Breaking News

ကောင်းဇေလူ - တရုတ်က ဗိုလ်ကျစိုးမိုးလိုတဲ့ သဘောနဲ့ မြန်မာပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေပြီလား

ကောင်းဇေလူ - တရုတ်က ဗိုလ်ကျစိုးမိုးလိုတဲ့ သဘောနဲ့ မြန်မာပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေပြီလား

(မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၂၄


အခုတလော မြန်မ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့  ကြိမ်ဖန်များစွာ  ပြောနေတဲ့ တရုတ်နိုင်ငံဟာ လက်တွေ့မှာတော့ မြန်မာ့အရေးကို အရှက်မဲ့စွာ ၀င်ရောက်စွက်ဖက်နေပြီဖြစ်တယ်။အပြောနဲ့ အလုပ်ဟာ ဆန့်ကျင်ဖက် ဖြစ်နေတာ မြင်နေရတယ်။ တရုတ်နိုင်ငံရဲ့ လက်ရဲဇက်ရဲစွက်ဖက်မှုတွေက အတော် ဘောင်ကျာ် နေပြီလို့တောင် ဆိုသင့်တယ်။ တရုတ်ဟာ မြန်မာကို သူ့ရဲ့ လက်‌အောက်ခံ ပြည်နယ် တခုအဖြစ်သဘောထားနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ (EAOs) နဲ့တကွ နွေဦးတော်လှန်ရေး ဘက်တော်သား PDFs တွေအနေနဲ့ ရှေးကထက်ပိုပြီး ညီညွတ်ကြဖို့ သွေးမကွဲကြဖို့ ရည်မှန်းချက်ပန်းတိုင်မပျောက်ကြဖို့ ပိုပြီးဇွဲလုံ့လ ရှိကြဖို့ အထူးသတိထားကြရမယ့် အချိန်ဖြစ်တယ်။ အကြောင်းကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်မစွက်ဖက်နေပြီ ဖြစ်ကြောင်း ထင်ရှားလာလို့ဖြစ်တယ်။

တရုတ်အနေနဲ့ အာဆီယံနဲ့ လက်တွဲပြီး မြန်မာပြည် တည်ငြိမ် ငြိမ်းချမ်းအောင် ကြိုးပမ်းနေတယ်လို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာ ခေါင်းကြီကနေ လူကြားကောင်းအောင် သတင်းလွှင့်နေပေမယ့် အခြားတဖက်မှာ အကြမ်းဖက် စစ်ကောင်စီကိုကာကွယ်ပေးဖို့ စစ်လက်နက်တွေ ပံ့ပိုးပေးနေဆဲ ဖြစ်တယ်။ တရုတ်နိုင်ငံလုပ် FTC 2000 G အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဥ်အသစ် ၆ စင်း သြဂုတ်လအတွင်း စစ်ကောင်စီ လေတပ်က ရရှိထားကြောင်း ဧရာဝတီ သတင်းမှာ ဖော်ပြထားတာတွေ့ရတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက VOA သတင်းကို အခုလို ပြောပါတယ်။

“ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက တနေ့တခြားများပြားလာတာ အားလုံး အသိပါ။ အရင်တုံးကတော့ သူတို့ရဲ့ ပစ်ခတ်မှုတွေက ထင်ရာမြင်ရာကို ရမ်းသမ်းပစ်ခတ်တယ်ဆိုပြီးတော့ ပြောဆိုမှုတွေရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျနော်တို့ တွေ့ရတဲ့အချက်တွေက ထင်ရာမြင်ရာကို ရမ်းသမ်းပစ်ခတ်တာမဟုတ်ဘဲနဲ့ အရပ်သား ပြည်သူတွေ နေတဲ့နေရာကို တမင်သက်သက်ရည်ရွယ်ချက်ရှိပြီးတော့ ပစ်ခတ်တဲ့ အရာမျိုး ဖြစ်ပါတယ်။ ထွက်ပြေးစရာလမ်းကြောင်းမရှိတဲ့ ပြည်သူတွေကို ရွေးခြယ်ပြီးတော့ ပစ်ခတ်တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ဖြစ်ပါတယ်။ ”

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးအထိ လုပ်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာတော့ နှစ်ဆနီးပါး တိုးလာတယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အများစုဟာ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရာဇ၀တ်မှု ကျူးလွန်ရာရောက်တယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ မြန်မာစစ်တပ်နဲ့အတူ စစ်ရာဇ၀တ်မု ပူးတွဲကျူးလွန်နေကြောင်းထင်ရှားတယ်။ မြန်မာစစ်တပ်အတွက် စစ်လက်နက်မျိုးစုံ အဓိက ပံ့ပိုးပေးနေတာ တရုပ်နိုင်ငံဖြစ်တယ်။ တရုတ်ဟာ နိုင်ငံရေး သံတမန်ရေးအရတင်မက စစ်ရေးဆိုင်ရာ လက်နက်ခဲယမ်း ဒရုန်း ဗုံးသီး တိုက်လေယာဉ်များ စသဖြင့် မြန်မာစစ်တပ်ကို ကူညီထောက်ပံ့နေတာတွေ့ရတယ်။

RFA သတင်းဌာနက ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁,၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူ လေးထောင်နီးပါး (၃,၈၆၆ ဦး) ရှိကြောင်း ဖေါ် ပြထားတာလည်း တွေ့ရတယ်။ တရုတ်ရဲ့ စွက်ဖက် လှုပ်ရှားမှုတွေကို ကြည့်မည်ဆိုရင် စစ်ကောင်စီရဲ့ အကြမ်းဖက် မီးရှို့ ဗုံးကျဲ သတ်ဖြတ်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပေမယ့် မမြင်ချင်ဟန်ဆောင်နေရုံမက၊ စစ်လက်နက်အမျိုးမျိုးပါ ထောက်ပံ့နေတာ  ငြင်းမရတဲ့ အထောက်အထားတွေ ဖြစ်တယ်။ မြန်မာပြည်သူလူထု သေကျေထိခိုက် နစ်နာ ဆုံးရှုံးနေရတဲ့  အ‌ခြေအနေအပေါ် စာနာ ခံစားနားလည်ပေးမှု လုံး၀မရှိတာ ထင်ရှားနေတယ်။  တရုတ်အကျိုးစီးပွားကို ဗဟိုပြုပြီး  စစ်ဗိုလ်ချုပ်တွေ အာဏာ လက်လွှတ်ရမယ့်အရေး ကို လိုလားပုံမရတာလည်း ထင်ရှားနေတယ်။

အခြားတဖက်မှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဝမ်ယိက သြဂုတ်လ ၁၄ ရက်နေ့မှာ မြန်မာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပရေးကို ထောက်ခံကြောင်း၊  မြန်မာ့အရေးမှာ ပြည်ပအင်အားစုတွေ စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက ပြောဆိုခဲ့တာကို တရုတ် နိုင်ငံပိုင် ရှင်ဟွာ သတင်းက ဖော်ပြခဲ့တယ်။ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံမှုဟာ မြန်မာပြည်သူလူထုရဲ့ သဘောထားအမှန်ကို တိုက်ရိုက်ဆန့်ကျင်လိုက်ခြင်း ဖြစ်တယ်။ နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ ဂျန်ဇီးမျိုးဆက်သစ်လူငယ်အင်အားစုကို လျှော့တွက်လိုက်ခြင်းလည်း ဖြစ်တယ်။

ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးက စက်တင်ဘာ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြခဲ့တဲ့ ထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း ၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်းနဲ့ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုတဲ့ တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့ပြစ်တင်တဲ့ မည်သည့်ပြောဆို လုပ်ဆောင်မှုကို မဆို ဆန့်ကျင်ကြောင်းလည်း သဘောထားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ နောက်ဆုံးမှာ သက်ဆိုင်ရာဘက်အသီးသီးက အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောထားကွဲလွဲတာတွေကို ဖြေရှင်းဖို့ နဲ့ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်သွားဖို့ ဆန္ဒရှိကြောင်း ပါရှိပါတယ်။ ဒါပေမယ့် တရုတ် နိုင်ငံခြားရေး၀န်ကြီးက အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့ သွေးစွန်းနေတဲ့ လက်ကို ကိုင်ဆွဲနှုတ်ဆက်ခဲ့ခြင်းဟာ တရုတ်နိုင်ငံက စစ်တပ်ရဲ့ အကြမ်းဖက်မှု စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတာကို အားပေးထောက်ခံလိုက်ခြင်းဖြစ်တယ်။

တရုတ်ဟာ စကားအရ မြန်မာ့ပြည်တွင်းရေးကို မစွက်ဖက်ပါလို့ပြောနေပေမယ့် လက်တွေ့မြေပြင်ပေါ် မှာတော့ ‌လက်ရဲဇက်ရဲ စစ်ရေးအကူအညီတွေပါ ပေးပြီး ၀င်ရောက်စွက်ဖက်နေတယ်။ တရုတ်ရဲ့  ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒအရ မြန်မာ အကြမ်းဖက်စစ်တပ်ကို မြန်မာ့နိုင်ငံရေးမှာ ဆက်လက် ပါ၀င်ခွင့် ရရှိနေဖို့ လိုလားကြောင်း ထင်ရှားတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်ကို နှေးကွေးအောင် ဟန့်တားပြီး မြန်မာပြည်သူတွေကို ၂၀၀၈ စစ်တပ်ဖွဲ့စည်းပုံအောက် ပြန်တွန်းပို့ရေးဟာ မြန်မာ့အရေးဆိုင်ရာ တရုတ်ရဲ့ မူ၀ါဒ ဖြစ်တယ်။ အာဆီယံမှာ တရုတ်ရဲ့ သြဇာမကင်းတဲ့ အဖွဲ့ဝင်တွေ ပါ၀င်နေတဲ့အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ဆက်လက် အကောင်အထည်ဖော်ရေး တိုက်တွန်းချက်ဟာ တရုတ် ဖြစ်ချင်တဲ့ နိုင်ငံရေးအကောက်ကြံမှု ဖြစ်တယ်။  

အခုလို အခြေအနေမှာ စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေသူတွေကို လက်နက်စွန့်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ စက်တင်ဘာ ၂၆ မှာ စစ်ကောင်စီဘက်က ကမ်းလှမ်းလာပြန်တယ်။ ကမ်းလှမ်းတဲ့ ထုတ်ပြန်ချက်မှာ NUG အမျိုးသားညီညွတ်ရေး အစိုးရအကြောင်းထည့်မထားပေမဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကိုရော NUG လက်အောက်ခံမဟုတ်တဲ့ PDF တပ်ဖွဲ့တွေပါ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာဖြစ်တယ်။ အရင်ကတော့ ဒီအဖွဲ့တွေကို အသိအမှတ် မပြုဘဲ၊ အမြစ်ဖြတ်ချေမှုန်းမယ်လို့ စစ်ကောင်စီက ပြောခဲ့ကြောင်း VOA သတင်းအရ သိရတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို အောက်တိုဘာ  ၁ ရက် စတင်ကောက် ယူတော့မယ်လို့ဆိုတယ်။  လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်ပါလို့ဆိုတယ်။ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲအစည်တွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ၊ PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ကမ်းလှမ်းဖိတ်ခေါ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိတယ်။

ဒီဖြစ်စဉ်ကို လေ့လာကြည့်ရင်လည်း တရုတ်ရဲ့ ဇာတ်ညွှန်းဖြစ်တာတွေ့ရတယ်။ တရုတ်အစိုးရအာဘော် Global Times သတင်းစာ ခေါင်းကြီးကနေ မြန်မာ့အရေးမှာ ပြည်ပနိုင်ငံတွေ (အထူးသဖြင့် အမေရိကန်) ၀င်ရောက် မစွက်ဖက်ဖို့၊ မြန်မာနိုင်ငံ ပြည်သူများအနေနဲ့လည်း စစ်ရေးအရ တိုက်ခိုက်ဖြေရှင်းမယ့်အစား၊ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းသင့်ကြောင်း တိုက်တွန်းထားတယ်။ တရုတ်သတင်းစာ ခေါင်းကြီး ရေးပုံရေးနည်းက မြန်မာပြည်သူတွေကို စစ်အာဏာရှင် အလိုကျ စစ်တပ်ကလုပ်ပေးမယ့် အတုအယောင်ရွေးကောက်ပွဲကို လက်ခံလိုက်ပါလို့ ဆိုထားတယ်။ ရွေးကောက်ပွဲကို လက်မခံရင် ဗုံးကြဲ တိုက်ခိုက်တာ ခံရလိမ့်မယ်လို့ ဆိုတယ်။ မြေပြင်မှာလည်း တရုတ်ဇာတ်ညွှန်းအတိုင်း ဗုံးကြဲတာခံနေကြရတယ်။

ပြည်ထောင်စု Institute က သုတေသန တာဝန်ခံ ဒေါက်တာစိုင်းဦးကတော့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ အတိုက်အခံအင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ကြောင်း။ ဒါပေမယ့် နှစ်ဘက်စလုံးက လက်ခံနိုင်တဲ့အခြေအနေမရှိတဲ့နောက်မှာ တရုတ်နိုင်ငံဘက်က ရွေးကောက်ပွဲနဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ ကြိုးစားလာတာတွေ့ရကြောင်း VOA သတင်းအရ သိရတယ်။ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအဖြေရှာမယ်ဆိုရင် မတည်ငြိမ်မှုတွေ ပိုမိုဖြစ်လာနိုင်ကြောင်း ဒေါက်တာစိုင်းဦးက သုံးသပ်ထားတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြောခွင့်ရ ဦးနေဘုန်းလတ် က  မိမိတို့ နှင့် တိုင်းရင်းသား အဖွဲ့များ အတူ ပူးတွဲ ထုတ်ပြန်ထားသော ကြေညာချက်ပါ အချက်များကို စစ် ခေါင်းဆောင်များ သဘောတူ မှသာ ဖြစ်နိုင်မယ်လို့ အေပီ သတင်းဌာန ကို ပြောကြားခဲ့တာတွေ့ရတယ်။ KNU ပြောခွင့်ရ ဖဒို စော ကလယ် ဆေး က စစ်ကောင်စီ့ရဲ့  ငြိမ်းချမ်းရေးစကားမျိုး နှစ်ပေါင်း ၇၀ နီးပါးမျှ ကြားလာခဲ့ရပြီး ဖြစ်တဲ့အတွက် စဉ်းစားစရာတောင် မလိုဘူးလို့ ပြတ်ပြတ်သားသားပြောခဲ့တာတွေ့  ရတယ်။  မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရဲ့ တပ်မှူး ဖြစ်သူ ကိုစိုးရသူရဇော် က ဆိ‌တ်ခေါင်း ချိတ်ပြီး ခွေးသား ရောင်းခြင်းဖြစ်တယ်လို့ တုန့်ပြန်ခဲ့တယ်။ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ် ခေါင်းဆောင် မောင်ဆောင်းခ က လည်း သူတို့အနေနဲ့ စကစရဲ့ ဖိတ်ခေါ် ချက်ကို စိတ်မဝင်စားကြောင်း ပြောကြားခဲ့တာ ကြားရတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က -  "စစ်အာဏာရှင်အဆက်ဆက်က ဘယ်တုန်းကမှကတိတည်တာမရှိဘူး။ သူတို့နဲ့သဘောတူညီချက်ရပြီးရင်လက်နဲ့ရေးပြီးခြေနဲ့ဖျက်တဲ့ အကျင့်သူတို့မှာရှိတယ်။ ခုဆိုလည်းမြန်မာနိုင်ငံအနှံမှာတော်လှန်ရေးအင်အားစုတွေကအသာစီးရနေတယ်။ စစ်ကောင်စီကသူတို့အရှုံးကိုလက်မခံသေးဘဲနဲ့ လိမ်လည်လှည့်ဖျားပြီးတော့ စ ကားဝိုင်းဆိုတာနဲ့သူတို့ အာရုဲလှည့်ဖို့ကြိုးစားတယ်။ သွေးကွဲအောင် လုပ်ပြီးလိမ်လည်လှည့်ဖျားချက်တခုသာဖြစ်တယ်။ တကယ်သာနိုင်ငံရေးဆွေးနွေးမယ်ဆို သူတို့အရပ်သားပြည်သူတွေအပေါ်မှာ အကြမ်းဖက်မှု လုပ်နေတာကို ချက်ချင်းလက်ငင်း ရပ်စဲရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရက်တစ်ယူနီယံတည်ထောင်ဖို့ တော်လှန်ရေးအင်အားစုတွေ ကြိုးစားနေကြတာဖြစ်တယ်။ ဒီပန်းတိုင်ရောက်အောင် ဆက်လက်ဆောင်ရွက်သွားမှာပါ" လို့ တုံ့ပြန်ခဲ့တာ တွေ့ရတယ်။

တရုတ်က ဘယ်လိုပဲ မြန်မာ့ နွေဦးတော်လှန်ရေးကို အားနည်းမှေးမှိန်သွားအောင် လုပ်နေပေမယ့် မြန်မာပြည်သူလူထုရဲ့ ပြင်းပြတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ယူနီယံတည်ထောင်ရေး ရည်မှန်းချက်ကတော့ ပျက်ပြယ်သွားဖွယ်မရှိပါဘူး။ ယေဘုယျအားဖြင့် အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၃ နှစ်ခွဲ ကျော်လာသည်အထိ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်း မရှိဘဲ၊ တိုင်းပြည်အနှံ့စစ်တပ် ဆန့်ကျင် တွန်းလှန်ရေး လက်နက်ကိုင်ခုခံမှုအများအပြားကို ရင်ဆိုင်နေ ရပြီဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့ပါ နှိမ်နှင်းခဲ့သော်လည်း အောင်မြင်မှု မရနိုင် တော့ ကြောင်း ထင်ရှားနေပြီ ဖြစ်တယ်။ အကြမ်းဖက် စစ်တပ်အုပ်ချုပ်ရေးကို နိုင်ငံတကာကလည်း အသိအမှတ်မပြုတဲ့အတွက် တရားမဝင် အုပ်ချုပ်နေတဲ့ စစ်အုပ်စုအဖြစ် အရှက်ကွဲနေရပြီဖြစ်တယ်။ တရားမဝင် စစ်အုပ်ချုပ်ရေးအဖြစ်မှ ရုန်းထွက်ဖို့ ထွက်ပေါက်ရှာ ရင်းက စစ်ရာဇဝတ်မှုတွေ တခုပြီး တခု ကျုးလွန်မိ လျှက်သား ဖြစ်နေခဲ့တာ တွေ့ရတယ်။ နိုင်ငံတကာအလယ်မှာ  စစ်ခေါင်းဆောင်တွေရဲ့ ဉာဏ် အမြာ်အမြင်နည်းမှု နဲ့ လူသားချင်း စာနာစိတ်ကင်းမဲ့မှုကို ပိုမို မြင်တွေ့ သိရှိလာကြတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် မုချ ကျဆုံးတော့မှာ ဖြစ်တယ်။

လက်ရှိ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးလည်း ဒေါ်ဇင်မာအောင်က “ကျမတို့တော်လှန်ရေးက အမေရိကန်ကြောင့်ဖြစ်တာလည်းမဟုတ်ဘူး။ တရုတ်ကြောင့် ဖြစ်တာလည်း မဟုတ်ဘူး။ ကျမတို့ပြည်သူလူထုတွေ မြန်မာပြည်မှာ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားခဲ့တာ အခုနွေဦးတော်လှန်ရေးမှမဟုတ်ဘူး။ မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့ကြတာဖြစ်တယ်” လို့ ပြောပါတယ်။ NUG  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါ်ဇင်မာအောင်ကို DVB သတင်းဌာနမှ ဗျူရိုအကြီးအကဲ ဒေါ်မွန်မွန်မြတ်က သီးသန့်ဆက်သွယ်မေးမြန်းရာမှာ ပြောကြားထားတာ ဖြစ်ပါတယ်။

တကယ့် မြန်မာ့ နိုင်ငံရေးဖြစ်စဉ်အရ နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်ရေးဖြစ်တယ်။ တိုင်းရင်းသားအားလုံးရဲ့ သဘောထား လိုလားချက်တွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနည်းကျ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ကြဖို့ဖြစ်တယ်။ တရုတ်ရဲ့ ရုပ်သေးရုပ် အဖြစ်မခံနိုင်သလို အမေရိကန်ရဲ့ နယ်ရုပ်လည်း အဖြစ်ခံမှာမဟုတ်တာ သေချာတယ်။ နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ ဂျန်ဇီးမျိုးဆက်သစ်လူငယ်တွေရဲ့ သက်စွန့်ဆံဖျားကြိုးပမ်းအားထုတ်နေမှုတွေဟာ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ဖြစ်တယ်။ အာဏာရူး မင်းအောင်လှိုင်လို တိုင်းပြည်ကို တရုတ်ထံ  ရောင်းစားမယ့် သူမျိုးတွေ မဟုတ်ဘူး။

လက်ရှိ မြန်မာပြည်သူတို့ရဲ့ လိုလားချက်ကို တရုတ်က ကျောခိုင်းထားတယ်။ အကြမ်းဖက်စစ်တပ်ကို လေယာဉ်နဲ့ ဒရုန်း အပါအ၀င် စစ်လက်နက်တွေ ထောက်ပံ့နေတဲ့ အတွက် တရုတ်ဟာ မြန်မာလူထုရဲ့ ရန်သူစာရင်း၀င်နေတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် ဖြစ်တဲ့ တရုတ်ရဲ့ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုတွေကြောင့် လက်ရှိ မင်းအောင်လှိုင်ရဲ့ တိုက်လေယာဉ်တွေ ပျံသန်း တိုက်ခိုက်နေနိုင်ခြင်း ဖြစ်တယ်။  အရပ်သားပြည်သူ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ခြင်းဟာ စစ်ရာဇ၀တ်မှု ဖြစ်တယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် တရုတ်နိုင်ငံကိုယ်တိုင် စစ်ရာဇ၀တ်မှု ကျူးလွန်နေခြင်းဖြစ်ကြောင်း သက်သေ ထင်ရှားနေတယ်။  


အာဏာသိမ်းစစ်ကောင်စီကို ကူညီထောက်ပံ့မှုတွေ ဆက်မလုပ်ဘဲ ရပ်တန့်ဖို့အတွက် တရုတ်အစိုးရကို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၇၆ ဖွဲ့က စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်တောင်းဆိုခဲ့ကြတာကို တရုတ်နိုင်ငံအနေနဲ့ မသိကျိုးကျွံ မလုပ်သင့်ပါ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေကို ကျောခိုင်းပြီး စစ်ကောင်စီဘက်က ကာကွယ်ရပ်တည်တာတွေ ရပ်တန်းကရပ်ဖို့လိုပါတယ်။


တရုတ်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် ခြိမ်းခြောက်မှုတွေ၊ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးမှုတွေ မလုပ်ဖို့လိုတယ်လို့လည်း မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၇၆ ဖွဲ့က တောင်းဆိုထားပါတယ်။ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ကူညီပံ့ပိုးတာမျိုးမလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အသိအမှတ်ပြုပေးဖို့ လည်း  အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားတယ်။ ဒီတောင်းဆိုချက်တွေဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေး ရေရှည် ကောင်းစေချင်ရင် မြန်မာလူထုရဲ့အသံကို နားထောင်ပါလို့ တရုတ်ခေါင်းဆောင်တွေကို အကြံပြုလိုပါတယ်။

တရုတ်ခေါင်းဆောင်တွေအနေနဲ့ ဗိုလ်ကျစိုးမိုးလိုတဲ့ သဘောနဲ့ မြန်မာပြည်တွင်းရေးကို ဗြောင်ကျကျ ၀င်ရောက်စွက်ဖက်နေတာကို ရပ်ပါ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် အထက်စီးကနေ ဆက်ဆံတာမျိုး မလုပ်သင့်တော့ပါ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူ ၅-ချက်အရ မြန်မာနိုင်ငံကို လေးလေးစားစား တန်းတူရည်တူ ဆက်ဆံသင့်ကြောင်း အကြံပြုလိုပါတယ်။ မြန်မာနိုင်ငံနဲ့ ရေရှည်ဆက်ဆံရေး မပျက်ချင်ရင် တရုတ်အနေနဲ့ မီးစတဖက် ရေမှုတ်တဖက် မူ၀ါဒကို စွန့် လွှတ်ပါလို့  တိုက်တွန်းလိုက်ပါရစေ။ မြန်မာသည် တရုတ်လက်အောက်ခံ ပြည်နယ် မဟုတ်ပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar