Breaking News

မောင်ဘဦး - ရသာမဖက် တမာရွက်က လက်ဖက်ကိုဂုဏ်ခံ

Art by Than Htay Maung

ရသာမဖက် တမာရွက်က လက်ဖက်ကိုဂုဏ်ခံ
မောင်ဘဦး
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၄

ချဥ်ဖက်ပြုကာ ငါးပိ​ရည်နှင့်တို့စားသော အညာတမာရွက်အရသာ အခါးအကြောင်းကိုသာသိသော လက်ဖက်မြေရောက်အညာသားကျောင်းဆရာကျွန်တော် ၊ ထိုနယ်မြေ၏တမာရွက်အရသာ ဘာမှမရှိကြောင်း ကြုံခဲ့ရပါ၏။ ထိုနယ်မြေတွင်တမာ၂ မျိုးရှိကြောင်းသိရပြန်သည်။ သူတို့အခေါ် "ဟေးလှိုက်ဗန်း "(အမည်းရောင်ပင်စည်ရှိသောတမာပင်)၊ "ဟေးလှိုက်ဆောင်း "(အခါးအရသာရှိသော တမာပင်)ဟူ၏။ ဟေးလှိုက်ဗန်း၏အသီးသည် လက်မတစ်ဆစ်စာလောက်သာရှိသည်။ ချဥ်သောအရသာရှိပြီး စား၍လည်းရသည်။ ထိုတမာရွက်ကို တအာင်းလူမျိုးများက ဟင်းရှားချိန်သုတ်စားလေ့ရှိသော်လည်း ဘာအရသာမှမရှိ။ ဟေးလှိုက်ဆောင်းမှာ အခါးအရသာရှိသည်ဆိုသော်လည်း အသီး အရွက်၂ မျိုးလုံး စား၍ မရ။ ဟေးလမှုက်ဗန်းရွက်သည် စား၍ရသည်ဆိုသော်လည်း စုံစုံမက်မက် တခုတ်တရစားကြသည်မဟုတ်။ စားချင်သည့်အချိန်တွင်စား၍ရသည်လည်းမဟုတ်။ တပို့တွဲတပေါင်းလများတွင် သူတို့၏ခြံထဲတွင်စိုက်ထားသော အသီးအရွက်များတုံးသွားချိန်၊ ထိုတမာရွက်အပါ ပရဖူးချိန်ဖြစ်ရာ လော လောလတ်ရသောတမာရွက်ကို မရှိ ရှိရာ၊ မရှိသုံးအနေဖြင့်စားကြခြင်းဟုသိရသည်။
           တအာင်းလူမျိုးများသည် တောတောင်များကြားတွင် မြို့ရွာတည်နေလေ့ရှိပြီး သစ်ဝါးပေါလှသောဒေသဖြစ်သည်။ထိုကြောင့် အိမ်ကြီးရ ခိုင်များဖြင့်ဆောက်လုပ်နေလေ့ရှိသူများဖြစ်သည်။ သို့သော်အထက်ပါတမာ ၂ မျိုးစလုံးကို အသုံးပြုနည်းလှသည်။ သစ်ပျော့လည်းဖြစအပြီး ရာသီဥတုနှင့် သဘာဝဘေးဒဏ်ကိုခံနိုင်ရည်နည်း၍ ပျက်စီးလွယ်သောကြောင့်လည်းပါသည်။ အိမ်ဆောက်ရန်လွှဖြင့်တိုက်စဥ်ကတည်းက လေကြောင့်ကွဲတတ်သလို မိုးဒဏ်ကြောင့်ခြစားလွယ်သည်။ ခြောက်သွေ့စေရန်နေပူထဲတွင်လှန်းထားပါက အပေါ်မှအလေးဖြင့်ဖိ၊ဘေးမှအထိန်းများလုပ်မထားပါက ကွေ့ကောက်သွားတတ်ပြန်သေးသည်။ အိမ်ဆောက်ရာတွင်အသုံးပြုပါက သံရိုက်ပါကလည်း ကွဲတတ်သလို အိမ်သုံးထင်းအဖြစ်အသုံးပြုပါက မကြာခဏမီးထ ထ ပေါက်တတ်ရာ အလွန်အသုံးဝင်မှုနည်းသည်။အရွက်၊ ပင်စည် ၂ မျိုးလုံး၏ဂုဏ်သတ္တိ၊ သဘာဝသည် ခိုင်မာမှုမရှိခြင်း၊အရသာမရှိခြင်းဖြစ်ရာ "တောင်မရောက် မြောက်မရောက်၊အတောင့်မကြီးအသီးမမာ"ဟု ဆိုရသော် သင့်တော်လေမလား။
            တဖန်"အသီးမှာသရက်၊အသားမှာဝက်၊ အရွက်မှာလက်ဖက်"ဟုသောဆိုရိုးကို လူတိုင်းကြားဘူးပေချိမ့်မည်။အရွက်တကာအရွက်တွင် လက်ဖက်ရွက်သည်အကောင်းဆုံးအရသာရှိသောအရွက်ဖြစ်ကြောင်း အဓိပ္ပါယ်မဲ့ မဆိုတန်ရာ။
"လက်ဖက်ဆိုရာမှာ၊သရေခေတ္တရာ၊ ပေါက္ကံရာမ၊ နန်းစံထီးဆောင်း၊မင်းကောင်းတို့လက်ထက်က ဆင်းသက်ပွားများ၏၊ ရှည်းလျားကြာနှောင်းလျှင်၊မကောင်းတချို့ကောင်းတချို့၊အစို့စို့အငန်းငန်း၊တောင်လမ်းငါးဆယ်ကျော်ကဲဲပါးခြင်း၊အတွင်းခုနှစ်သွယ်၊ အလယ်လေးရပ်၊ တောင်လပ်ရှစ်တန်၊ ပြန်တစ်ဆယ့်ရှစ်မျိုး၊ တောင်ရိုးပေါငိးသုံးဆယ် ခုနှစ်ထွေရှိလေသည်အနက်၊၊အလယ်ချက်ပြဆုံးတောင်သုံးဆယ်လမ်း၊ ဇယန်းတောင်မ အစရှိသောအရပ်နေရာကဖြစ်လာသောလက်ဖက်၊အရွက် အကင်း အဆင်း အနံ ယုတ်ညံအရသာ၊ပမာနဂုဏ်၊မစုံမလင်၊ဖြစ်စဥ်မြို့ရွာတစ်တန်၊ ကူးသန်းလဲလှယ်၊ကုန်သည်ငယ်တို့ရောင်းဝယ်ပြုလုပ်သော ထန်းစေ့မှုတ်လက်ဖက်ဖျင်းများကလည်း၊ကောင်းခြင်းသို့မဝင်၊ ဘုရင်ဧကရာဇ်၊သရေခေတ္တရာမြို့ တည်၊စည်သူမင်းဖျား၊စားတော်ခေါ်ချိန်၊ မိန်ရာသီပြောင်း၊တပေါင်းလပြည့်နေ့၊ဥတ္တရဖလဂုနီနက္ခတ်၊သုံးမှတ်တြင်း၊နဝင်းဦးအခါတွင်၊ ပဒုမ္မာပွင့်ချပ်မှ၊ဥပပတ်ကြာဝတ်သူ၊ဟန်ယူထွက်သကဲ့သို့၊ ခက်သဒ္ဓါညွှန့်၊တွန့်ရရွက် စီရရီ၊တညီ တညွတ် တသမတ်တည်းထွက်လာသောလက်ဖက်ကို၊ကိုးမြတ်ရတနာ၊ချယ်စီမွှာခတ်၊ ရွှေကလပ်နှင့်တင်၍၊ရွှေပြည်ရှင်မင်းတို့ကို၊မပြတ်နှစ်စဥ်၊ ဆက်တင်ပို့သရကြောင်း၊ ထုံးဟောင်းကိုရည်၍၊မိုးမမီ ရွှေဘီဟု တွင်သောလက်ဖက်ကိုသာ၊နှစ်သက်အံသြ ပြောလောက်​​​ကြောင်း စာဟောင်းသမိုင်းထွက်ရှိသည်"ဟု ဦးပုညမေတ္တာစာတွင်ပါရှိသည်ကိုတွေ့ရသည်။

               လက်ဖက်ထွက်ရာ အတွင်းသုံးရပ် အလယ်လေးရပ် တောင်ကလပ်တို့ရှိရာ တောင်သုံးဆယ်လမ်း ဇယန်းတောင်မများတည်ရှိရာ အတွင်းတောင်များမှထွက်ရှိသော မိုးမမီ ရွှေပြည်ဦးလက်ဖက်အရသာမှာ အလွန်အံသြစရာ ကောင်းပေ၏။အလွန်မွန်မြတ်သောအရသာရှိကြောင်း ထပ်ပြောနေရလျှင် လူတိုင်းသိ၍ အသိထပ်ရာကျမည်။ အမှန်ပင် ရွှေပြည်ဦး(ယခုအခါ ရွှေဖီဦး) လက်ဖက်အရသာသည် လက်ဖက်ရည်ကြမ်းသောက်ခါစတွင် ခါးသည်၊ခဏကြာလျှင် နှုတ်မြိန်စေသည်၊နှုတ်ချိုစေသည်။အခြားသောအစာများစားပြီးလျှင် ခံတွင်းချဥ်လေ့ရှိသော်လည်း ထိုလက်ဖက်ရည်သောက်ပြီးလျှင် ချဥ်လေ့မရှိ။မာ်မျှသောက်သောက် ရင်ပြည့်ရင်ကယ်မရှိ။လေကိုပွားစေတတ်သည်။ လက်ဖက်စိုစားရာ၌လည်း ထိုကဲ့သို့ပင်ရှိရာ ကျမ်းဂန်များ၌"ဝါတဝဎုန"ဟုခေါ်ကြသည်မှာ အလွန်သင့်လျှော်မှန်ကန်လှသည်။ လက်ဖက်အစိုအထြောက်ပြုလုပ်ရာတွင်လည်း ရေနွေးငွေ့နှင့်ပေါင်းပြီးမှ လက်ဖြင့်လှိမ့်၊စက်ဖြင့်လှိမ့်ကာပြုရသည်။ထိုလက်ဖက်ခြောက်တို့ကိုပြန်အသုံးပြုရာတွင်လည်း မူလအရွက်မပျက် ပြန်တွေ့ရသည်။ လက်ဖက်စိုက်ပျိုးရာတွင်လည်း ၄ နှစ်သားအရွယ် ပျိုးပင်၏အမြစ်မကိုအနေတော်ဖြတ်၊အမြစ်မွှာများကိုသပ်ပြီးမှ တောင်စောင်းပေါ်တွင်စိုက်ရသည်။လောင်းရိပ်မကြိုက်၊မိုးထဲလေထဲနေပူထဲတွင် စိုက်ပြီးထားဖားလိုက်ရာ စိုက်ပြီး၃နှစ်တွင် စတင်ခူးနိုင်သည်။ လက်ဖက်၏ဂုဏ်သတ္တိနှင့်သဘာဝကိုက ခိုင်မာခြင်း၊ လောင်းရိပ်မကြိုက်ခြင်း၊အသုံးပြုသူကို အကျိုးကျေးဇူးများစေခြင်းရှိစေရာ "လက်ဖက်ကောင်းစားချင်လျှင် ပလောင်တောင်တက်နေ"(မူကွဲ-လက်ဖက်ကောင်းစားချင်လျှင် ပလောင်တောက်တက်နှေး)စကားပုံထွက်လာသည်မဟုတ်လော။"လက်ဖက်နှင့်မဲဇလီ၊ကတ္တီပါနှင့် လျှော်တေ၊ရသာမဖက် တမာရွက်က လက်ဖက်ကိုဂုဏ်ခံလို့" ဟုသောဆိုရိုး စကားပုံများထွက်ပေါ်လာသည်မဟုတ်လော။
                   ၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကအစပြုလာသော ကျွန်တော်တို့မြန်မာတစ်မျိုးသားလုံး၏ နွေဦးတော်လှန် ရေးတွင် အဓမ္မဖက်ရပ်တည်နေသော၊အသိဥာဏ်ပညာရှိသော်လည်း ခေါင်းညိတ် ခေါင်းခါ လောက်သာလမ်းဆုံးနေသော၊အများပြည်သူမည်မျှပင်တောင်းဆိုနေသော်လည်း ဘာမှမသိနားမလည်ဟန်ဆောင်နေသော၊ မိမိတို့ကိုယ်ကျိုးအတ္တကို ရှေ့ တန်းတင်ထားသော်လည်း အဖြူထည်များအဖြစ် ကိုယ်လုပ်မှကိုယ်စားရသည်၊ ဘယ်သူလာမကျေွးဘူးဟုစိတ်ထားရှိသော၊ပြာ်သူတို့၏အသက် သွေး ချွေး ပေးဆပ်ရင်းနှီးမှုများ မည်မျှပင်ဆုံးရှုံးနေပါစေ ဝန်ထမ်းနိုင်ငံရေးမပါဝင်ရဟု ယုန်ကလေးနှာစေးနေသော၊ ပြည်သူဝန်ထမ်း နိုင်ငံတော်မှချီးမြှင့်သောလစာရိက္ခာကို မင်းအောင်လှိုင်မှပေးနေသည်ထင်ကာ မင်းအောင်လှိုင်ကျွန်ထမ်းနေသော၊ပြည်သူအများမှ လူမှုရေးပြစ်ဒဏ်ပေးမှုကိုလှောင်ပြောင်နေသော တမာရွက်နှင့်တူ သော Non-CDMs များကို ယခုထက်ထိ အထင်အရှားတွေ့ရ၏။ သူတို့သည် လှည်းဘီးနွံထဲကျွံနေသညိကို တွေ့၏၊မြင်၏။သို့သော်ကူတွန်းရန်မစဥ်းစား၊ ဆူးစူးစူး ခလုတ်တိုက်တိုက် လေသရမ်းမိုးကြမ်းကြုံပါစေ၊ ဆူးမွေ့ယာခရောင်းလမ်းဟုမမြင်၊ငရဲပန်းကိုရွှေပန်းထင်၊တံလျှပ်ကိုရေထင် ရွှေသမင်ကိုပျော်ပျော်ကြီးအလိုက်မှားနေကြသည်။

                      တဖန်လှည်းဘီးနွံထဲကျွန်နေသည်ကို မြင်သိနားလည်၍ မနေနိုင်သောသူများကိုလည်း တွေ့ရသည်။ထိုသူတို့သည် ကူလည်းတွန်းပေးကြသလို လမ်းပျက်ဗွက်ထ သွားရခက်နေခြင်းကိုလည်း နိုင်ရာဝန်ထမ်း၍ ပြင်ပေးနေကြသည်။လက်ဖက်ကဲ့သို့ ရာသီဥတုကြမ်းတမ်းမှုကြုံတွေ့ရသလို ဆင်းရဲဒုက္ခ ပင်ပမ်း ခက်ခဲမှုများကြုံပစေ၊မဖြုံလေ နောက်မဆုတ်။ပေးဆပ်ရင်းနှီးမှုများက အလွန်ဝမ်းနည်းစရာကောင်းသေယ်လည်း ဒူးမထောက်လက်မမြှောက်ပဲ ရှေ့ခရီးဖြောင့်ဖြူးစေရန် ကြိုးပမ်းအားထုတ်နေကြသည်။ရနေကြလစာကိုလက်ခါပြ၊လုပ်နေကြအလုပ်ခွင်များကိုမသွား၊ဆင်းရဲဒုက္ခအပေါင်းကိုခါးစောင်းတင် ဓမ္မဆိုသောလမ်းဖြောင့်လမ်းဖြူးပေါ်တွင် ချွေးတရွဲရွဲ သွေးတစိုစိုရှိကြပါစေ၊မမှုလေကြ။ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက် အမှောင်ကျနေခြင်းကို ရသမျှ နိုင်သမျှတို့ဖြင့် မမှိတ်မသုန်သောဇွဲ မမှောက်မှားသောအသိများဖြင့် အလင်းရောင်ပေးနေကြသည်။ပြည်သူ့ကာကွယ်ရေးတပ်မတော်PDFများ၊တိုင်းရင်းသားEROsများကဲ့သို့ လက်နက်မကိုင်သော်လည်း ကျရာအခန်း ရရာလက်နက် မိမိတို့ကျွမ်းကျင်ရာများဖြင့် မအလ၏ကျွန်အဖြစ်မခံ၊အမှန်ခရီးကိုဥာဏ်ကြီးကြီးဖြင့် လျှောက်လှမ်းနေကြသည်မှာ CDMများမဟုတ်လော။

                  တဖန်Non-CDMs များသည် PDFများကြီးစိုးရာ နယ်မြေများတွင် မည်သို့မှတိုးမပေါက် မနေရဲကြသော်လည်း တိုင်းရင်းသားEROsများနယ်မြေတွင် တာဝန်ပါဝင်ထမ်းလိုကြသည်။အပ်ကြောင်းထပ်နေသည့်ဆင်ခြေပေါင်းများစွာဖြင့်  ရသည်အပေါက်မှဝင်လိုကြသည်။ဥာဏ်နီဥာနက်များက ထွကအဖြစ်အောင်ထွက်ကြသည်လူမျိုးများမဟုတ်လော။အထူးသဖြင့် EROsဗိုလ်အချို့တို့၏ဇနီးမယားများသည် ထူးထူးဆန်းဆန်းNon-CDMsများဖြစ်နေသည်ကို ထူးထူးဆန်းဆန်းတွေ့ရသည်။(ကျွန်တော်တို့မြို့နယ်ရှိ CDM TA တစ်ဦးဆိုလျှင် သူ၏အမျိုးသမီးမှာNon-CDMsဖြစ်နေသော်လည်း TLEC ဝနအထမ်းအဖြစ် ခန့်ထားလိုကြောင်း အရှက်မရှိပြောခဲ့သည်ကိုကြုံရပါလေ၏) ထိုသူတို့အားကိုးဖြင့် Non-CDMs များသည် ရလိုရငြား သွေးတိုးစမ်း ဗရမ်းဗရာ လမ်းရှာနေကြသည်။ 1027 operations ဒုတိယလှိုင်းအတွင်း သိမ်းယူထားသောမြို့ပြများတွင် ပိုဆိုးသည်။ထိုနန်းတို့သည်ရှမ်းမြောက်တွင်နေမရတော့ပဲ ပြည်နယ်မြို့တော်သို့ အတွဲတာဝန်ဖြင့် ထမ်းကြသူထမ်းကြသည်။ ပထမလှိုင်းအတွင်းက သိမ်းယူထားနိုင်သောမြို့ပြများရှိ ဝန်းထမ်းများကလည်း တစ်မြို့ပြီးတစ်မြို့ အတွဲတာဝန်ဖြင့်ပြောင်းပြောင်းလာရရာ ယခုအခါတောင်ကြီးသို့ဆက်မလိုက်နိုင်တော့ဟု ဆိုသူကဆိုကြသည်။ ထို့ကြောင့် EROs ဗိုလ်ကတော်များမှတစ်ဖုံ၊ နွေဦးတော်လှန်ရေးတွင် ရန်ဖြစ်ခဲ့၍မဟုတ်ပဲ လမ်းမတူ၍ကွဲနေသည့် ယခင်ကသိကျွမ်းပေါင်းသင်းခဲ့ရသည့် သူငယ်ချင်းCDMအချို့မှတစ်မျိုး လှည်းကြုံလိုက် လူ ကြုံပါး သတင်းစကားများပါးနေကြသည်။
               ထင်းခွေစဥ်ကမပါ၊ ထင်းရှာစဥ်ကမလိုက်ခဲ့ပဲ ထမင်းစားချိန်ရောက်မှ အဆင်သင့်စားချင်နေသောထို Non-CDMs များကို ၃ နှစ်ကျော်၄ နှစ်အထဲရောက်သည်အထိ အနစ်နာခံခဲ့သော ဘယ်CDM များမှ လက်ခံနိုင်ပါမည်လဲ။CDMs များက လစာမယူ၊ အလုပ်မဝင်၊အငတ်ခံ၊ မရှိ ရှိသည့်ကြားထဲကထောက်ပို့လုပ် တော်လှန်ကြသည်။EROsများက လက်နက်ကိုင်တော်လှန်ကြသည်။ တော်လှန်သူခြင်းအတူတူ ဘယ်နန်းများကိုမှလက်မခံရန်နှင့် မည်သို့သောအကြောင်းပြချက်များကိုမှ လက်မခံရန် CDMsများကသဘောထား ထုတ်ပြန်သည်။အချို့က"ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲ​ သာ၊မလျှော့မတင်း စောင်းကြိုးညှင်း"စသဖြင့် တတ်သမျှမှတ်သမျှဆိုကြပြန်သည်။ သူတို့လည်းသူတို့မှန်သည်ထင်၍လုပ်သည်။ကိုယ်လည်းကိုယ့်လမ်းကို​ လျှောက်ခဲ့သည် ဟူ၍လည်းလူ့အခွင့်အရေးသမားယောင်ယောင် ပရဟိတသမားလိုလို အကွန့်တက်ကြသေးသည်။ သို့သော် Non-CDMsများပါလာလျှင် ဘယ် CDMs များမှပါဝင်တော့မည်မဟုတ်ကြောင်း၊ အ​ေချာင်သမားများနှင့် အတူတူတာဝန်မထမ်းဆောင်လိုကြောင်း အပြတ်ပြောပြောလိုက်ရသည်။ယခုတော့ 1027 operations ဒုတိယလှိုင်းအတွင်း ထပ်မံသိမ်းယူထားနိုင်သော မြို့ပြများတွင် အုပ်ချုပ်ရေး၊ကျန်းမာရေး၊ပညာရေးတို့ကိုလှည့်ပတ်ရန် စတင်လုပ်ဆောင်နေလေပြီ။ Non-CDMs များမှာမူ မြွေပါလည်းဆုံး သားလည်းဆုံး၊ ဖွတ်မရ ဓားမဆုံး၊ ရေသာခိုလှေကြုံလိုက်ရင်း ကမ်းနားသစ်ပင်ကျွန်ဝန်ထမ်းများ သူတို့ဘဝကြီးကပဲခါးနေသလိုလို၊ မင်းအောင် လှိုင်ကိုပဲဆဲရမလိုလိုနှင့် ပူဗျာပါဆယ်နေကဲ အလွဲတွင်းဆုံးကျနေကြသည်။

               ကျွန်တော်အပါအဝင် CDMsများအနေဖြင့် ခေါင်းမာခြင်း၊ တစ်ဖက်စွန်းကျခြင်း၊ မခေါ်မပြောနိုင်အောင်ဖြစ်ရခြင်း၊အလှည့်ကျမနွဲ့ကြစတမ်းဟု ထေ့ငေါ့ ခေါင်းမော့နေခြင်းမဟုတ်ပါ။ သူ့ကိုယ်သူရာထူးပေး ရာထူးယူထားသူ မနုသီဟ ဖင်လေးခွမင်းအောင်လှိုင်သည် နိုင်ငံတော်အာဏာကို ပြည်သူ့အစိုးရထံမှလက်နက်ပြ အကြမ်းဖက်သိမ်းယူထားခြင်း၊လူသတ် သူခိုးခေါင်ချုပ်ဖြစ်နေခြင်း၊ နိုင်ငံတော်ကိုနှစ်၂၀ နောက်ပြန်ရောက်အောင် ဖျက်ဆီးနေခြင်း၊ ပြည်သူများကမထောက်ခံခြင်း၊ နိုင်ငံတကာကအသိအမှတ်မပြုခြင်း၊ သူ့အမှားကိုနောင်တမရပဲ ပြည်သူ့အပေါ်ပုံချနေခြင်း၊ သူခိုးကလူ လူဟစ်နေခြင်း၊ ယုတ်မာရိုင်းစိုင်းမှုများဖြင့်သာ ပြည်သူများကို ပြုမူခြင်းစသာ်တို့ကို Non-CDMs များသိပါ၏၊ မြင်ပါ၏။ သိပင်သိငြား မြင်ပင်မြင်ငြား ပြည်သူဖက်မရပ်တည်ပဲ မအလဖက်ရပ်တည်နေသည်မှာ မအလနှင့်တစ်သားတည်း၊ တစ်ဖက်တည်း လူဆိုး သူခိုး အကြမ်းဖက်၊ လူသတ်၊ ပြည်ဖျက်သမားဟု မိမိကိုယ်မိမိဆိုနေကြခြင်းနှင့်မတူလော။

Non-CDMsများ၏ဂုဏ်သတ္တိနှင့်သဘာဝကား တမာရွက်များကဲ့သို့အပြင် အချောင်ခိုတတ်ခြင်း၊ဥာဏ်များခြင်း၊ဖောက်ပြန်တတ်ခြင်း၊အရှက်မရှိခြင်းများပမာ မဟုတ်ပါလော။ထိုရသာမဖက် တမာရွက်က အရသာမွန်ရှိပြီး အသုံးပြုသူများကိုအကျိုးရှိစေတတ်သော လက်ဖက်ကို ဂုဏ်ခံနေလျှင် မည်သို့ဖြစ်နိုင်ပါမည်နည်း။မည်သည့်နေရာမှအသုံးမတည့်၊စားကြည့်လျှင်လည်းအရသာကင်းမဲ့သည့်တမာရွက်က ရသဝတီ အမည်ရှိနတ်သစ်စေ့မှရ​ သောရွှေပြည်ရှင်မင်းတို့သုံးသည့် မိုးမမီ ရွှေဘီ ရွှေပြည်ဦးလက်ဖက်ကို မည်သို့တုပနိုင်ပါမည်နည်း။ထို့ကြောင့်ကဗျာတစ်ပိုဒ်ဖြင့် လက်ဖက်ဂုဏ်ကို ဘဝဂ်တုံသွားအောင် ဗျိုးဟစ်လိုက်ရလျှင်

ဟေ့ သူငယ်လျင်း၊မင်းတို့သိစေ
ချမ်းသာဆင်းရဲ၊လက်တွေတွဲရင်း
ခြောက်လည်းမကြောက်၊နောက်
လည်းမဆုတ်
အားထုတ်လုံလ၊မနွဲ့ကြဘူး
လဲကျပစေ၊စိတ်မထွေဘူး
ကြောက်ပေမဲ့လည်း၊အားမနည်းဘူး
ဝမ်းနည်းတာရှိ၊အသိနဲ့တွဲ
လမ်းမလွဲဘူး၊အမြဲအားတင်း
မှန်ကန်ခြင်းသာ၊ရပ်တည်ပါ၏
ဒါမှမဖောက်ပြန်၊လူသားဆန်သော
စီဒီအမ်စစ်ဖြစ်သတည်း။

(၁၆-၉-၂၀၂၄)
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar