ပဟေဠိဆန်တဲ့ လှိုင်သာယာမှာ ဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးခံအချုပ်သား လုပြေးမှု
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၅
ပဟေဠိဆန်တဲ့ လှိုင်သာယာမှာ ဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးခံအချုပ်သား လုပြေးမှု
ဇူလိုင်လ ၁ ရက်နေ့ညနေပိုင်းက လှိုင်သာယာမြို့နယ် ရဲစခန်းအချုပ်မှာ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူ မဇွန်ပွင့်လှိုင်ကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ဆေးရုံပို့ဖို့ အသွား လမ်းမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၃/၄ ဦးက လုံခြုံရေးတာဝန်ယူထားသူ ဒုရဲအုပ် ၂ ဦးကို ပစ်ခတ်ကာ မဇွန်ပွင့်လှိုင်ကို လုယူသွားတယ်လို့ အဲဒီနေ့ညပိုင်း နဲ့ ဇူလိုင် ၂ ရက်နေ့နံနက်ပိုင်းမှာ သတင်းဌာနတချို့ကဖေါ်ပြခဲ့ကြပါတယ်။ ပစ်ခတ်မှုကြောင့် ဒုရဲအုပ်အမျိုးသားသေဆုံးပြီး နောက် တဦးဖြစ်တဲ့အမျိုးသမီး ဒုရဲအုပ်ကတော့ ပခုံးမှာ ကျည်ထိတဲ့ဒဏ်ရာပဲ ရခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ အဆိုပါ သတင်းတွေအရဆိုရင် ဖမ်းဆီးခံထားရသူ နဲ့ ကယ်ဆယ်သူတွေဟာ မြို့ပြပြောက်ကျား သို့မဟုတ် PDF တပ်ဖွဲ့ဝင်တွေလို့ ကောက်ချက်ချစရာ ရှိပါတယ်။
ဒါပေမယ့် ဇူလိုင်လ ၂ ရက်နေ့ နေ့လည်လောက်မှာတော့ မဇွန်ပွင့်လှိုင်ကို လုယူထွက်ပြေးသူတွေကို သံလျင်မြို့နယ်ထဲမှာဖမ်းမိထားပြီဆိုတဲ့သတင်းနဲ့ ယမန်နေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ လှိုင်သာယာက စျေးဝယ်စင်တာတခုရဲ့ကားရပ်နားရာနေရာ က CCTV ကင်မရာမှတ်တမ်းတွေ၊ ဖမ်းဆီးခံထားရတဲ့ လုယက်ထွက်ပြေးသူတွေရဲ့ဓါတ်ပုံတွေကို စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရန်တွေသတင်းဌာနတွေမှာဖေါ်ပြလိုက်တဲ့အခါ လက်နက်နဲ့တရားခံကိုလုယူထွက်ပြေးသူတွေရဲ့ နောက်ခံအချက် အလက်တချို့ဖေါ်ထုတ်နိုင်ကြပြီး လက်နက်နဲ့လုယူထွက်ပြေးရာမှာ ဦးဆောင်လှုပ်ရှားသူ ၂ ဦးဟာ စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာမှာ ကရင်ပြည်နယ်ထဲက တိုင်းရင်းသားလက် နက်ကိုင်နယ်မြေမှာနေထိုင်ကာ National Special Forces အမည်နဲ့ PDF တပ်ရင်းတရင်း တည် ထောင်ဖွဲ့စည်းကာအလှူငွေကောက်ခံပြီး စစ်ကောင်စီဘက်ကိုလက်နက်ချသွားခဲ့တဲ့နောက်ကြောင်းရာဇဝင်ရှိသူတွေ ဖြစ်နေကြောင်း သိရှိကြရတော့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဒီလုယက်ကယ်ထုတ်သွားတဲ့အဖွဲ့ကို ဦးဆောင်သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် လွတ်မြောက်နယ်မြေမှာနေထိုင်ပြီး လက်နက်ကိုင်အဖွဲ့ဖွဲ့စည်းလုပ်ဆောင်ခဲ့စဥ်က မကောင်းသတင်းနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကသိရှိခဲ့သူဆိုတဲ့အချက်အလက်တွေ လည်း ပေါ်ထွက်လာခဲ့ပါတယ်။
ကရင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်နယ်မြေမှာ ၂ နေရာ ၃နေရာလောက် ပြောင်းရွှေ့ပြီးနေခဲ့ကြသလို ၂၀၂၃ခုနှစ်အချိန်ကာလမှာ အလှူခံရရှိတဲ့ ကျပ်ငွေ သိန်း ၉၀၀ လောက်နဲ့ လက်နက်အချို့ကိုယူဆောင်ပြီး စစ်ကောင်စီထံလက်နက်ချခဲ့သူတွေဖြစ်တာကြောင့် ပူးပေါင်းကြံစည်မှု သီအိုရီ conspiracy theory သံသယတွေ ပေါ်ထွက်လာစရာ ဖြစ်လာခဲ့ပါတယ်။ အဆိုပါ အင်ဒရူး ခေါ် ချစ်ဇင်လင်းနဲ့ အခုကယ်ထုတ်ခံရသူ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၀(ည) နဲ့ စွဲဆိုဖမ်းဆီးခံရသူ မဇွန်ပွင့်လှိုင်တို့က လင်မယားဖြစ်တယ်လို့ ၂၀၂၃ စက်တင်ဘာ လက်နက်ချမသွားခင် ကရင် ပြည်နယ်လက်နက်ကိုင်ဒေသမှာ အတူနေထိုင်ခဲ့ဖူးသူတချို့က လူမှုကွန်ရက်မီဒီယာမှာ ရေးသားထားပါတယ်။ မဇွန်ပွင့်လှိုင် လက်ရှိဖမ်းဆီးခံထားရတဲ့ကိစ္စကလည်း PDF ထောက်ပံ့ရေး ခေါင်းစဥ်အောက်က ငွေကြေးအလှူခံတဲ့ကိစ္စကြောင့်လို့ လူမှုကွန်ရက်မီဒီယာမှာ ရေးသားထားကြတာတွေ့ရပါတယ်။
အခုလိုအဖြစ်အပျက်နဲ့ပတ်သက်လို့ ကနဦးသတင်းတွေ ထွက်ပေါ်လာစဥ်မှာတော့ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ တပ်ခံထားရတာ၊ လက်နက်နဲ့လုယူထွက်ပြေးတယ်ဆိုတဲ့အချက်တွေကြောင့် မြို့ပြပြောက်ကျားအဖွဲ့လိုမျိုးနဲ့ပတ်သက်တဲ့အဖြစ်အပျက်လို့ ယူဆနေကြပေမယ့် ရန်ကုန်မြို့က မြေအောက်လှုပ်ရှားတဲ့အဖွဲ့တွေကတော့ PDF တွေနဲ့မသက်ဆိုင်ကြောင်း မှတ်ချက်ပေးထားတာကို ဇူလိုင် ၁ ရက်နေ့မှာ ဖေါ်ပြတဲ့သတင်းအချို့မှာ တွေ့ခဲ့ရပါတယ်။ တဖန် ပစ်ခတ်လုယူမှုဖြစ်ပွားရာ လှိုင်သာယာ အိုးရှင်းရှော့ပင်းစင်တာ ကားရပ်နားရာက CCTV ကင်မရာမှတ်တမ်းလည်း လူမှုကွန်ရက်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပြီး အဆိုပါဗီဒီယိုထဲမှာ ပစ်ခတ်လုယူမှုကိုဦးဆောင်သူလို့ယူဆရတဲ့ ချစ်ဇင်လင်းက မဇွန်ပွင့်လှိုင်နဲ့ လက်တွဲလျှောက်လာတာ၊ ဒုရဲအုပ် ၂ ဦးစလုံးက ယူနီဖောင်းနဲ့မဟုတ်ပဲ အရပ်ဝတ်တွေနဲ့ ဖြစ်တာတွေ့ရပါတယ်။ အချုပ်ကနေ အရေးပေါ် ဆေးကုသမှုခံယူဖို့ အကြောင်းနဲ့ ပုဂ္ဂလိကဆေးခန်းတခုကိုပြသခွင့်ရတဲ့အနေအထား၊ တဖန် စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာ ဆေးဝယ်ဖို့ လှိုင်သာယာ အိုးရှင်းစျေးဝယ်စင်တာကိုဝင်တယ်လို့ ဖေါ်ပြထားတာကိုကြည့်ရင် လုံ ခြုံရေးတာဝန်ယူသူ ရဲတွေအနေနဲ့ ငွေကြေးလာဘ်လာဘကြောင့် အခုလိုဆေးခန်းပြဖို့ အခွင့်အရေးမျိုးနဲ့ တင်းကြပ်တဲ့လုံခြုံရေး အစီအမံတွေလုပ်ဆောင်ခြင်းမရှိတာလားလို့ ယူဆစရာရှိနေတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီထံ လက်နက်ချသွားတဲ့သူတွေ၊ တော်လှန်ရေးအတွက် အလှူခံအကြောင်းပြပြီး ကိုယ်ကျိုးရှာသူတွေဖြစ်လို့ အခုဖြစ်ရပ်တွက် ဝမ်းနည်းစရာမရှိဘူးလို့ မှတ်ချက်ပေးကြတာတွေ့ရပါတယ်။ တဖက်မှာလည်း လက် နက်ကိုင်တော်လှန်ရေး PDF အမည်နဲ့ ဖွဲ့စည်းလှုပ်ရှားကြတဲ့သူတွေထဲ အခုလို စုန်းပြူးတွေ ပါဝင်နေတဲ့အချက်က လက်နက်ကိုင်တော်လှန်ရေးကိုငွေကြေးထည့်ဝင်ကြတဲ့ ပြည်သူတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ရဲ့လားဆိုတဲ့အချက်ကိုစိစစ်ပြီးမှ ထည့်ဝင်ကြဖို့ နှိုးဆော်လိုက်သလို ဖြစ်စေပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်တိုက်ခိုက်ကြတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ အခုအဖြစ်အပျက်မှာ အဓိကပါဝင်တဲ့ ချစ်ဇင်လင်းလို ငွေကြေးအလွဲသုံးစားလုပ်ပြီး စစ်တပ်ထံ လက်နက်ချသွားတဲ့ သူမျိုး အဖြစ်အပျက်တွေ တခုမကရှိနိုင်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဆိုတဲ့ ယေဘုယျအမည်အောက်မှာ အဆင့်ဆင့်ဦးဆောင်မှုအမိန့်ပေးညွှန်ကြားမှုမရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာနိုင်ငံအနှံ့မှာ အများအပြားရှိနေလိမ့်မယ်လို့ မှန်းဆကြည့်နိုင်ပါတယ်။ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး တနင်္သာရီ၊ ကရင် ၊ ရှမ်းတို့လိုမှာ ဗဟိုထိန်းချုပ်မှု မရှိတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေရှိနေကြသေးပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တာ ၄ နှစ်ကျော်လာတဲ့အချိန်မှာ အခုလိုအခြေအနေမျိုးဟာဖြစ်သင့်သေးရဲ့လားဆိုတာ အရေးတကြီး ဆွေးနွေးစရာအချက်တချက်ဖြစ်ပါတယ်။
ဗဟိုထိန်းချုပ်မှုမရှိခြင်း ဗဟိုကအမိန့်အောက်မှာမရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ရေးအရလည်း ထိရောက်စွာလှုပ်ရှားနိုင်ခြင်းမရှိတဲ့အားနည်းချက်နဲ့ ရပ်တည်ရေးအတွက် ရှာဖွေတဲ့ ရံပုံငွေ တနည်း အလှူခံကြတဲ့ငွေကြေးကို အလွဲသုံးစားလုပ်မှုတွေလည်း ရှိနေနိုင်တဲ့အချက်က ရေရှည်မှာ လက်နက်ကိုင်တော်လှန်ရေးကိုထိခိုက်စေမှာ အသေအချာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar