Yagi မုန်တိုင်းရဲ့ ဘေးကနေ ပြန်ထူထောင်ဖို့ မျှော်လင့်ချက်
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၈ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၄
Yagi မုန်တိုင်းရဲ့ ဘေးကနေ ပြန်ထူထောင်ဖို့ မျှော်လင့်ချက်
Yagi လို့အမည်ပေးထားတဲ့ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းတလျှောက် ဖြစ်တဲ့ လာအို၊ ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံတွေမှာ အကြွင်းအကျန် တိမ်ထု၊ လေပွေလှိုင်း မိုးတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒေသအတော်များများမှာ ရေကြီးနစ်မြုပ်ခဲ့ပြီး ရေဘေးဒဏ် ခံစားရသူ လူဦးရေ အရေအတွက်က ၁ သန်းခန့် ခံစားခဲ့ကြရတယ်လို့ UNOCHA အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ လူဦးရေ ၅၄ သန်းဝန်းကျင် ရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၁ သန်း ရေဘေးဒဏ်ခံစားရတဲ့ သဘောက လူ ၁၀၀ မှာ ၂ ဦးခန့် ထိခိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ နကိုကတည်းက စစ်ပွဲတွေကြောင့် အသက်တွေ၊ လူနေအိမ်တွေ နဲ့ ပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးနေရပြီး ဖြစ်တဲ့ ဒေသတွေမှာ ရေဘေးက ထပ်မံကျရောက်တာမို့လို့ ဒီဒုက္ခတွေကနေ ပြန်လည်ထူထောင်ဖို့ အရေးက ခက်ခဲလွန်းတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရေဘေးဒဏ်ခံစားကြရတဲ့ ဒေသတွေအနက် ပဲခူးတိုင်းထဲက စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းလို ဒေသတွေ၊ ကရင်နီပြည် က လွိုင်ကော်လို ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ စစ်ကောင်စီနဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအကြား ရှေ့တန်းစစ်မျက်နှာလို ဖြစ်နေတဲ့ ဒေသတွေဖြစ်လို့ ရေဘေးအန္တရာယ်ကျရောက်ချိန်မှာတောင် ရိက္ခာ၊ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် သယ်ဆောင်ခွင့်မရှိတဲ့ အနေအထားဖြစ်ပြီး လူမှုရေးအဖွဲ့အစည်းတွေက ကူညီပေးမယ့် ရိက္ခာ၊ အဝတ်အစား၊ ဆေးဝါးတွေကို စစ်ကောင်စီဘက်က ဖြတ်သန်းခွင့်မပြုတာ၊ အရေအတွက် ကန့်သတ်တာတွေ လုပ်ဆောင်နေတယ်လို့ သတင်းအချို့မှာ ဖေါ်ပြထားကြပါတယ်။
စက်တင်ဘာလ ၉ ရက်ဝန်းကျင်က စတင်ဖြစ်ပွားခဲ့တဲ့ ရေဘေးဒဏ်ခံစားရတဲ့ ဒေသအသီးသီးမှာ စားနပ်ရိက္ခာ၊ ကျန်းမာရေးဝန်ဆောင်မှု၊ အမိုးအကာ၊ ရေဘေးဒဏ်ခံစားရတဲ့ သူ အများစုရဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ အကူအညီအရေးတကြီး လိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂ အဖွဲ့အစည်း တခုဖြစ်တဲ့ UNOCHA က ထုတ်ပြန်ထားပါတယ်။
အချိန်မှီ မကူညီနိုင်ခဲ့ရင် ရေဘေးဒဏ်ကြောင့် ဖြစ်ပွားလာနိုင်တဲ့ ရောဂါဘယတွေ၊ အငတ်ဘေး၊ နောက်လာမယ့် ရာသီအတွက် စိုက်ပျိုးသီးနှံတွေ မစိုက်ပျိုးနိုင်တော့တဲ့ အနေအထားတွေ ဖြစ်ပေါ်လာနိုင်သလို နောက်လာမယ့် လပိုင်းတွေ၊ ယခုနှစ်အတွင်းမှာဖြစ်စေ အငတ်ဘေးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမယ့် အန္တရာယ်လည်း ရှိနေတာ ဖြစ်ပါတယ်။
လူထုအချင်းချင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေကြတာလည်း ရှိနေပေမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ မျိုးစေ့နဲ့ အခြားသော အကူအညီတွေက လူထုအချင်းချင်း ကူညီနိုင်တဲ့ အကူအညီမျိုး မဟုတ်ဘဲ အစိုးရနဲ့ နိုင်ငံတကာ အကူအညီလိုမျိုး ငွေအင်အားနဲ့ ပူးပေါင်း စီမံခန့်ခွဲတဲ့ သဘောသဘာဝ ရှိတဲ့ အကူအညီတွေ ဖြစ်ပါတယ်။
ရေဘေး ဒဏ်သင့်ခဲ့တဲ့ ဒေသအများအပြားက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ ဖြစ်ပြီး အချို့ဒေသတွေကသာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ PDF အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။
အခုလက်ရှိ အချိန်အထိ အချို့သော နိုင်ငံတကာ အစိုးရတွေက ရေဘေးကျရောက်တဲ့ ဒေသတွေအတွက် အကူအညီတချို့ပေးအပ်တာ၊ ကတိပြုထားတာတွေ ရှိပေမယ့် လိုအပ်တဲ့ ပမာဏနဲ့ နှိုင်းယှဥ်ရင် လိုအပ်ချက် များစွာရှိနေသေးတဲ့ အနေအထားလို့ ဆိုရမှာပါ။ လက်ရှိ သိရသလောက်မှာ အိန္ဒိယ၊ တောင်ကိုးရီးယား၊ နော်ဝေ၊ အမေရိကန်ပြည်ထောင်စုတို့က အကူအညီပေးမယ်လို့ ပြောဆိုထားကြပြီး ကုလသမဂ္ဂအဖွဲ့အနေနဲ့လည်း ရေဘေးဒဏ်သက်ရောက်မှု နဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီပမာဏ၊ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်မှုတွေကို တွက်ချက်ထုတ်ပြန်တာတွေ လုပ်ဆောင်နေပေမယ့် ရန်ပုံငွေထည့်ဝင်ဖို့ ကတိပြုချက်တွေအရ များများစားစား ရရှိနေတဲ့ အနေအထားတော့ မဟုတ်ပါဘူး။
ကမ္ဘာမှာ စစ်ပွဲတွေ ၊ သဘာဝဘေးအန္တရာယ်တွေ နေရာအများအပြား ဖြစ်ပွားကျရောက်နေတာမို့လို့ မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်က အာရုံစိုက်မှု များများစားစားရနိုင်ဖို့ မလွယ်ကူတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ၂ နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်တဲ့ ယူကရိန်း-ရုရှား စစ်ပွဲလိုမျိုးမှာ အကူအညီအများအပြား ပေးအပ်နေကြရတာ၊ အဲဒီနောက် ယမန်နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်း ပါလစ္စတိုင်း ဂါဇာဒေသ၊ အခုတဖန် လက်ဘနွန်တောင်ပိုင်း စတဲ့ အဖြစ်အပျက်တွေက နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိတဲ့အနေအထား ဖြစ်တာကြောင့် မြန်မာ့အရေးဟာ ရေရှည်ဖြစ်ပွားနေတဲ့ ပဋိပက္ခသဖွယ် ရှုမြင်လာကြတဲ့ အနေအထားလည်း ရောက်ရှိနေတယ်လို့ ဆိုရမှာပါ။
ဒီလိုအခြေအနေ အခင်းအကျင်းမှာ အစိုးရလို့ မခေါ်ထိုက်သော်လည်း နယ်မြေ စိုးမိုးမှုနဲ့ နိုင်ငံတော် ဆိုတဲ့အဓိပ္ပါယ် သတ်မှတ်ချက်တွေအရ အစိုးရအဖြစ် တည်ရှိနေသေးတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု၊ သဘာဝဘေးအန္တရာယ်ကိုပါ အသုံးချပြီး စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်မှုတွေရဲ့ ဒဏ်ကို ဒီဘေးဒဏ်သင့် နယ်မြေဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုက ခံစားနေကြရဦးမယ့် အနေအထားလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar