ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီ တိုက်လေယာဥ်တစီး ပျက်ကျ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၃ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၅
ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီ တိုက်လေယာဥ်တစီး ပျက်ကျ
ခုသီတင်းပတ်တွေအတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခဲ့တဲ့ ကရင်နီ (ကယား) ပြည်နယ် ဖားဆောင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ တိုက်လေယာဥ်တစီး “ညအချိန် ခရီးဝေးလေ့ကျင့်ပျံသန်းစဥ်” အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ နောက်တနေ့ ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၃ ရက်နေ့မှာတော့ ဖားဆောင်းမြို့နယ်ထဲက ကျောက်လုံးကြီးရွာအနီးတဝိုက်မှာ လေယာဥ်အပျက်အစီးတွေကို ရှာဖွေတွေ့ရှိထားကြောင်းနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချခဲ့ကြောင်း KNDF က ထုတ်ပြန်ခဲ့ပါတယ်။
မကြာသေးခင် လွန်ခဲ့တဲ့ တလ နီးပါးက စစ်ကိုင်းတိုင်း ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေစဥ် လေကြောင်းပစ်ကူလာတဲ့ တိုက်လေယာဥ် တစီး ပျက်ကျခဲ့ပြီး ထိုစဥ်က PLA လို့အတိုကောက်ခေါ်ဆိုတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် က ၄င်းတို့ပစ်ချခဲ့တာလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီအဖြစ်အပျက် ၂ ခုစလုံးမှာ ပစ်ချ သို့မဟုတ် ပျက်ကျတဲ့ တိုက်လေယာဥ်တွေဟာ တရုတ်နိုင်ငံထုတ် တိုက်လေယာဥ်တွေ ဖြစ်ကြပါတယ်။
ယခု ဖားဆောင်းမြို့နယ်ထဲ ပျက်ကျတာ သို့မဟုတ် ပစ်ချခံရတဲ့ လေယာဥ်မှာ စစ်ကောင်စီလေတပ်က လေယာဥ်မှူး ၂ ဦးပါသွားပြီး ၂ ဦးလုံး လေယာဥ်ပျက်မီးလောင်ရာမှာ သေဆုံးသွားတယ်လို့ အထောက်အထားတွေအရ ပြောဆိုထားကြတာတွေ့ရပါတယ်။
လျင်မြန်တဲ့မြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး မြန်ဆန်စွာလမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ဂျက်တိုက်လေယာဥ်တွေ ပစ်ချခံရတယ်ဆိုခဲ့ရင် တော်လှန်ရေးအင်အားစုတွေဘက်မှာ လေကြောင်းကာကွယ်ရေးအတွက် အမှန်တကယ် ထိရောက်တဲ့ လက်နက်တွေရှိနေပြီလားဆိုတဲ့ မေးခွန်းလည်း မေးစရာရှိနေနိုင်ပါတယ်။
ပစ်ချသည် ဖြစ်စေ၊ ပျက်ကျသည်ဖြစ်စေ၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်တဲ့ စစ်လေယာဥ်နဲ့ စစ်ရဟတ်ယာဥ် လျော့နည်းသွားတာ ကောင်းတဲ့ သတင်းဖြစ်ပါတယ်။ အခုနှစ်ပိုင်းအတွင်း ပစ်ချခံရတာနဲ့ ပျက်ကျတာတွေ စုစည်းရင် ၁၀ စီးဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။ စုစုပေါင်း အစီးရေ ၂၀၀ ဝန်းကျင် ရှိတယ်လို့ဆိုကြတဲ့ စစ်ကောင်စီ လေတပ်အဖို့ ၁၀ စီးဆိုတဲ့ အရေအတွက်ဟာ အဆုံးအဖြတ်ဖြစ်နိုင်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ခုရက်ပိုင်းအတွင်း ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ရဟတ်ယာဥ်တွေ ထပ်ဝယ်ဖို့ ထင်မြင်ချက်လည်း ထွက်လာပါတယ်။
သို့ပေမဲ့ လေတပ်မှာ ပါဝင်တိုက်ခိုက်ပေးနေကြတဲ့ စစ်လေယာဥ်မောင်းနှင်သူတွေ အနေနဲ့ အသက်သေဆုံးနိုင်တဲ့ အန္တရာယ်၊ မသေဆုံးခဲ့ရင်တောင် ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ရှိနေပြီဆိုတဲ့ အနေအထားလို့ ပြောရင်မမှားပါဘူး။ လောလောဆယ် အချိန်ထိတော့ တော်လှန်ရေး လက်နက်ကိုင်တွေက စစ်လေယာဥ်မှူးတဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်ပျက်ကျ သို့မဟုတ် ပစ်ချခံရတဲ့ ဖြစ်စဥ်တွေမှာတော့ တိုက်လေယာဥ်၊ စစ်ရဟတ်ယာဥ်နဲ့အတူ သေဆုံးခဲ့ကြတာ တွေ့ရပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ စစ်ကူ၊ ရိက္ခာ၊ လက်နက်တွေ ပို့ဆောင်ပေးတာနဲ့ သတင်းအချက်အလက် စုဆောင်းပြီး တော်လှန်ရေး အင်အားစုတွေရဲ့ လက်နက်ကိုင်တပ်၊ အုပ်ချုပ်ရေး အခြေစိုက်ရာနေအိမ်၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဥ် လေကြောင်းပစ်ကူပေးတာတွေကို နေ့စဥ်နဲ့အမျှ စစ်လေယာဥ် ရဟတ်ယာဥ် အင်အားအကုန်နီးပါး သုံးပြီး အကြိမ်ရေများစွာ လုပ်ဆောင်နေတာ ဖြစ်လို့ အခုလို ပစ်ချခံရတာ သို့မဟုတ် မတော်တဆ ပျက်ကျနိုင်ခြေ မြင့်တက်လာနေတယ်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။
စစ်ကောင်စီကို လေယာဥ်ဆီ ဝယ်ယူနိုင်ခြင်းမရှိအောင် အဖွဲ့အစည်းအချို့က ကမ်ပိန်းလုပ်ဆောင်နှိုးဆော် တိုက်တွန်းနေကြတာရှိပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီ အနေနဲ့ ဝယ်မရတဲ့အခြေအနေမျိုး မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ အနက် ဗီယက်နမ်လို နိုင်ငံမျိုးက တဆင့်ဝယ်ယူရရှိနိုင်သလို မြန်မာနိုင်ငံနဲ့ မဝေးတဲ့ တရုတ်နိုင်ငံလိုမျိုးက တဆင့်ဝယ်ယူမယ်ဆိုလည်း ရနိုင်တဲ့ အနေအထားတွေဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး လေယာဥ်၊ ရဟတ်ယာဥ်တွေ ပျံမတက်နိုင်အောင် မလုပ်ဆောင်နိုင်သေးဘူးလို့ ဆိုရမှာပါ။ လေယာဥ်၊ ရဟတ်ယာဥ် အပိုပစ္စည်းတွေ ဝယ်ယူခြင်း မပြုနိုင်အောင် နိုင်ငံတကာအစိုးရတွေကို တိုက်တွန်းမှုတွေ ရှိခဲ့ပေမယ့်လည်း စစ်ကောင်စီ လေတပ်မှာ သုံးတဲ့ တိုက်လေယာဥ်၊ ရဟတ်ယာဥ် အများစုက တရုတ်နဲ့ ရုရှားတို့က ထုတ်လုပ်တဲ့ ပစ္စည်းတွေ ဖြစ်ပြီး အဆိုပါ ၂ နိုင်ငံအနေနဲ့ အခုလိုတိုက်တွန်းမှုတွေကို ထည့်သွင်းစဥ်းစားမယ့် အနေအထား မရှိတာကြောင့် ဒီကမ်ပိန်းလည်း ကြီးမားတဲ့ သက်ရောက်မှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။
အာဏသိမ်း စစ်ကောင်စီ အနေနဲ့ မြေပြင်မှာ ထင်တိုင်းမပေါက်တဲ့ ဒေသတွေအဖို့ လေကြောင်းကနေ ထောက်ပို့လုပ်တာ၊ တိုက်ခိုက်တာတွေဟာ စစ်သက် ဆက်ဆေးသဖွယ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားတွေ အများအပြား ထိခိုက်သေဆုံးမှုတွေ ဖြစ်စေပြီး တဖက်မှာ စစ်ကောင်စီကို နာကြည်းမှုတွေ ပိုမိုမြင့်တက်စေနိုင်သလို တဖက်မှာလည်း မြေပြင်မှာ ခုထက်ပိုပြီးနယ်မြေတွေ လက်လွတ်ဆုံးရှုံးရမယ့် အခြေအနေကို အတိုင်းအတာတခုထိ ကာကွယ်ဖို့ ဒီနည်းလမ်းကို စစ်ကောင်စီက ဆက်လက် ရွေးချယ်ကျင့်သုံးနေဦးမှာဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ နှစ်ကုန်မတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေ အချို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေရာမှာ လေကြောင်းတိုက်ခိုက်မှုအကူအညီကိုလည်း အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် အားထားနေပုံရပါတယ်။ အခုလက်ရှိ ရက်ပိုင်းတွေမှာ နောင်ချိုမြို့ကို မြေပြင်မှာ သိမ်းယူနိုင်ဖို့ အင်အားအများအပြားနဲ့ တဆင့်ချင်းတဆင့် ချဥ်းကပ်လာနေသလို ရှမ်းပြည်နယ် မြောက်ပိုင်းအဓိက ကားလမ်းမကြီးပေါ်က ကျောက်မဲမြို့ကို နေ့စဥ်ရက်ဆက် ဆိုသလို လေကြောင်းကနေ တိုက်ခိုက်ပြီး မြို့နေလူထုကို မြို့ကနေ စွန့်ခွာအောင် တိမ်းရှောင်အောင် ရည်ရွယ်လုပ်ဆောင်နေတာတွေ့ရပါတယ်။
ဒါက ရှမ်းမြောက်ဒေသက အနေအထားဖြစ်ပြီး ကချင်ပြည်နယ် အရှေ့တောင်ဘက် ဗန်းမော်မြို့သိမ်းဖို့ စကခ စခန်းကို သိမ်းယူဖို့ ကြိုးစားနေတဲ့ KIA နဲ့ နှစ်ဝက်ကျော်လာတဲ့အထိ ရင်ဆိုင်တိုက်ခိုက်နေရာမှာလည်း လေကြောင်း အကူအညီကို အဓိကအားယူထားတာ ဖြစ်ပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ရဟတ်ယာဥ် တစင်းကို KIA က ဒရုန်းတိုက်ခိုက်ပြီး ပျက်ကျအောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဗန်းမော်မြို့နဲ့ စကခ ၂၁ စခန်းကို အပြီးတိုင် သိမ်းပိုက်နိုင်ခြင်း မရှိသေးတာတွေ့ရပါတယ်။
ကရင်နီ (ကယား) ပြည်နယ်မှာတော့ စစ်ကောင်စီဘက်က ဖားဆောင်းမြို့က စစ်ကောင်စီ တပ်ရင်းတရင်း လက်လွှတ်ဆုံးရှုံးရပြီး အခြားတဖက်မှာ ရှမ်းပြည်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ မိုးဗြဲမြို့ကိုတော့ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့တာ တွေ့ရပါတယ်။
စစ်ကောင်စီအဖို့ လေကြောင်းအကူ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ အတူ တဖက်လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေဒေသတွေ တည်ငြိမ်စွာ အုပ်ချုပ်နိုင်ခြင်း မပြုနိုင်အောင် ခြိမ်းခြောက်တဲ့နည်းကို ဗျူဟာတရပ်အနေနဲ့ ဆက်လက်ကျင့်သုံးနေဦးမယ့် အလားအလာ ရှိနေတယ်လို့ သုံးသပ်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar