ရဲဘော်တေး - တောင်ကြီးက ခွေးအူသံ
ရဲဘော်တေး - တောင်ကြီးက ခွေးအူသံ
(မိုးမခ) စက်တင်ဘာ ၆ ၊ ၂၀၂၄
သိမ်းထားတဲ့ မြို့ ရွာတွေကို သတင်းရရှိမှုနဲ့ အခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး လိုအပ်သလို တုံ့ပြန် ဆောင်ရွက်သွားမယ်ဆိုတဲ့ သမိန်ဖောသွပ်ဂွတိုစကားများ သိပ်စဉ်းစားမနေနဲ့။ လက်နက်ကြီးနဲ့ ထုမယ်။ ဗုဲးကြဲမယ်ပေါ့။ လုပ်နေကျဟာပါပဲ။
အဲတော့ လက်နက်ကြီး ထိုင်တဲ့နေရာတွေ ဆက်သိမ်းကြလို့ တဖက်လှည့်နဲ့ ပြောတာပါပဲ။ တောင်ခမ်းအမြောက် တပ်တွေလောက်နဲ့ တင်းတိမ်မနေနဲ့ပေါ့။ ရပ်စောက်ကိုလဲ ဖြတ်ဖောက်ချုပ်လုပ်ပေးပါပေါ့။ တဖက်က သူ့ငယ်ကြောက် ရှမ်းနှစ်ဖွဲ့ကိုတော့ ငြိမ်ငြိမ်နေပေါ့လေ။ ဖြဲရတဲ့ဟာတော့ ဖြဲတာပေါ့။ သူ့စကား နားထောင်တဲ့ အဲဒီနှစ်ဖွဲ့ပဲ ငြိမ်ရင်း ငြိမ်ရင်း သိမ်သိမ်သွားတာ။ ဖောသွပ်ဂွတိုစကားထက် ပိုလုပ်ပြတာကတော့ အချင်းချင်းချတာဘဲ။ ရှမ်းပြည်အတွက် ရှမ်းချင်းနှက် မပျက်ရိုးရာပါပေါ့လေ။ သမိန်ဂွတို ပြောတဲ့အထဲမှာ ဝကို ကိုယ့်ဘာသာ ထိုးအပ်လိုက်တဲ့ မြို့တွေ၊ ဝက အသံတိတ် သိမ်းထားတဲ့ မြို့တွေကိုရော သဘောထားက တူတူပဲလား ဆိုတာတော့ ကွဲကွဲပြားပြားမိန့်တော်မူမသွားရဲရှာဘူး။
အဓိက သူ ပြောချင်တာကတော့ ငှက်သိုက်ဖြိုတာတို့ ငှက်ထောင်တာတို့ တိုးမြှင့်လုပ်ဆောင်ကြပေါ့ဆိုတာပါဘဲ။
ဆင့်ဖင်နေရာယူထားလို့ သောက်ကြီးသောက်ကျယ်သာ ပြောနေရတာ တကယ်တော့ သူက ဆင်တော် မဟုတ်ဘူး၊ ခလောက်ရယ်။ ပေပေတရုတ် ကယ်ပါလုပ် ဒူးတုပ်ရှိခိုး ပဏ္ဏာထိုးလို့ ဂိတ်ကလေး ပိတ်ပေးထားတဲ့အတွက် မြနန္ဒာအေးအောင်က မန်းဆင်းမလာသေးဘူး၊ တောင်ကြီး မလာသေးဘူးဆိုလို့ ပျော်ပြီး ခရီးတွေ ဘာတွေထွက်၊ တောင်ကြီးမှာ ပေါက်ကရတွေပြော၊ သူ့ကောင်ဖောတာ အဟုတ်မှတ်ပြီး လွိုင်ကော် တက်လာတာ၊ ဖျင်ဝ ၁၂၀-မမ ဝင်သွားတော့မလို့။ ပုဇင်းဖျင်ကြားညှပ် တရစပ် ထွက်ပြေးတော့တာလေ။ အစဉ်အလာအတိုင်း နှစ်နာရီကြာ မရွှီးလိုက်ရလို့ ခွီးနေသတဲ့။ နန်းတွေကလဲ ကရင်နီတပ်ကို ကျေးဇူးတင်ကြောင်း ပြောပါလေတွေ လုပ်နေကြသတဲ့။ မဟုတ်ရင် ဆီးအောင့် အီးအောင့် ဗိုက်အောင့်ခံ နားသောတပန်ရမှာကိုး။ မြနန္ဒာတို့ကလဲ ငါသိမ်းထားတာတော့ လာမထိနဲ့နော်၊ ခုခံကာကွယ်လိုက်မယ်တဲ့။ ခုခံကာကွယ်ဆိုတာ ပုထံလာတွယ်မယ် ပြောတာ။
ဂွတိုက လူသာတိုတာ၊ လေမတိုဘူးရယ်၊ သိမ်းထားတဲ့ မြို့၊ ရွာတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ သိမ်းယူထားတဲ့ အဖွဲ့တွေရဲ့ အသုံးချမှု မခံရစေရေးနဲ့ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သတိပြုကြရန် လိုအပ်တယ်လို့ အူသတဲ့။ ခများတို့ရွာအတွက် ဘာလုပ်ပေးရမလဲ မေးတော့ ဗိုလ်မင်းတို့မလာဘို့ပါပဲ ဆိုသာလိုပေါ့လေ။ ဒါကတော့ ဗုံးခိုကျင်းတူးဖို့နဲ့ ရှောင်ဖို့ ပြောတာ။ ကျန်တာ မပူရပါဘူး။
မြို့၊ ရွာတွေ သိမ်းယူထားတဲ့ အဖွဲ့တွေဟာ တပ်မတော်ရဲ့ တန်ပြန် ထိုးစစ်ကို ကာကွယ်ဖို့အတွက် ပြည်သူတွေရဲ့ အိမ်တွေ၊ အရပ်ဘက်အုပ်ချုပ်ရေးအဆောက်အဦတွေကို အသုံးပြုကာ လူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုဖို့အတွက် စစ်ရှောင်တွေကို ပြန်လာခိုင်းတာနဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ သမိန်ဖောသွပ်က အူလိုက်ပြန်တယ်။ ဒါက တော့ လွိုင်ကော်တပ်ထဲမှာ ဟောင်ရမယ့်ဟာတွေကို တောင်ကြီးမှာ အူမိတာတဲ့။ ရှမ်းတောင်မှာတောင် လူငယ်ကုန်သလောက်ပဲလေ။ တပြည်လုံး အဲလိုပါဘဲ။ မရ ဒသကချိုင် ဆိုတဲ့အတိုင်း မွေးစကနေ ၆၅ ထိ စစ်ဥထမ်းဥပဒေထုတ် လူပြန်ပေးဆွဲ လုပ်နေတာသာ ကြည့်ပေါ့။ လူသားတံတိုင်းခတ်တယ်။ ဖမ်းထား ခေါ်ထားသူများကို မုဒိမ်းကျင့်တယ်။ ပစ္စည်းခိုးတယ်။ ညှဉ်းပန်းသတ်ဖြတ်တယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက်မှာ တပ်မတော်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းသာ ဖြေရှင်းဆောင်ရွက်ခဲ့တယ်။ တချို့ အဖွဲ့တွေဟာ နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းဆောင်ရွက်လာခဲ့တယ်လို့ ပြောပါတယ်။ မသိရင် သူ့နယ်တွေလိုလို။ သူ့အဖေ ဘယ်သူမှန်းမသိက အမွေပေးခဲ့သလိုလို။ နိုင်ငံရေးအကျပ်အတည်းကလဲ ဘယ်လူမပြု ခွေးအမှု။ ခုတော့ အကျပ်အတည်းပါတွေ ဘာတွေ လုပ်လာပြီပေါ့လေ။ မဲမသမာလို့ NLDက စီးပွားရေး မလုပ်တတ်လို့ အာဏာသိမ်းဆို။ အဲဒါ စစ်သားရောဂါ။ သူတို့က ဘာမဆို အလကားအချောင်ရလို့ နိုင်ငံတော်စရိတ်နဲ့ လုပ်ငန်းထောင်ရင်း ငွေဝင်လာတာကို သူတို့ စီးပွားရေးလုပ်တတ်တယ်ထင်တဲ့ ရောဂါ။ သေနတ်မိုး အုပ်ချုပ်တာကို နိုင်ငံရေးလုပ်တတ်တယ် ထင်တဲ့ ရောဂါ။ စစ်တက္ကသိုလ်က ဆင်းလာရင် ဘာမဆို သိတယ် တတ်တယ် ထင်တဲ့ဂျင်းရောဂါ။ လာဘ်ပေးလာဘ်ယူရောဂါ။ အထက်ဖားအောက်ဖိရောဂါ။ တပ်မတော်က တကယ့် AIDS လို ရောဂါစုကြီး။ အဲဒါကြောင့် စစ်တပ်က ခုခံအားကျပြီး တအိအိ ပြိုဆင်းလာတာ။ ဒါကို တန်ပြန်ထိုးစစ်တွေ တိုက်စစ်တွေ ပြောနေသေးတယ်။
တချိန်လုံး တိုင်းရင်းသားဒေသတွေမှာ ရွာမီးတိုက် သတ်ဖြတ် ခိုးလု မုဒိမ်းကျင့် အနိုင်ကျင့်အုပ်ချုပ်ဗိုလ်ကျ မှုန့်မှုန့်ညှက်ချေနှိမ်နင်းလာတဲ့ကောင်တွေက ထိမ်းထိမ်းသိန်းသိမ်းဆောင်ရွက်သတဲ့။ အေးလေ သူက လူမှမဟုတ်တာ၊ ခွေးဘဲ။ ခွေးစကားပြောတာပေါ့။
အိမ်ထဲဝင် အိပ်ရာပေါ်က လူနာထိ စစ်သားပြန်ပေးဆွဲနေတဲ့ ကောင်က ပြည်သူ့လုံခြုံရေးကိစ္စ အူသွားသေးသတဲ့။ ဆေးဖြတ် ဆေးရုံတပ်စွဲ ဆရာဝန်ဖမ်း ထောင်ချနေတဲ့ကောင်က ကျန်းမာရေးကိစ္စပြောသွားသေးသတဲ့။ တကယ်တော့ တဖက်လှည့်နဲ့ ပိုဆိုးလာမယ်လို့ ခြောက်ဟောင် ဟောင်တာလေ။ လူတွေကလဲ သိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar