မောင်လွမ်းဏီ - " လေပျံတွေ ကျောင်းကို လာမှာလား "၊ ကျော်ဟုန်း - သွား ... မလာနဲ့
လေပျံတွေ ကျောင်းကို လာမှာလား
မောင်လွမ်းဏီ
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၄
ကားဂွေဟောင်းက
ကျောင်းခေါင်းလောင်းသံ။
စာအံသံလွင်၊ ပဲ့တင်ညံသလား
ရင်ထဲမှာလေ၊ မြေဖြူအကျိုး။
ကျနော့်ရင်
ငလျင်လှုပ်တော့
ကောင်းကင်ယံကို ရံဖန်ရံခါတော့
မော့မော့ကြည့်မိ။
ဓာတ်ပုံထဲမှာ
ဖိနပ်လေးတဖက်
မင်းကျောင်းတက်ဦးမှာလား။
သူ့ကို့ ပွေ့ဖက်
မနက်ဖြန်။
၇ စက်တင်ဘာ ၂၀၂၄
* ဒီဇိုင်းပန်းချီဆရာလေးကိုလည်း ဂါရဝဖြင့် ...
-
သွား ... မလာနဲ့
ကျော်ဟုန်း
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၄
ငါတို့ကလေးအရွယ်တုန်းက
လေယာဉ်ပျံအသံကြားရင်
တိုင်ပင်မထားဘဲ ကလေးတိုင်းဟာ
ဟေးခနဲ အော်၊ ခုန်ပေါက်ပျော်မြူး
လက်ဝှေ့လှုပ်ယမ်း ကြိုဆိုဖူးခဲ့တယ်။
ဒီနေ့ခေတ်ကလေးငယ်က အစ
ကောင်းကင်ယံလေယာဉ်သံကြားရင်
လူကြီးတွေလို ထိတ်လန့်ပုန်းရှောင်
မုန်းကမ္ဘာမကြေ သည်းနုဆူးစူးတယ်။
ဒါ မြန်မာပြည်မှာ
ခေတ်မတူဘူး
လေယာဉ်ပျံမတူဘူး
အဖြစ်အပျက်မတူဘူး
အကြောင်းအရာမတူဘူး
ခံစားချက်မတူဘူး။
မတူဆို
နဂိုက ဖရိုဖရဲစစ်ရှောင်နေရာလေးဟာ
ပြိုကွဲသွားရင် တခဏအတွင်း
နဂိုက အကောင်းပကတိလူတွေဟာ
သွေးသံရဲရဲပျက်ဆီးကြတာ တခဏအတွင်း
အနိဋ္ဌာရုံကို အရိပ်ဖြာ ခိုလှုံအောင်
ကလေးငယ် အသည်းမှာ သံမှိုစွဲနေရပြီ။
လေယာဉ်သံကြားရင်
ဘာမှန်းမသိတဲ့
အထုပ်ကြီးကျလာတယ်
အုန်းဝုန်းမြည်သံနဲ့အတူ
သူမြင်နေကျ
မြင်ကွင်းမဟုတ်တာတွေတွေ့ရတယ်။
ကစားဖော် သူ့သူငယ်ချင်းတချို့
သွေးအိုင်ထဲမလှုပ်မယှက်
သူ့ကိုချော့မြှူဖူးတဲ့
လူကြီးတချို့လည်း ဖရိုဖရဲငြိမ်သက်
တခဏအတွင်းမှာ
တဘဝအခင်းစာ မုန်းစရာတွေ။
" သွား ... မလာနဲ့ "
တွေ့ရာဖိနပ်တဖက်ကိုကိုင်လို့
လေယာဉ်ကိုပစ်ပေါက်ဟန်ပြု
ကလေးငယ်လေးတယောက်အသည်းနာနေပုံက
တရားမျှတမှုကိုကိုယ်စားပြုနေရဲ့
တရားမျှတမှုကြိုက်သူတိုင်းကို
လှုံ့ဆော်တိုက်တွန်းနေလေရဲ့။
"သွား ... မလာနဲ့"
၂၄၉၇
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar