နမ့်ခမ်း၊ ဒီမော့ဆို၊ ဖယ်ခုံ နဲ့ မြိုင်မြို့နယ်တွေမှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် အရပ်သား အများအပြား သေဆုံး
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၆ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၄
နမ့်ခမ်း၊ ဒီမော့ဆို၊ ဖယ်ခုံ နဲ့ မြိုင်မြို့နယ်တွေမှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် အရပ်သား အများအပြား သေဆုံး
ခုရက်ပိုင်းအတွင်းမှာ ရှမ်းမြောက်ဒေသက TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့၊ ကရင်နီ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဖယ်ခုံမြို့နယ်ထဲက လအိစစ်ဘေးရှောင်စခန်း၊ ဒီမော့ဆိုမြို့နယ်က နန့်မယ်ခုံ နဲ့ မြိုင်မြို့နယ်ထဲက လက်ယက်မကျေးရွာတို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အချို့နေရာတွေမှာ အရပ်သား ၁ ဒါဇင်နီးပါးအထိ သေဆုံးခဲ့ရပြီး စုစုပေါင်းအားဖြင့် အရပ်သား ၃၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရှိရပါတယ်။ ရှမ်းမြောက်ဒေသက နမ့်ခမ်းမြို့မှာတင် အရပ်သား ၁၁ ဦး သေဆုံးတယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။ အရပ်သား သေဆုံးသူတွေအနက် မိသားစုတစုထဲမှာတင် ၄ ဦး၊ မိဘ ၂ ဦးနဲ့ သားသမီးတွေ၊ ကိုယ်ဝန်ဆောင်တဦး ပါရှိတယ်လို့ သတင်းတွေနဲ့ သတင်းဓာတ်ပုံတွေမှာ ပါရှိတာတွေ့ရပါတယ်။ လတ်တလော ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ အဝေးကြီးမှာ ရှိတဲ့ နမ့်ခမ်းမြို့က လူနေရပ်ကွက်နေရာကို ဗုံး ၂ လုံး ကြဲခဲ့တာ၊ အရပ်သား ပစ်မှတ်ကို တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို တိတိပပ မမှန်းဆနိုင်ပါဘူး။
ကရင်နီပြည်နယ်မှာတော့ စစ်ကောင်စီခေါင်းဆောင် ဖြစ်သူ လွိုင်ကော် ရောက်နေချိန်မှာ KNDF ဘက်က လက်နက်ကြီးနဲ့ လွိုင်ကော်မြို့ကို ပစ်ခတ်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒီမော့ဆိုက နန့်မယ်ခုံ ကျေးရွာက ၄င်းတို့ ပစ်မှတ်လို့ သတ်မှတ်ထားပုံရတဲ့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေး ကောင်စီရဲ့ ရဲစခန်းကို ပထမနေ့မှာ ဗုံးကြဲခဲ့သလို ဒုတိယနေ့မှာတော့ ဖယ်ခုံမြို့နယ်ထဲက ယာယီတဲတွေနဲ့ နေထိုင်ကြတဲ့ ဒုက္ခသည်စခန်းကို ဗုံးကြဲခဲ့ရာမှာ အရပ်သားတွေ ၁၀ ဂဏန်းနီးပါး သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။
နောက်ဗုံးကြဲခံရတဲ့ အဖြစ်အပျက်တခုကတော့ မကွေးတိုင်း မြိုင်မြို့နယ်ထဲက လက်ယက်မကျေးရွာ ဖြစ်ပါတယ်။ စာသင်ကျောင်းကို ပစ်မှတ်ထား ဗုံးကြဲတယ်လို့ မှန်းဆကြပြီး အမှန်တကယ် ထိမှန်တာက စာသင်ကျောင်းနဲ့ ကပ်လျက် လူနေအိမ်အပေါ် ကျရောက်ကာ မိသားစု ၅ ဦး ကြဲခံရတဲ့ အခိုက်အတန့်တင် အသက်သေဆုံးခဲ့ကြရတယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အခုလို ကိုယ်ဝန်ဆောင်၊ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သားတွေ သေဆုံးကြရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုမှုတွေ မတွေ့ရသေးပါဘူး။
အခုလို မြန်မာနိုင်ငံ မြောက်ပိုင်း အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသအသီးသီးက နေရာ ၃ နေရာကို လေကြောင်းကနေ ဗုံးကြဲဖို့ အမိန့်ပေးခဲ့တာရဲ့ အကြောင်းခံက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ ဒီမော့ဆိုမြို့နယ်က နန့်မယ်ခုံ ကို ဗုံးကြဲတဲ့ အဖြစ်အပျက်ကတော့ စစ်ခေါင်းဆောင် လွိုင်ကော်ကို လာရောက်နေချိန် တိုက်ခိုက်ခံရတာကို လက်တုံ့ပြန်တာလို့ ယူဆရပါတယ်။
မြိုင်မြို့နယ် လက်ယက်မ ကျေးရွာက အဖြစ်အပျက်နဲ့ နမ့်ခမ်းမြို့ကို ဗုံးကြဲတဲ့ အဖြစ်အပျက်တွေကတော့ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေထဲမှာ လက်နက်ကိုင်အဖွဲ့ နဲ့ ၄င်းတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အခြေစိုက်ကြတယ်လို့ ယူဆတဲ့နေရာ သတင်းအချက်အလက် စုဆောင်းရရှိမှုအပေါ် အခြေခံပြီး လေကြောင်းကနေ ဗုံးကြဲတယ်လို့ ကောက်ချက်ချရပါတယ်။
စစ်ကောင်စီ အနေနဲ့ လက်လွှတ်ဆုံးရှုံးထားရတဲ့ ဒေသတွေ၊ မြို့တွေ ကျေးရွာတွေကို လေကြောင်းတခုထဲကနေ တိုက်ခိုက်နိုင်တာ ဖြစ်ပြီး ဒီလို ခြိမ်းခြောက်နိုင်တဲ့ အနေအထားကို ယူပြီး မြို့ရွာတွေ မလွတ်မြောက်သေးဘူး ဆိုတဲ့ သတင်းစကားပါးချင်တဲ့ သဘောလို့ ကောက်ချက်ချ ရပါတယ်။ သို့ပေမဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားတွေ အများအပြား အသက်ဆုံးရှုံးစေတာ ဖြစ်ပြီး စစ်ကောင်စီအပေါ် နာကြည်းမှုနဲ့ လွတ်မြောက်ရေး လက်နက်ကိုင် တိုက်ခိုက်မှုကို ပိုမိုခိုင်မာစေတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ မြေပြင်မှာ စခန်းတွေ မြို့တွေကို ထိန်းထားနိုင်ဖို့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ လေကြောင်း တိုက်ခိုက်မှုကို မဲတင်းပြီး မြေပြင်က လက်လွှတ်ဆုံးရှုံးမှုတွေကို ဖာထေးဖို့ ကြိုးစားနေတာလို့ ဆိုနိုင်ပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုတွေ မခံရအောင် လေကြောင်းကာကွယ်ရေး လေယာဥ်ပစ်လက်နက်လိုမျိုး လက်ဝယ်ရအောင်၊ အသုံးလည်းပြုနိုင်အောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NUG တို့အနေနဲ့ ကြိုးစားနိုင်မလား၊ သို့မဟုတ် လေယာဥ်ဆီ ဝယ်ယူတင်သွင်းလို့ မရအောင် လုပ်ဆောင်နိုင်မလားဆိုတဲ့ မေးခွန်း ၂ ခုရှိနေပြီး ဒီ မေးခွန်း ၂ ခုလုံးက ပြတ်ပြတ်သားသား အဖြေပေးနိုင်တဲ့ အနေအထားမဟုတ်သေးတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပစ်မှတ်တိကျပြီး အကွာအဝေးအားဖြင့်လည်း ထိရောက်တဲ့ ပခုံးထမ်း လေယာဥ်ပစ် လက်နက်လိုမျိုးက ကုန်ကျစရိတ် ကြီးမားတာ၊ ဝယ်ယူဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေတာ ဖြစ်ပြီး အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီမှာ အရေအတွက် အနည်းငယ်တော့ ပိုင်ဆိုင်ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လက်နက် အရေအတွက်နဲ့ တွင်တွင်ကျယ်ကျယ် သုံးနိုင်တဲ့ အနေအထားမှာ မရှိသေးတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
နောက်တချက်ဖြစ်တဲ့ လေယာဥ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှု၊ လှုံ့ဆော်မှုက ဘယ်လောက်အထိ ထိရောက်နိုင်သလဲ ဆိုတာလည်း မေးခွန်းတွေ ရှိနေတာ ဖြစ်ပါတယ်။ အရပ်ဘက် လေယာဥ်သုံးဆီ နဲ့ စစ်ဘက်လေယာဥ်သုံးဆီ တိတိပပ ခွဲခြားဖြတ်တောက်ဖို့ ခက်ခဲတဲ့ လက်တွေ့ပြဿနာတွေလည်း ရှိနေသလို အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်ထဲက နိုင်ငံအချို့က စစ်ကောင်စီကို လေယာဥ်ဆီ ရောင်းချပေးနိုင်တဲ့ အနေအထားလည်း ရှိနေတာကြောင့် လေယာဥ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုက ထိရောက်တဲ့ အကျိုးရလဒ် ထွက်ပေါ်လာခြင်း မရှိသေးတာလည်း တွေ့ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ပွားခဲ့တဲ့ လက်ယက်ကုန်း ကျေးရွာ၊ ပဇီကြီးကျေးရွာလို အဖြစ်အပျက်မျိုးတွေ ဖြစ်ပွားပြီးနောက်မှာ လေယာဥ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
သို့ပေမဲ့ လက်တွေ့မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်နိုင်မယ့် အနေအထားလောလောဆယ်မှာ မရှိသေးဘူးလို့ ဆိုရမယ့်သဘော ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar