ရဲဘော်တေး - ခွေးရူးမှာ ပြန်လမ်းမရှိ
ရဲဘော်တေး - ခွေးရူးမှာ ပြန်လမ်းမရှိ
(မိုးမခ) စက်တင်ဘာ ၁၂ ၊ ၂၀၂၄
ရေနဲ့ မီးနဲ့ နှစ်ပါးပြိုင်
မင်းဟောင်လှိုင်ဟေ့ မင်းဟောင်လှိုင်။
မီးရေမင်းဆိုး ခွေးသူခိုး
ငကြင်စိုးဟေ့ ငကြင်စိုး။
ဒေါက်လုတဲ့ စောက်ပုခေတ်။
ရေကြီးတယ်၊ ကယ်သူမဲ့။
မီးရှို့တယ်၊ ငြှိမ်းမရ။
ဆန်ဖြတ်တယ်၊ ဒေါ်လာငတ်တော့ အပြင် ရောင်းထုတ်တယ်။
ခွေးစစ်ကြောင်းထိုးလို့ ဒီနှစ် ဘယ်မှ ဟုတ်တိ ပတ်တိမစိုက်ရ။ စိုက်ထားတာလေးက မိုးခေါင်လို့ပျက်။ ရေနင်းလို့ပျက်။
ဆီဖြတ်တယ်၊ ဖြတ်ရင်း ဖြတ်ရင်း ပြတ်။ အသွားအလာ အကူးအသန်းပြတ်၊ ကုန်စည်ပြတ်။
ဆေးဖြတ်တယ်၊ ဖြတ်ရင်း ဖြတ်ရင်း ပြတ်။ မကျန်းမာ နာဖျားထိခိုက်၊ မကုရ မသရ၊ လူငယ်မှန်သမျှ စစ်ဥထမ်းရှောင်ရ၊ တော်လှန်ရေးလုပ်ကြ၊ ပြည်ပထွက်ကြ၊ ကျန်ရစ်တာက လူကြီးနဲ့ ကလေးလေးတွေ။ ရောဂါဒဏ်ရာ ပေတေခံရင်း မျှဉ်းသေ။
လမ်းပေါ် တက်လာရင် ခေါင်းပစ်တယ်။ အိမ်ထဲနေရင် မျှဉ်းသတ်တယ်။
လူတွေအလုပ်မရှိ။ ရှိတဲ့အလုပ် မသွားရဲ။ ခြိမ်းခြောက်ငွေညှစ် ဖျစ်ဖျစ်မြည်အောင် မီးပြင်းတိုက်။ ဘယ်လောက်တိုက်တိုက် ဘယ်သူမှ ငိုက်ကျမလာ။ ဒင်းတို့မရှိမှအေးမှာဆိုပြီးအံကြိတ်ခံ တော်လှန်နေကြတော့ ဒင်းတို့ရှို့တဲ့မီး ဒင်းတို့ပါဝိုင်း ခုတော့ အားလုံး မီးလောင်ပြင်မှာ ဆုံကြပြီ။
ကုန်ဈေးနှုန်းကြီး ပစ္စည်းရှားပါး ပြတ်လပ်တဲ့ဒဏ် မျှခံရပြီ။ စစ်ဥထမ်းကပ်လဲ အတူဆိုက်လာပြီ။ စစ်ဥထမ်းကပ်နဲ့ သေနတ်ကိုင်လိုက်ရသူတွေက အုပ်ကြီး နားထင် ပြန်တေ့သူတွေ ဖြစ်လာရတော့မည်။ သူတို့ ရွာပြန်လာကြမည်။ သူတို့ စီမံမည်။ စစ်ဗိုလ်ချုပ်ပြုတ်တောင် ဖင်စုတ်သွားမည်။ အားလုံး ခပ်မြန်မြန် တပတ်လည်နေပြီ။
သူမောင်းပြန် ကိုယ်မောင်းပြန် သူပစ် ကိုယ်ပစ် သူသေ ကိုယ်သေ အခြေအနေ။ ပွဲဖြတ်နေကြပြီ။ ပြေးဖို့ မစဉ်းစားနဲ့တော့။ မင်းဟောင်လှိုင်လဲ အပြေးမခံ၊ ပြေးရန် မရှိ။ ပြေးခွင့်မပေး၊ သူ့အကြွေး သူရှင်းပုံစံပေါ်လာတော့ ဗုံးဘဲ ကြဲပြီးရင်းကြဲလုပ်ပြီ။ လေတပ်ကို သေဖော် ညှိပြီ။ လေက ကျွံသထက်ကျွံလာပြီ။
မအလက ဖြတ်ငါးဖြတ်။ တဖြတ်က တပ်နဲ့ပြည်သူ။ လေမိသားစုတွေရဲ့ အနာဂတ်ကိုပါ ဖြတ်တောက်ပြီ။ တပ်မိသားစုတိုင်းရဲ့ အနာဂတ်ကို ရပ်ရွာမျိုးဆွေ မိတ်ဆွေတွေနဲ့ဖြတ်တောက်ပြီ။ မှားယွင်းတဲ့အတိတ် မှားယွင်းတဲ့ပစ္စုပ္ပန်မှာ မှန်ကန်တဲ့အနာဂတ်မရှိ။ တပ်နဲ့ပြည်သူ ရန်သူဖြစ်လေ သူအသက်ရှည်လေ။ ဘယ်သူသေသေ ငလှိုင်မာ။ ဘယ်သူ့မိသားစုသေသေ ငလှိုင့်မိသားစုမာ။ ဒါ ခန၊ ခု ငလှိုင့်မြေးမတွေရဲ့နိဂုံးကိုပါ မြင်ရပြီ။
သွေးကြွေးမှာ ဆွေးနွေးစရာမရှိတော့။ လူနဲ့လူချင်း အတူတူ တမူးပိုရှူလို့ မရစေရဆိုတဲ့တော်လှန်ရေး။ လူလိုကျင့်ရင် လူလို နေရမယ်။ ခွေးလို ကျင့်ရင် လူက ခွေးဖြစ်မယ်ဆိုတဲ့တော်လှန်ရေး။ စစ်တပ်နဲ့ ပေါင်းရင် ရန်သူ။ စစ်တပ် ထောက်ခံရင် မိတ်ဆွေ မဟုတ်။ သောက်ပိုမလုပ်နဲ့ ဆိုတဲ့ တော်လှန်ရေး။
စစ်သားမို့ လာမလုပ်နဲ့၊ လူတိုင်း စစ်သားလုပ်လို့ရတယ်။ လုပ်ပြီ။
သေနတ်နဲ့မို့ ခေါင်းမပစ်နဲ့၊ လူတိုင်း သေနတ်ကိုင် ခေါင်းပြန်ပစ်လို့ရတယ်။ ပစ်ပြီ။
လက်နက်အားကိုး မြေသိမ်း နယ်သိမ်း မြို့သိမ်းဖို့ မကြိုးစားနဲ့၊ လူတိုင်း လက်နက်ကိုင် ပြန်သိမ်းလို့ရတယ်။ သိမ်းပြီ။
လက်နက်မိုး အုပ်ချုပ်လို့ရမယ် မထင်နဲ့၊ လူတိုင်း လက်နက်မိုး အုပ်ချုပ်လို့ရတယ်။ အုပ်ပြီ။
ကိုင်း အဲဒါ လောဘဲ။ နိယာမပဲ။
ကဲ ဘာလုပ်မလဲ။ လူလည်ကျတာရပ်၊ မရပ်ရင် ချာချာလည်သွားမယ်။ အင်စတီကျူးရှင်းတခုလုံး တပြိုင်နက်ရပ်လို့မရ။ တယောက်ချင်း တဖွဲ့ချင်း တတပ်ချင်းရပ်လို့ရတယ်။ အဲဒီကမှ အားလုံးရပ်။
နည်းပညာခေတ်မှာ အူကြောင်ကြားနဲ့ ဗိုလ်ဆက်လုပ်လို့ ရမယ်ထင်ရင် မင်းဟောင်လှိုင်သာ ကြည့်။
နေမြင့်လေ အရူးရင့်လေ။ ခွေးရူးမှာ ပြန်လမ်းမရှိ။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar