ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အယ်ဘထံပို့စာ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အယ်ဘထံပို့စာ
(မိုးမခ) စက်တင်ဘာ ၁၈ ၊ ၂၀၂၄
အူကြောင်ကြားရွှေဆိုင်တွေက စစ်ခွေး ရဲခွေး ပျူခွေး ခွေးဓားပြအုပ်ရဲ့ မျက်စိကျစရာ ဖြစ်နေတယ်။ မြဝတီနဲ့ MRTV လောက် ကြည့်နေကြတဲ့သူတွေ ဓားပြစာသင့်နေတဲ့ အကာလပေါ့။ ခေတ်ကြီး ဘာဖြစ်နေတယ် ဆိုတာ မျက်ခြည်မပြတ်အောင် နေချင်နေ၊ မဟုတ်လို့ကတော့ ကိုယ် ရှာထားတာနဲ့ကိုယ် အသတ်ခံရကိန်း ဆိုက်လာမယ်။ ခွေးဓားပြအုပ်စုက သွားဖြဲပြီး အငမ်းမရ လိုက်ဆွဲနေတာ၊ စစ်ရှုံး စစ်ဆုတ်နေတာ သူတို့ အသိဆုံး။ စစ်အုပ်စု အလွန်မှာလဲ ဓားပြဘဲ ဆက်လုပ်စားစရာရှိမယ့်သူနဲ့ အထုပ်နဲ့ အထည်နဲ့ ခပ်တည်တည် နေကြမယ့်သူဘဲရှိတာ။ အာ့ကြောင့် ခုဗြောင်ဓားပြတိုက်နေတာ။ ခု ရွှေဆိုင် ဓားပြမှုတွေဟာ အချင်းချင်းငြိလို့ ဖမ်းခံရတာ။ အာ့ကြောင့် အယ်ဘ သားတို့ပျူတွေရဲ့အောင်မြင်မှုကို ရဲက ဂျေဝင်ပြီး ဖမ်းတယ် ဘာညာနဲ့ နန်းတွင်းထဲကနေ သတင်းပို့နေတာ။ ကားငှားပေးလိုက်တဲ့ G-2 စစ်ဗိုလ်ကလဲ ဝေစုမရလို့ တင်းနေတာဆိုတော့ ပို့ရတော့တာပေါ့။ သတင်းပို့ပုံကြီးကလဲ ဆာချက်၊ အယ်ဘထံ ပို့စာကို ဖတ်သာကြည့်။
“အဓိက ပြောလိုသည်မှာ ကျတော်တို ပသစ များအား ထိမ်းကျောင်းလမ်းပြ ဦးဆောင်နေတဲ့ အရာရှိကြီးမှလည်း ဖြစ်စဉ် အမှန်ကိုသာ ဖော်ထုတ်ပြီး ပသစ များအား အရေးမယူပါရန်နဲ့ အခု ကလေးတွေကလည်း မတ္တရာ၊ ကျောက်တံတား၊ ထန်းပင်ကုန်း မှာ စစ်ဆင်ရေး တာဝန်များကို တပ်မတော်၊ ရဲတပ်ဖွဲ့တို့နဲ့အတူ ထမ်းဆောင်ပြီး ခေတ္တခဏ ပြန်လာကြသူများ ဖြစ်ကြောင်းအား ရဲတပ်ဖွဲ့ တာဝန်ရှိသူများအား ရှင်းပြပါသော်လည်း အခွင့်မပေးခဲ့ပါ။
ယခုအခါ ပသစ အဖွဲ့သည် မန္တလေးမှာ အကြမ်းဖက် နှိမ်နင်းရေးကို အောင်မြင်စွာ ရှေ့တန်းက ဆောင်ရွက်နေနိုင်မှုအပေါ် မုဒိတာစိတ် မထားနိုင်ဘဲ အငြိုးထား အရေးယူလာတာတွေ ခပ်စိပ်စိပ် တွေ့လာရပါတယ် အဘ။ လွန်ခဲ့သည့် ရက်ပိုင်းက ၃၅ လမ်း၊ ၇၇ လမ်းနဲ့ ၇၈ လမ်းမှာ ဘာအမှားမှ မကျူးလွန်တဲ့ ပသစ အဖွဲ့ဝင်ကို ရဲက လက်ထိပ်ခတ် ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အခုအခါ မန္တလေး ပသစ အဖွဲ့ဝင် တော်တော်များများက စိတ်ဓာတ်က ပျက်ပြားလျက်ရှိပြီး ဖျက်ပစ်တော့မယ်ဆိုတဲ့အထိဖြစ်နေပါတယ် အဘ”
ပေါက်ကတုံးကလဲ သူ့ကောင်တွေ ပျောက်ဆုံးတော့ ကစ်ပြီ။ ကစ်ဆို သူလဲ ဝေစုလှူရန် လစ်သွားတာကိုး။ အဲတော့ တကွက်တော့ထုတ်ရှိုးတယ်။
“ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ဓားပြမှုတွေ ဖြစ်တယ်။ တစ်ယောက်မှ မမိကြဘူး။ အရင်တခါ ဓားပြမှုတစ်ခု ဦးဇင်းဆီကို လာတယ်။ ကူညီပါဦးဆိုပြီ။ ဦးဇင်း ပြောလိုက်တာက ရှင်းရှင်းလေး၊ အောင်မြေသာစံခရိုင်က ရဲအုပ်မြတ်ကိုကိုတို့ကို မေးလိုက်၊ တိုင်းက လူတွေကို မေးလိုက်၊ အဲ့ဒီ ဓားပြမှုအတွက် လူတွေကို လိုက်မနေနဲ့လို့၊ အဲ့တာ ရဲထဲကလို့ ဦးဇင်း ပြောလိုက်တယ်။ ဝန်ထမ်းထဲကလို့ ဦးဇင်း ပြောလိုက်တယ်။ တပတ်လောက်ကြာတော့ အဲ့တာ (ရဲထဲကပဲ) တန်းမိတာပဲ။ ပုံစံအနေအထားကို ကြည့်လိုက်တယ်၊ လှုပ်ရှားမှု အနေအထားကို ကြည့်လိုက်တယ်၊ ခေါင်းဆောင်လာတဲ့သူရဲ့ အနေအထားကို ကြည့်လိုက်တယ်လေ”
အင်း ပေါက်ကတုံးလဲ မကြာခင် ပျောက်ဆုံးနိုင်တယ်။ သူက အကုန်ဖော်နိုင်တာ ဆိုတော့ သူ့ပါးစပ်လေးကို တိပ်ကပ်ချင်သူက များလာပြီ။
ခုက ဓားပြမှုမှာ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေးတင်ထင်မနေနဲ့။ မီးသတ်ပါပါလာပြီနော်။ မီးခွေးတွေလဲရှိလာပြီ။ အုပ်ကြီးတွေကလဲ သူ့နည်းနဲ့သူ ဓားပြတိုက်တာဘဲ။ သူတို့ကတော့ မအလ အမိန့်တခု ထုတ်တိုင်း သောက်ပွဲ စားပွဲနဲ့တောင် ကြိုဆိုကြတာ။ စစ်ဥထမ်းအမိန့်ကတော့ သူတို့အတွက် ခွေးဘုရားပွဲ တွေ့တော့တာလေ။ မအလကို ခိုင်းစားလို့ရတာလဲ သူတို့ပဲရှိ မဟုတ်လား။ အုက်ကြီးတွေကလဲ မအလ အလွန်မှာ ခိုင်နေအောင်ဆိုပြီး ရပ်ရွာကို ချိုင်ကြတာပေါ့။ မြို့နယ်ထွေအုပ်နဲ့ တပ်နယ်ကိုတော့ ခွဲတမ်းပို့ရတယ်။ အကုန်လုံးကတော့ ကိုယ့်ဂွင်နဲ့ ကိုယ်ပါဘဲ။ လဝကကလဲ သူ့အဆင်နဲ့ သူ့ဂွင်နဲ့။ စမတ်ကဒ်ဂွင်ပါထပ်ရတော့ ငြိမ်ပြီပေါ့။
ပြည်သူကတော့ မီးဘေး၊ ရေဘေး၊ ခွေးသူခိုးဘေးတွေနဲ့ ပြေးစရာမြေပျောက် ဒုက္ခရောက်ပြီးရင်းရောက်နေရတာပ။ အလှည့်တော့ သေချာပေါက်ရှိပါတယ်လေ၊ တနေ့ပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar