Breaking News

အောင်ဝေး - ဒန့်သလွန်ပင်ကလေး

Art by Than Htay Maung

ဒန့်သလွန်ပင်ကလေး
အောင်ဝေး
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၄

အမှတ်တရပါလေ
အမှတ်မရဘူးဆိုရင်
ညာတာပါ။

ထားရစ်ခဲ့တာလား
ကျန်ရစ်ရတာလား။

အိမ်ရှေ့က
ဒန့်သလွန်ပင်ကလေး
ဒီနှစ်သိပ်သီးတာပဲ။

စစ်ဖိနပ်သံတွေကြားတယ်
ဘယ်အချိန်
အိမ်တံခါးလာခေါက်ဦးမလဲ။

ပြတင်းပေါက်က
သံချောင်းခေါက်သံတွေပဲ
ဝင်ဝင်လာတယ်။

ဘယ်နှဘဝရှိပြီလဲ
မှောင်လိုက်တာ။

တစ်ရေးနိုးထညတွေ
ခွေးဟောင်သံနဲ့
သံသရာရထားကြိတ်သွားတယ်။

လသာရင်
ဒန့်သလွန်ပွင့်ကြွေတာကြည့်ပြီး
မျက်ရည်ကကျချင်တယ်။
ထားရစ်ခဲ့တာပဲ
ကျန်ရစ်ရတာပဲ။
ဒန့်သလွန်ပင်ပေါက်ကလေး
လက်ဆောင်ပေးတဲ့နေ့။
အိမ်ရှေ့က
လူပင်လယ်ကြီးထဲ
တိမ်လိုမျောပါသွားတယ်။

ပြန်မလာတော့ဘူး
အလံတွေနောက်မျောပါ။

ပြန်ရောက်မလာဘူး
အသံတွေနောက်မျောပါ။

လမ်းမကြီးတွေ
သွေးသံတရဲရဲ
ပန်းတိုင်ကိုချီတက်နေကြရဲ့။

မျက်ရည်ထဲမှာ
ခေတ်ကြီး
ဒယဥ့်တိုက် (ဒရွတ်တိုက်) ပါသွား။

နိုင်ငံရေးနည်းနဲ့
ဖြေရှင်းလို့မရရင်
စစ်ရေးနည်းနဲ့ဖြေရှင်းရတာပဲ။

စစ်ဟာ
နိုင်ငံရေးရဲ့အဆက်ဖြစ်တယ်။

သေနတ်သံတစ်ချက်ကြားတယ်
ကြယ်များကြွေပလားကွယ်။

ညနေခင်းတစ်ရာ
တင့်ကားဘီးအောက်မှာ
ပြားပြားမှောက်နေ။

မြေကြီးကဆွေးတတ်တယ်
လူလည်းဆွေးတတ်တာပဲ။

အဆွေးဓာတ်နဲ့
ဒန့်သလွန်ပင်ကလေး
မရပ်မနားကြီးလာတယ်။

နောက်ထပ်ညနေခင်းနှစ်ရာ
ညနေခင်း
သုံးရာ၊ လေးရာ၊ ငါးရာ၊ ခြောက်ရာ။

ဒန့်သလွန်ပင်ကလေးဆီ
အိပ်မက်ရောက်လာရဲ့။

အိပ်မက်ထဲမှာ
တိမ်တွေပြန်လာသတဲ့။

အိပ်မက်ထဲ
တိမ်တွေပြန်တဲ့လမ်း
ပန်းတွေပွင့်သတဲ့။

ဒီတစ်ခါလောက်
စံပယ်တွေဖူးတာ
မကြုံဖူးဘူး။

ပြတင်းပေါက်ဖွင့်လိုက်တော့
လေညင်းနဲ့အတူ
ဒန့်သလွန်ပွင့်တွေဝင်လာတယ်။

အိမ်ထဲကိုလား
ရင်ထဲကိုလား။

အမှတ်ရပါတယ်
အမှတ်မရဘူးလား။

ထားရစ်သူကတရားသလား
ကျန်ရစ်သူကမတရားဘူးလား။

ပင်လယ်တွေပြန်လာရင်
ပါလာမလား။

မြစ်တွေပြန်လာရင်
ပါလာမလား။

အမှတ်ရစရာ
ဒန့်သလွန်ပင်ကလေးမှာချည်ဖို့
အလံနီလေးတစ်လက်
ပါလားမလားကွယ်။

သောင်ပြင်မှာအကြာကြီးငုံ့
ရှာနေမိတယ်။

ကမ်းပါးမှာအကြာကြီးငေး
မျှော်နေမိတယ်။

အမှတ်တရပါရှင်
အမှတ်မရဘူးပြောရင်
သေမှာပါ။

ထားရစ်ရက်တာလား
ကျန်ရစ်ခက်တာလား။

အိမ်ရှေ့က
ဒန့်သလွန်ပင်ကလေး
ဒီနှစ်သိပ်သီးလွန်းတယ်။ ။

အောင်ဝေး
(၈၊ ၂၂၊ ၂၀၂၄)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar