တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာချက်နဲ့ နောက်ခံ သမိုင်းကြောင်း
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၄
တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာချက်နဲ့ နောက်ခံ သမိုင်းကြောင်း
စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ က မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့တွေလို့ ၄င်းအဖွဲ့တွေက အမည်ပေးထားတဲ့ ကိုးကန့်၊ ရခိုင် နဲ့ တအာန်း လက်နက်ကိုင် ၃ ဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ်ကြေညာကြောင်း စက်တင်ဘာ ၂ ရက်နေ့နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လက ထိုစဥ်က အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရလက်ထက်ကတည်းက ပထမအကြိမ် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီး ဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်တ လကျော်အကြာမှာ AA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ်ကြေညာထားတာကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး နောက် ၃ နှစ်ကျော်အကြာမှာ အခုလို အကြမ်းဖက် အဖွဲ့အဖြစ် ဒုတိယအကြိမ်အနေနဲ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်တွေအတွင်း AA လက်နက်ကိုင် အဖွဲ့နဲ့ စစ်တပ်အကြား ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေကို အခြေခံကာ စစ်တပ်က အဆိုပြု ခန့်အပ်တဲ့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီး ဌာနတွေက AA ကို အကြဖ်းဖက် အဖွဲ့အဖြစ်ကြေညာခဲ့ပြီး ထိုစဥ်က အစိုးရတာဝန်ယူခဲ့တဲ့ အန်အယ်လ်ဒီ အစိုးရရဲ့ သဘောတူညီမှုနဲ့ ကြေညာခဲ့တာဖြစ်ပါတယ်။
ထိုစဥ်က အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နဲ့ NCA ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတဲ့ ကာလမှာ စစ်တပ်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဖွဲ့ဆိုလို့ AA လက်နက်ကိုင် အဖွဲ့တဖွဲ့သာ ရှိခဲ့တာ ဖြစ်ပြီး အန်အယ်လ်ဒီ အစိုးရ တာဝန်ယူခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မတူတဲ့ ဆက်ဆံရေး အနေအထားမျိုးနဲ့ စစ်တပ်ဘက်က ဆက်ဆံခဲ့တဲ့ အနေအထားလည်း ရှိခဲ့တာပါ။
ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်ကာလတွေမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ စစ်တပ်က အစိုးရရဲ့ သဘောထားကို ရာနှုန်းပြည့် နာခံခဲ့တဲ့ အနေအထားမဟုတ်တာ တွေ့ခဲ့ရပါတယ်။ အချို့သော ကိစ္စရပ်တွေမှာ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ သဘောထား ရပ်တည်ချက်ကိုသာ ကိုင်စွဲပြီး အစိုးရအဖွဲ့နဲ့ ကွဲလွဲတဲ့ ရပ်တည်မှုမျိုး နဲ့ ရပ်တည်ခဲ့တဲ့ အဖြစ်အပျက် သာဓကတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ လက်မှတ်ထိုးခဲ့ကြတဲ့ အန်စီအေ လို သဘောတူညီမှုမှာ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ကို ဖိတ်ခေါ်ခြင်း မပြုဖို့နဲ့ ပါဝင်ခွင့်မပြုဖို့ စစ်တပ်ဘက်က ရပ်ခံကိုင်စွဲခဲ့ကြတယ်လို့လည်း ထိုစဥ်က ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေထဲမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ သူက ပြောဆိုဖူးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်မှ ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ AA အဖွဲ့ကိုလည်း ဆွေးနွေးရမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အဖြစ် မသတ်မှတ်လိုကြောင်း ထိုစဥ်က ဦးသိန်းစိန် အစိုးရဘက်က ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဦးဆောင်တဲ့ ဗိုလ်ချုပ်ဟောင်းတွေက သတင်းမီဒီယာတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက်မှ လက်နက်ကိုင် နည်းလမ်းကို ကိုင်စွဲကြတာကို နိုင်ငံရေးအရ လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲတယ်လို့ မယူဆဲ့ ရပ်တည်ချက်မျိုး ရပ်တည်ခဲ့ကြတာတွေ့ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ရဲ့ မဲဆန္ဒနယ် အများစုကို အနိုင်ရခဲ့ပေမယ့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကို ဦးဆောင် ဖွဲ့စည်းခွင့် မရခဲ့တဲ့ အခြေအနေတွေကလည်း ရခိုင်ပြည်နယ်မှာ AA အဖွဲ့ရဲ့ လက်နက်ကိုင် လမ်းစဥ်က မှန်ကန်ကြောင်း သက်သေပြခဲ့သလို ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွေမှာတော့ စစ်တပ်နဲ့ AA အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ နှစ်နဲ့ချီကြာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေရဲ့ ထောက်ခံမှု၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး အတွက် လက်နက်ကိုင် တိုက်ခိုက်မှုရဲ့ ပဏာမ အစ စစ်ဆင်ရေးတွေ ဖြစ်ပြီး အဲဒီ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီကာလတွေက စပြီး နှုတ်နဲ့ အပစ်ရပ် သဘောတူခဲ့ကြရာက စစ်အာဏာသိမ်းအပြီးမှာ အန်အယ်လ်ဒီအစိုးရနဲ့ အဆင်မပြေဖြစ်ခဲ့ကြတဲ့ ရက္ခိုင့်တပ်တော်ကို စစ်ကောင်စီက အန်အယ်လ်ဒီကို ဘုံရန်သူအဖြစ် သတ်မှတ်မှုချင်းတူတဲ့ အဖွဲ့တဖွဲ့အနေနဲ့ သဘောထားကာ အကြမ်းဖက်အဖွဲ့ အဖြစ် ထုတ်ပြန်ထားတာကို ပြန်ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။ ဒါတွေက မဝေးတဲ့ အတိတ်က သမိုင်းကြောင်းတွေ ဖြစ်ပြီး အခုတဖန် တိုက်ပွဲတွေ ပြင်းထန်နေချိန်၊ ရခိုင်ပြည်နယ်က နယ်မြေ အများစုကို စစ်ကောင်စီက လက်လွှတ်ခဲ့ရချိန် မှာ စစ်ကောင်စီက AA ကို အကြမ်းဖက် အဖြစ် ဒုတိယအကြိမ်မြောက် ကြညာခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခံရတဲ့ နောက် ၂ဖွဲ့ အနက် MNDAA လို့ အတိုကောက်ခေါ်ဆိုတဲ့ ကိုးကန့်အဖွဲ့ကိုတော့ စစ်အာဏာသိမ်းမှု မတိုင်ခင် နှစ် အတန်ကြာကတည်းက လောက်ကိုင် ကုန်းကြမ်းဒေသတွေမှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို၊ ၂၀၀၉ ခုနှစ်ကတည်းက တိုက်ခိုက်အနိုင်ယူပြီး စစ်တပ်နဲ့ ဆက်ဆံရေးကောင်းတဲ့ ပယ်စောင့်ချိန်ဦးဆောင်တဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ရေးအစိုးရအဖွဲ့နဲ့ ပြည်မက စစ်တပ်ကို အလစ် အငိုက်တိုက်ခိုက်ခဲ့တာတွေကြောင့် စစ်တပ်အနေနဲ့ ရန်ဘက် အဖွဲ့သဖွယ် သဘောထားခဲ့တာ ဖြစ်ပါတယ်။
တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကိုတော့ စစ်ကောင်စီ အနေနဲ့ ယခင်က ရှမ်းမြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငယ် တဖွဲ့အဖြစ်သာ သဘောထားမှတ်ယူခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် လျင်မြန်စွာ အင်အားကြီးထွားလာကာ ရှမ်းမြောက်က အဓိကကျတဲ့ မြို့တွေကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့တဲ့ အဖွဲ့ အဖြစ် ရှုမြင်ပြီး လတ်တလော မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုမှတဆင့် မန္တလေးအထိ ခြိမ်းခြောက်လာတဲ့ လက်နက်ကိုင်အဖွဲ့ လို့ မှတ်ယူကာ အကြမ်းဖက်အဖွဲ့ သတ်မှတ်တဲ့အထဲ ထည့်သွင်းခဲ့တဲ့ သဘောလို့ ယူဆရပါတယ်။
ဒီအဖွဲ့တွေကို အကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်ခြင်းဟာ လက်တွေ့မှာ ဥပဒေ သဘောအရ အဆိုပါ အဖွဲ့တွေနဲ့ ဆက်သွယ်သူတွေကို ဖေါ်ထုတ်တွေ့ရှိရရင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနိုင်တဲ့ ဥပဒေ အသာစီးရမှုကို ရယူလိုတာ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဆိုတဲ့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ရယ်လို့ အသိအမှတ်မပြုလိုတဲ့ ရည်ရွယ်ချက်တွေလည်း ရှိနေတာကို ပြသလိုက်တဲ့ သဘောဖြစ်ပါတော့တယ်။ အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာထားတဲ့အထဲမှာ နွေဦးတော်လှန်ရေး၏ တပ်ဦးက NUG လည်း ပါဝင်နေပြီး ဖြစ်တာကြောင့် - စစ်ကောင်စီဟာ ယခုအချိန်မှာ အကြမ်းဖက်အဖွဲ့များနဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေမရှာဘူးဆိုတဲ့ ရပ်တည်ချက်ကို ထင်ထင်ရှားရှား ထုတ်ပြလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ပြစ်မှုပြစ်ဒဏ် ချမှတ်ထားတဲ့ ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနဲ့လည်း တွေ့ဆုံဆွေးနွေးရေးတံခါး ပိတ်ထားပြီး ဖြစ်ကြောင်းကိုလည်း တရုတ်ခေါင်းဆောင်များနဲ့ နိုင်ငံတကာကို ပြသထားပြီးလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar