Breaking News

နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၄)

နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၄)

မောင်ရစ်၊ (မိုးမခ) စက်တင်ဘာ ၂၂၊  ၂၀၂၄


ပြည်ထောင်စု ကို ဘယ်အရာတွေနဲ့ စည်းနှောင်ထားတာလဲ

လွန်ခဲ့တဲ့ ဇွန်၊ ဇူလိုင်လောက်က ၈၈ အရေးတော်ပုံမိတ်ဆွေတဦးက အမေရိကားကို မိသားစုနဲ့ ခေတ္တ အလည်ပြန်လာတယ်။ သူ တက်ခဲ့တဲ့ တက္ကသိုလ်ကို သူ့သမီးနဲ့ မိတ်ဆက်ပေးချင်လို့ ဆိုတယ်။ သူနဲ့ ၂၀၁၉ တုန်းက နောက်ဆုံး မြန်မာပြည်မှာ တွေ့ခဲ့ပြီး နွေဦးတော်လှန်ရေးမှာတော့ အွန်လိုင်းမှာပဲ အဆက်အသွယ်ရှိပါတော့တယ်။ သည်တော့  သူနဲ့လည်း မျက်နှာချင်းဆိုင် တွေ့ချင်တယ်၊ လက်ရှိ နွေဦးလှုပ်ရှားမှုတွေထဲ ကိုယ့်အတွေ့အကြုံ၊ သူ့အတွေ့အကြုံလည်း ပြောဆိုချင်တာလည်း ပါတယ်။ မိုးမခက ထုတ်ထားတဲ့ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်တမ်း - မြန်မာနွေဦးခရိုနီကယ် စာအုပ်လေးတွေလည်း ပေးချင်တယ်။ သည်လိုနဲ့ သူ့တက္ကသိုလ်မှာ ချိန်းကြပါတယ်။ သူထိုင်နေကြ တူရကီကော်ဖီဆိုင်မှာ စောင့်ရတယ်။ တူရကီ ကော်ဖီနဲ့ အချိုမုန့်တွေ စားရင်း စကားပြောကြတယ် ဆိုကြပါစို့။

ပထမဆုံး ပြောဖြစ်တာ ကိုယ့်ကလေး သူ့ကလေးတွေအကြောင်းပါ။ မိမိကလေးက အမေရိကန်မှာ ကြီး၊ အမေရိကန်မှာ ပညာသင်တော့ ဘာမှ ထူးထူးခြားခြား ပြောစရာမရှိဘူး။ အခြား အမေရိကန်ကလေးတွေလို ပညာသင်တယ်၊ အလုပ် လုပ်ချင်လုပ်မယ်၊ နောက်ထပ် ပညာတွေ ဆက်သင်ချင် သင်မယ်။ ဒါပဲပေါ့။ သူ့ကလေးကတော့ အမေရိကားမှာ မွေး၊ မြန်မာပြည်မှာ ကြီး၊ ထိုင်းမှာ ကျောင်းတက်။ အခုလည်း ကျောင်းက နိုင်ငံတကာက မိဘတွေထားတဲ့ နိုင်ငံတကာကျောင်းမှာ နေတာဆိုတော့ သူ့အတွေ့အကြုံက ကိုယ့်ထက် ထူးခြားမှာပေါ့လေ။ 

သူကတော့ သူ့ကလေးကို ဘာသာတခုခု ယဉ်ကျေးမှုတခုခုနဲ့ တွဲဖက်ပြီး ကြီးပြီးတာမျိုး လိုချင်တယ်တဲ့။ ဂျင်နရေးရှင်းအာလဖာတွေက မိဘတွေ ပြောတိုင်းလည်း လက်မခံချင်ဘူးတဲ့။ သူတို့သူငယ်ချင်း အသိုင်းအဝိုင်းတွေရဲ့ အတွေ့အကြုံ စကားတွေကိုပဲ အခြေခံထားပြီး တိုင်းထွားစဉ်းစားသတဲ့။ ဥပမာ - လူကြီးတွေ ရှေ့က ခေါင်းငုံ့သွား၊ ဟုတ်ကဲ့လို့ ပြောလေ၊ ဦးဦး ဒေါ်ဒေါ် စသည်ဖြင့် အသက်ကြီးငယ်အလိုက် ဒါမျိုး ခေါ်ဝေါ်တယ်ဆိုတာမျိုးကို သိပ်ရှင်းပြလို့ မရဘူးတဲ့။ ကျနော်တို့ ငယ်ငယ်တုန်းကလို ဗမာယဉ်ကျေးမှု အစဉ်အလာနဲ့ သင်ကြားလာခဲ့ရတော့ တချို့ကိစ္စတွေက ရှင်းပြရတာ ခိုင်းရတာ လွယ်တာမျိုးပေါ့လို့ သူက ပြောပါတယ်။ တချို့အရာတွေက သိပ်ရှင်းပြ နားချစရာမလိုဘဲ ဒီလိုပဲ လုပ်လေဆို ကလေးတွေက နားထောင်တတ်တာမျိုးကို သူ့အနေနဲ့ ဆုံးရှုံးတယ်လို့ ခေတ်သစ်မိဘလုပ်နည်းအတွက် ညည်းညူပါတယ်။

ဟုတ်ပါတယ်။ ယဉ်ကျေးမှုလို့ ပြောပြော၊ ထုံးတမ်းအစဉ်အလာလို့ပဲ ဆိုဆို - ဒါတွေက နိုင်ငံတခုခု၊ လူမျိုးအသိုင်းအဝိုင်းတခုခု၊ ဘာသာစကားတခုခု၊ နောက်တနည်း ဘာသာရေးအဆုံးအမတခုခုမှာ တွဲဖက် တွေ့ရတာမျိုးပါ။ မီးထွန်းတာ၊ ရေကစားကြတာ၊ စတုဒိသာကျွေး၊ လူကြီးမိဘတွေကို ထိုင်ကန်တော့တာမျိုးတွေက နိုင်ငံတခုခု လူမျိုး ဘာသာတခုခုမှာမှ တွေ့ရတာမျိုး၊ အားလုံးဆီမှာ သည်လို အစဉ်အလာယဉ်ကျေးမှု ထုံးစံက ရှိချင်မှ ရှိတာကိုး။ နိုင်ငံရပ်ခြားမှာပဲ အိမ်လုပ်ပြီး နေရသူ လူမျိုးစုတွေဟာ အဲသည် မိမိယဉ်ကျေးမှုအစဉ်အလာကို စွဲလမ်းဖက်တွယ်ကြပါတယ်။ သူတို့အချင်းချင်း ပြန်တွေ့ကြရင်လည်း အဲသည် ချိတ်နဲ့ပဲ အချင်းချင်း ပြန် ချိတ်ကြ၊ နီးကပ်ခင်မင် စကားသိုင်းဝိုင်းကြလေ့ရှိပါတယ်။

မြန်မာပြည်အကြောင်း ပြောကြရင် - မြန်မာဘာသာစကား ပါမယ်၊ မြန်မာပြည်၏ ဒဏ္ဍာရီသမိုင်းတွေပါမယ်။ လူစွမ်းကောင်းတွေ၊ သမိုင်းဝင်နေရာတွေ ဖြစ်ရပ်တွေ (ပုံပြင်)တွေ ပါမယ်။ ပွဲတော်တွေ အစဉ်အလာတွေ ပါမယ်။ အဲသည်အကြောင်းအရာတွေကို နောင်ခေတ် ကလေးတွေ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းကြရတယ်။ စာသင်ကျောင်းတွေ၊ ဘာသာရေးဆရာတွေကနေ သင်ကြား ဖြန့်ချိကြပါတယ်။ ပြီးတော့ စာအုပ်၊ စာပေ၊ အနုပညာ၊ ဖျော်ဖြေရေး၊ သီချင်း၊ ဂီတ၊ ပြဇာတ်၊ ရုပ်ရှင်တွေကနေ ဖြန့်ချိကြတယ်။ မျိုးတူစု လူသားတွေအချင်းချင်း ဒါတွေနဲ့ စည်းနှောင်ကြတယ် မဟုတ်ပါလား။

သူ့အင်စတီကျူးရှင်းက ပြည်တွင်းရှိ စီဒီအမ်ပညာရှင်တွေ နိုင်သလောက်စုစည်းပြီး နယ်မြေဒေသအလိုက် အချက်အလက် ကောက်ယူတာ၊ သုတေသနအချက်အလက် ကောက်ယူတာတွေ၊ စစ်တမ်းတွေကနေ သုံးသပ်ချက်တွေ၊ ရှုမြင်ချက်တွေ၊ ထုတ်ပြန်တာတွေ လုပ်တဲ့အကြောင်း ပြောပြတယ်။ ပြီးတော့ အွန်လိုင်းသင်တန်းတွေကနေ မြန်မာပြည်တွင်းက ပညာရေးအဟောသိကံဖြစ်နေရတဲ့ ကျောင်းသားလူငယ်တွေကို လျောက်လွှာ ခေါ်ဆိုပြီးတော့ လူထုပေါ်လစီဆိုင်ရာ သင်တန်းတွေ သင်ကြားပို့ချပေးတဲ့အကြောင်း ပြောပါတယ်။ ပြီးတော့ သူတို့အဖွဲ့အစည်းအတွက် အလုပ်ပြန်ခေါ်တာမျိုးလည်း အခါအားလျော်စွာ ဆောင်ရွက်နေတဲ့အကြောင်း သူက ပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ နောက်ပေါ်ထွက်လာမယ့် အနာဂတ်မြန်မာပြည်တွင် စဉ်းစားတွေးခေါ်နိုင်မယ့် မျိုးဆက်သစ်လူငယ်တွေ တတ်နိုင်သလောက် ပြုစုပေးနေတဲ့သဘောမို့ မြန်မာပြည်ထောင်စုကို ဆက်လက်သယ်ဆောင်နိုင်ဖို့ ခါးဆက်မပြတ်စေဖို့ အလုပ်တခုလို့ ဆိုရမယ် ထင်ပါတယ်။

ကျနော်ကတော့ တပြည် တရွာကနေ မိုးမခမီဒီယာကို ဝိုင်းလုပ်ခဲ့ကြတဲ့အကြောင်း ပြန်ပြောမိတယ်။ သူလည်း အဲသည်မှာ တစိတ်တဒေသ ပါခဲ့တာပဲ။ မိုးမခက မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ လွတ်လပ်တဲ့လူ့ဘောင်သစ် ဆိုတာကို လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကတည်းက စိတ်ကူးယဉ်ထားတာကိုး။ ခေတ်ပြိုင် စာပေသမားတွေရဲ့ ခေတ်ပြိုင်ခံစားချက် အနုပညာတွေ တင်ဆက်တယ်၊ ယခင်သမိုင်းအစဉ်အလာက လက်ရာတွေ အကြောင်းအရာတွေကို ထိန်းသိမ်းတယ်၊ မျိုးဆက်သစ် စာပေအနုပညာရှင်တွေအတွက် ကစားကွင်းလိုမျိုး ဖွင့်ပေးခဲ့တယ်။ မြန်မာပြည်ထဲ ပြန်ပြီး မဂ္ဂဇင်းထုတ်တယ်၊ စာအုပ်ထုတ်တယ်၊ စာဖတ်ပရိသတ်တွေအတွက် ဖတ်စရာ မှတ်စရာ ပြောစရာတွေကို ပေးအပ် ယူဆောင်ပေးတယ်။ အခုတခါ နွေဦးတော်လှန်ရေးလှိုင်းကြီးမှာ ပြည်တွင်းကနေ ပြည်ပကို ပြန်လွင့်စဉ်ကြရပြန်တော့ မြန်မာပြည်တွင်း စာပေ ယဉ်ကျေးမှုတွေအတွက် အမြဲတမ်း တင်ဆက် ဆိုက်ကပ်စရာ ကမ်းခြေတခု အနေနဲ့ ကြိုးစားရပ်တည်နေတဲ့အကြောင်း၊ နွေဦးရဲ့ တပ်ဦးလို့ဆိုနိုင်တဲ့ NUG တော်လှန်ရေးအဖွဲ့အစည်း၏ အသံလွှင့်ဌာန - Radio NUG ကိုလည်း ပါဝင်ထမ်းဆောင်ပေးနေတဲ့အကြောင်း ပြောမိပါတယ်။ အတိတ်ကနေ ချီတက်လာတဲ့ မြန်မာပြည်၊ လက်ရှိ ခေတ်ပြိုင်မြန်မာပြည်၊ ပြီးတော့ လာမယ့် အနာဂတ်မြန်မာပြည်မှာ မြန်မာပြည်သူတွေ၏ အသံ၊ ခံစားချက်၊ ရပ်တည်မှု၊ ရုန်းကန်မှုတွေကို အကြားအလပ်၊ အပြတ်အတောက်မရှိ အမြဲမှတ်တမ်းတင်ထားဖို့ နေရာတနေရာ ဆိုတာ လိုအပ်တယ်မဟုတ်လား။

မြန်မာပြည်ထောင်စုဆိုတာက အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ အနှစ် ၁၀၀ ရှိရှိ၊ အနှစ် ၇၀ ပဲ ရှိတယ် ပြောပြော၊ အနှစ် ရာချီ ထောင်ချီပြီး ရှိနေတယ်ဆိုဆို - အဲသည်ပြည်ထောင်စုရှိနေဖို့ - ပြည်ထောင်စု ပုံပြင်တွေအပြင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာတွေကို မိမိတို့ မြန်မာပြည်သားတွေကိုယ်တိုင် အလေးဂရုပြု သယ်ဆောင်ထမ်းပိုးဖို့ လိုပါတယ်။ သည်လိုမျိုး ချစ်ခင် တွယ်တာ စည်းနှောင်ထားမှုမျိုးကို ဘယ်နေရာတွေကနေ ဆောင်ရွက်နိုင်မှာလဲ။ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ မိသားစုအသိုက်အမြုံတွေ စာပေအနုပညာစခန်းဌာနတွေ ကနေ အခြေပြုရတယ်လို့ ထင်ပါတယ်။ မိမိတို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ မိမိတို့ လွတ်မြောက်ဖို့၊ စနစ်ဆိုး အကျင့်ဆိုးများကို တွန်းလှန်ဖယ်ရှားပြီး လူ့ဘောင်သစ် လောသစ်တခု တည်ဆောက်ဖို့အတွက် မိမိတို့ ဘိုးဘေးတွေကနေ မိမိတို့မျိုးဆက် နောင်မျိုးဆက်တွေ၏ တိုက်ပွဲတွေ ပေးဆပ်မှုတွေ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ခြေရာ လက်ရာတွေ အားလုံးကို တန်ဖိုးထား မှတ်တမ်းတင် လက်ဆင့်ကမ်း ဖက်တွယ် အားသစ်လောင်းဖို့ မိမိတို့ကပဲ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရပ်ခြားအသိုက်အဝိုင်းတွေက လာဆောင်ရွက်ပေးကြမှာ မဟုတ်ပါဘူး။

အမေရိကန် ကယ်လီဖိုးနီးယား ကမ်းခြေက နာမည်ကြီး တက္ကသိုလ်ကြီးတခုအနီးက တူရကီလzက်ရည်ဆိုင်မှာ နိုင်ငံစွန့်ခွာ မြန်မာ ၂ ဦး ထိုင်ပြီး မြန်မာပြည်ကြီး မြန်မာပြည်သူတွေလက်ထဲမှာ ဆက်လက်တည်ရှိနေဖို့အရေး ရောက်တတ်ရာရာ ပြောကြတာပါ။ သူတို၏ ကလေးတွေကတော့ နိုင်ငံတကာ လူသားမျိုးဆက်တွေလိုမျိုး သူတို့ဘိုးဘွားတွေ စွဲလမ်းတဲ့ ရေမြေတိုင်းပြည်ကို ကျောခိုင်းလုနီးပါး ဖြစ်နေကြပါပြီ။ လူသားဆန်မှုကို ကလေးတွေက အတွေးသာနေချိန်မှာ ကျနော်တို့ကတော့ နိုင်ငံသားစိတ်ကို အလေးပေးနေကြဆဲလို့ ဆိုရမယ် ထင်ပါတယ်။ 

ပြည်ထောင်စုကို ဘာတွေနဲ့ စည်းနှောင်ထားတာလဲ။ သူတို့နိုင်ငံသားတွေ သူတို့ ယုံကြည်ကိုးကွယ်ရာ ယဉ်ကျေးမှု အစဉ်အလာ ဘာသာစကားတွေနဲ့ စည်းနှောင်ထားတယ်လို့ ဆိုရပါတယ်။ 

နိဂုံးချုပ် ဟာသတခုကို ပြောရရင် - တက္ကသိုလ်က ကျောင်းဆောင်မှာ အိပ်ပျော်နေတုန်း မီးလောင်တယ်။ အားလုံးက Fire!!! Fire!!! လို့ အော်ကြတယ်။ အိပ်ပျော်နေတဲ့ မြန်မာတယောက်ကို သူ့မိတ်ဆွေက မြန်မာလို “ မီး! မီး! ” လို့ မြန်မာလို အော်ပြီး နိုးမှ လန့်နိုးပြီး ထပြေးသတဲ့။ ပြည်ထောင်စုကို စည်းနှောင်ထားဖို့ ကျနော်တို့ ယုံကြည်ရာချင်း အသံတူဖို့ လိုပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar