနေအခင်းအကျင်းမျိုး စစ်တပ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးလိုပါတီမျိုးက ကျိန်းသေပေါက် အနိုင်ရမယ့် အနေအထားမျိုးကျမှ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ရည်ရွယ်ထားတာအပြင် အဲဒီလို ရွေးကောက်ပွဲကိုတောင်မှ မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ ရည်ရွယ်ချက်မရှိတာ ထင်ရှားပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ နိုင်ငံတွေမှာ အနည်းငယ်မျှသော အာဏာသိမ်းမှုတွေမှာသာ ရွေးကောက်ပွဲကို နဂိုရှိရင်းစွဲ နိုင်ငံရေးအခင်းအကျင်းအတိုင်း မြန်ဆန်စွာ ကျင်းပပေးတာမျိုးဖြစ်ပြီး အဲလိုဖြစ်ရပ်မျိုး နည်းပါးတာတွေ့ရမှာ ဖြစ်ပါတယ်။
အများစုသော စစ်အာဏာသိမ်းမှုတွေက စစ်တပ်က အာဏာသိမ်းခေါင်းဆောင်တွေက ၄င်းတို့သမ္မတဖြစ်ဖို့ တရားဝင်အစိုးရအဖွဲ့အဖြစ် ဖြစ်အောင် နည်းမျိုးစုံနဲ့ စိတ်တိုင်းကျ ပြင်ဆင်ပြီးတဲ့ အခြေအနေမျိုးကျမှသာ ရွေးကောက်ပွဲ ပြန်လုပ်လေ့ရှိတာတွေ့ရမှာဖြစ်ပါတယ်။ ဝေးတဲ့ ဥပမာမကြည့်ဘဲ အိမ်နီးချင်း ထိုင်းနိုင်ငံ ဥပမာကြည့်ရင် ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့တဲ့ စစ်ဦးစီးချုပ်ဟာ အခြေခံဥပဒေကို ပြန်ရေးတာနဲ့ အတည်ပြုတဲ့ လုပ်ငန်းစဥ်ကို ၂၀၁၇ ထိ လုပ်ခဲ့ပြီး စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာ ၂၀၁၉ ခုနှစ်ကျမှ ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အာဏာသိမ်းတဲ့ စစ်ဗိုလ်ချုပ်ကပဲ ဝန်ကြီးချုပ် ဖြစ်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း အထက်က သာဓကတွေကို နှိုင်းယှဥ်ပြီး အာဏာသိမ်းတာနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ကာလကို အချိန်ဆွဲကာ လိုချင်တဲ့ အခြေအနေရဖို့ ဖန်တီးတဲ့ သဘောလို့ ယူဆမယ်ဆို ယူဆစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အခြေအနေက ထိုင်းနိုင်ငံလို စီးပွားရေးနဲ့ တည်ငြိမ်မှု ရှိတဲ့အနေအထားမဟုတ်ပဲ ပြည်တွင်းစစ်ပွဲတွေ ဖြစ်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး ဆင်းရဲမှု၊ အလုပ်အကိုင် ရှားပါးမှုနဲ့ အခြားသော အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေကို လွယ်ထားရတဲ့ အနေအထားဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကြေညာချက်ထဲက နံပါတ် ၃ အချက်ထဲမှာ ဖော်ပြထားတဲ့ သန်ခေါင်းစာရင်း စတင်ကောက်ယူတော့မယ့် ရွေးကောက်ပွဲမှာ လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များကို အကြမ်းဖက် တိုက်ခိုက်သည့် လမ်းစဥ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်း သို့မဟုတ် ရွေးကောက်ပွဲလမ်းကြောင်းနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ဖို့ ကမ်းလှမ်း ဖိတ်ခေါ်ပါသည်လို့ ပါရှိတာတွေ့ရပါတယ်။
မကြာသေးခင်ကမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သလို ယခင်က အကြမ်းဖက်အဖွဲ့လို့ တောက်လျှောက်ခေါ်ဆိုခဲ့တဲ့ PDF အဖွဲ့တွေကိုလည်း အခု ကမ်းလှမ်းမှုမှာ အကြမ်းဖက်အဖွဲ့အနေနဲ့ ဆက်လက်သုံးစွဲပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တာဟာ တခုနဲ့ တခု ဆန့်ကျင်နေတဲ့ သတ်မှတ်မှု၊ ဖိတ်ခေါ်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။
ချုံ့ကြည့်ရင်တော့ စစ်ကောင်စီအနေနဲ့ ၄င်းနဲ့ ဆန့်ကျင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ PDF အဖွဲ့တွေအပေါ် သဘောထား ပြောင်းလဲခြင်းမရှိဘဲ၊ ကျင်းပမယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲကိုသာ စျေးဗန်းခင်းတဲ့ သဘောဖြစ်ပြီး အခြေခံအားဖြင့် ဘာသဘောထား ရပ်တည်ချက်မှ အပြောင်းအလဲ မရှိတာကို ထင်ထင်ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar