Breaking News

ကင်မလာဟဲရစ်က ဘယ်လိုမျိုး ထရန့်ကို စကားစစ်ထိုးလိုက်သလဲ


ကင်မလာဟဲရစ်က ဘယ်လိုမျိုး ထရန့်ကို စကားစစ်ထိုးလိုက်သလဲ

နိုင်ငံတကာသာဂိ၊ (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၄

အမေရိကန်အချိန် စက်တင်ဘာ ၁၀ ရက်၊ ကယ်လီဖိုးနီးယားအချိန် ညနေ ၆-၇ခွဲ၊ ABC TV ကနေ လိုက်ဗ်စကားစစ်ထိုးပွဲ ထုတ်လွှင့်ပါတယ်။ အမေရိကန် ဒုသမ္မတ ကင်မလာဟဲရစ်နဲ့ သမ္မတဟောင်း ထရန့်တို့၏ သမ္မတရွေးကောက်ပွဲအကြို ပထမဆုံးနဲ့ နောက်ဆုံး စကားစစ်ထိုးပွဲဖြစ်ပါတယ်။

သမ္မတလောင်းစကားစစ်ထိုးပွဲမှာ ကင်မလာဟဲရစ်က ထရန့်ကို အပြတ်အသတ်အနိုင်ရပါတယ်။ သူတို့ ၂ ဦး လက်ဆွဲနှုတ်ဆက်ကြတော့ - ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဖူးကြတာဖြစ်ပြီး ကင်မလာဟဲရစ်က ကျမအမည် ကင်မလာဟဲရစ်လို့ ပီပီသသ ပြောပြီး မိတ်ဆက်ပါတယ်။ ထရန့်က သူမအမည်ကို ပြောင်ပျက်ပြီး စော်ကားခေါ်ထားတော့ အမည်ကို သေသေချာချာ သိအောင် ပြောပြတဲ့သဘောပါ။ ထရန့်က ဘာမှ ပြန်မပြောဘဲ “Have Fun” ပျော်ပျော်ပါးပါးပေါ့လို့ နှုတ်ဆက်ပါတယ်။ ပွဲစဉ်တခုလုံးမှာ ဟဲရစ်က ပျော်ပျော်ကြီး စကားစစ်ထိုးသွားပြီး ထရန့်ကတော့ မျက်မှောင်ကုတ် ရှုံ့မဲ့ပြီး ရင်ဆိုင်သွားပါတယ်။


ဘာတွေ ပြောသွားကြသလဲ ဆိုရင် - ဟဲရစ်က ထရန့်ကို မခံချင်အောင် ဆွပြီး ထောင်ချောက်ဆင်သွားပြီး၊ ထရန့်ကတော့ ဟဲရစ်၏ စကားထောင်ခြောက်ထဲ မိပြီး သူ၏ မခံချင်စိတ်၊ ဒေါသပုန်ထ၊ အတ္တမာနတွေ ဟုန်းဟုန်းထပြီး ရဲဘော်လွဲချော် ဖြစ်ကုန်တော့တာပါပဲ။ ဟဲရစ်က ထရန့်၏ အားနည်းချက်တွေ အမှားတွေကို ထောက်ပြသွားပါတယ်။ ထရန့်ကတော့ သူ့မဲဆွဲပွဲတွေမှာ ပြောလေ့ရှိတဲ့ အလွတ်ကျက်ထားတဲ့ အလုံးတွေ ရွတ်ပြီး တုန့်ပြန်ပါတယ်။ ဒါတွေက သူ့လူတွေက ကြားဖူးနေကျ ရိုးဟိုးဟိုး နေပြီ။ ထရန့်ပြောတာတွေကို ဟဲရစ်က မျက်နှာအမူအယာနဲ့ တုန့်ပြန်ပြီး၊ ထရန့်ကို လွဲချော်ချက်တွေကိုသာ ထောက်ပြဝေဖန်သွားပါတယ်။ ထရန့်က ကွဲပြီးရင်း ကွဲရင်းပါပဲ။

ဥပမာ တခုက ထရန့်ကို နိုင်ငံတကာခေါင်းဆောင်ကြီးတွေက မလေးစားတဲ့အကြောင်း၊ အမေရိကန်စစ်ခေါင်းဆောင်တွေက သိက္ခာမဲ့သူအဖြစ် သဘောထားကြောင်း၊ အာဏာရှင်တွေက ကစားသွားမှာ ဖြစ်ကြောင်း၊ ပူတင်က ပြုတ်စားသွားမယ့်အကြောင်း၊ ထရန့်မဲဆွယ်ပွဲတွေက ပြည်သူတွေအကြောင်း မပြောဘဲ သူ့အကြောင်းပဲ ပြောကြောင်း ဝေဖန် ချေချွတ်သွားတာ ဖြစ်ပါတယ်။ ထရန့်က ဟဲရစ်အကွက်ထဲ ဝင်ပြီး သူ့ကို လူတွေက ချစ်ကြောင်း၊ ပရိသတ်တွေ များကြောင်း ဒါမျိုး ကလေးကလား တုန့်ပြန်သွားတာမို့ လူရယ်စရာချည်းသာ တွေ့ရပါတယ်။

ထရန့်က ဘယ်လိုပဲ အမေရိကန်ပေါ်လစီတွေအကြောင်း ပြောပြော၊ ဟဲရစ်က အမေရိကန်ပေါ်လစီတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြတုန့်ပြတာ မရှိပါဘူးလို့ အကဲခတ်တွေက ဝေဖန်ကြပါတယ်။ ထရန့်ပေါ်လစီတွေက လူတွေကို အစွန်းရောက် သတင်းမှားတွေ၊ ကောလဟလတွေ၊ ရန်တိုက်ပေးတာတွေ သွေးခွဲတာတွေချည်း ဖြစ်တာမို့ ဟဲရစ်က အဖက်လုပ်ပြီ ပြန်မပြောတာ ဖြစ်နိုင်ပြီး၊ ထရန့်လိုလူမျိုး အမေရိကန်သမ္မတအဖြစ် တင်မိရင် တိုင်းပြည်ငါးပါးမှောက်သွားမယ်၊ ကိုဗစ်ကာလတုန်းက ငါးပါးမှောက်ရင်တာ မက၊ အလောင်းတောင် မကောက်နိုင်အောင် ဖြစ်ခဲ့ကြောင်းကို ထောက်ပြသတိပေးသွားတာ ဖြစ်ပါတယ်။

စကားစစ်ထိုးပွဲမှာ အဓိက နိုင်ငံရေးသမားတွေ ဦးတည်တဲ့ ပရိသတ်က အမေရိကန်လူထုတခုလုံးကို မဟုတ်ပါဘူး။ ဆုံးဖြတ်ပြီးသား မဲပေးမယ့်သူတွေကို ရည်ရွယ်တာ မဟုတ်ပါဘူး။ မဲမပေးရသေးသူတွေနဲ့ ဝေခွဲမရတဲ့သူတွေကိုသာ ရည်ရွယ်တာ ဖြစ်ပါတယ်။ ပြီးတော့ ထရန့်နောက်လိုက် မျက်မမြင်ဘဲ ဆင်ထွက်စမ်းနေတဲ့ အမှန်တရားကန်းနေတဲ့ လမ်းမှားရောက်ပြည်သူတွေကို ရည်ရွယ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ထရန့်ကလည်း သူပရိသတ်မရော့အောင် မဘသအလုံးတွေ ကြံ့ဖွတ်အလုံးတွ မအလအကွက်တွေ လူမျိုးရေး ဘာသာရေး ဂျင်းမျိုးစုံ ထုတ်ကျွေးပြီး စကားစစ်ထိုးတာ ဖြစ်ပါတယ်။ ကင်မလာဟဲရစ်ကတော့ လူပြိန်းတွေ အမြင်မှန်ရအောင် ထရန့်ဟာ သူတော်ကောင်း မဟုတ်ဘူး၊ သူရဲကောင်းမဟုတ်ဘူး၊ အတ္တကြီးသူ၊ တကိုယ်ကောင်းဆန်သူ၊ လူလိမ်၊ လူညာ၊ အကျင့်ပျက် ခြစား အလကားလူလို့ ပြင်းပြင်းထန်ထန် ထောက်ပြ ပြောဆို ပြီး စည်းရုံးသွားတာလို့ ဆိုရပါမယ်။

ခေတ်ကြီးက ဆူညံသံတွေ များလွန်းတော့ ထရန့်နဲ့ လူပြိန်းတွေ အော်ဟစ်သံတွေအောက်မှာ အမှန်တရားနဲ့ လူထု၏ အသံအစစ်အမှန် ပျောက်ဆုံးနေချိန်မှာ ဟဲရစ်က အမိုက်ခံပြီး ပြောဆို ဟောပြော ချေပရတာမို့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် တန်းတူ ညီမျှမှုကို လိုချင်တဲ့ အားနည်းသူ လူများစုကြီးအတွက် သည် ဒီဘိတ်ဟာ အလင်းတန်းတခု၊ အောက်စီဂျင်၊ လေကောင်းလေသန့်နဲ မျော်လင့်ချက် အားဆေး ဖြစ်ပါတယ်။


ဟဲရစ်က ၂၀၂၀ က သမ္မတလောင်း ဘိုင်ဒင်နဲ့ စကားစစ်ထိုး ဖူးပါတယ်။ သူမ၏ လျာဇောင်းထက်မှုကို တီဗီတွေက အောချကြဖူးပါတယ်။ နောက် ဟဲရစ်ကို ဘိုင်ဒင်က ဒုသမ္မတလောင်း ၂၀၂၀ အတွက် ရွေးခဲ့တုန်းကလည်း အဲသည်တုန်းက မိုက်ပင့် (ထရန့်ဒုသမ္မတ)ကို စကားစစ်ထိုးပွဲမှာ အနိုင်ထိုးခဲ့ပြီးပါပြီ။ အခု သည်တကြိမ် သမ္မတဟောင်း ထရန့်ကိုလည်း ဟဲရစ်က တရားရုံးရှေ့နေအဖြစ် ထမ်းဆောင်ဖူးသူပီပီ ပယ်ပယ်နယ်နယ် စကားစစ်ထိုးအနိုင်ရတယ်လို့ ဆိုနိုင်ပါတယ်။

ဝေဖန်သူတွေကတော့ အမေရိကန်၏ ပြည်ပပေါ်လစီက ဘယ်ပါတီတက်တက် မထူးဘူးလို့ ဆိုကြပါတယ်။ ယူကရိန်းစစ်ပွဲ၊ ဂါဇာ နဲ့အရှေ့အလယ်ပိုင်း ကိစ္စ၊ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ တွေက ၈၅ ရာနှုန်းလောက် အခြေခံမှာ တူတူပဲလို့ မိုးမခဆောင်းပါးရှင်တဦးက ဝေဖန်ပါတယ်။ အမေရိကန်၏ ပြည်ဝင်ခွင့်မူဝါဒတွေကလည်း ဘယ်လိုမှ မထူးနိုင်ဘူးလို့ ဆိုကြပါတယ်။ အမေရိကန်၏ လူဝင်မှုကြည့်ကြပ်ရေးမူဝါဒတွေ အခြေခံကျကျပြောင်းလဲမှ ပြည်ဝင်ခွင့်၊ နေထိုင်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်တွေ အဆင်ပြေချောမွေ့မှာဖြစ်ပါတယ်။ အခုဟာက နယ်စပ်ဖြတ်ကျော်၊ ရက်လွန်နေထိုင်သူ၊ ခိုလှုံခွင့်လျောက်ထားသူ၊ ယာယီနေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ဆိုတာတွေအားလုံးဟာ မျက်နှာလိုက် လက်သင့်ရာ စားတော်ခေါ်တဲ့ တဖက်စောင်းနင်းတွေနဲ့မို့ ကြန့်ကြာမှုတွေ လွဲချော်မှုတွေ များနေပါတယ်။ သို့သော် နယ်စပ်ဖြတ်ကျော် ရက်လွန်နေထိုင်သူတွေကို ရန်သူတွေ လူဆိုးတွေ လူမိုက်တွေလိုမျိုး အကြမ်းဖက်သမားတွေလိုမျိုး သဘောထား ကန့်သတ်ချင်သူများတဲ့ ထရန့်အုပ်စုထက်စာရင် ဒီမိုကရက်တွေ ဟဲရစ်တို့ ခေါင်းဆောင်တွေက လူသားဆန်စွာ သိက္ခာရှိစွာ တိုင်းပြည်အရေးကို ဖြေရှင်းဖို့ ကြိုးစားကြမှာ သေချာပါတယ်။

ဟဲရစ်နဲ့ ထရန့်၏ စကားစစ်ထိုးပွဲကို ကြည့်ပြီး အမေရိကန်တွေက ဟဲရစ်ဘက်ကို ပိုအလေးသာလာကြတယ် ပြောကြပါတယ်။ ထရန့်က သူ့ကိုယ်သူ ဟန်ဂေရီက အာဏာရှင်နဲ့ ဂုဏ်ယူစွာ နှိုင်းယှဉ်ပြော ကြွားလုံးထုတ်လိုက်တာမို့ ရီပတ်ဘလစ်ကန်တွေကိုယ်တိုင်က ကျောတွေ တွန့်ကုန်ကြတယ် ပြောပါတယ်။ အမေရိကန်စတော့စျေးတွေဟာ ဟဲရစ်ဘက်အလေးသာပြီး စျေးတွေ ခုန်တက်ကုန်တယ်လို့ ဆိုပါတယ်။ အမေရိကားမှာ ပထမဆုံး အမျိုးသမီး ပထမဆုံး လူဖြူမဟုတ်တဲ့ အမျိုးသမီး သမ္မတ တဦးကို မြင်တွေ့ကြရတော့မယ်လို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။ အမျိုးသမီး ကိုယ်ဝန်ဆောင်ခွင့် သားမွေးခွင့် မျိုးဆက်ခြားခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လွတ်လပ်စာ ခွင့်ပြုမယ့်အခြေအနေကို ပြန်လည် ရရှိလိမ့်မယ်လို့ အမျိုးသမီးထုကြီးက မျော်လင့်ချက်ရောင်ခြည် သန်းလာတယ်လို့ ပြောကြပါတယ်။ ပြည်ပအရေးဆိုတာထက် အလွန်သွေးတွေကွဲ အမုန်းတရားတွေ လောင်မြိုက်နေတဲ့ အစွန်းရောက်နေတဲ့ ပြည်တွင်းရေးကို ပြန်လည်တည်ငြိမ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တောင် အမေရိကန်ပြည်တွင်းရေးနမူနာဟာ နိုင်ငံတကာကိုပါ ရိုက်ခတ်ပြီး ကူးစက်လာမယ်လို့လည်း အကဲခတ်တွေက မျော်လင့်ကြောင်း သုံးသပ်ကြပါတယ်။


မည်သို့ပင် ဆိုစေကာမူ အမေရိကန်နိုင်ငံရေးက ခါးသီးမှုတွေ အကျည်းတန်မှုတွေကြားမှာ လူအများစုအတွက် အပျော်တွေ မျော်လင့်ချက်တွေ ခွန်အားတွေ ရစေတဲ့ သမ္မတလောင်းစကားစစ်ထိုးပွဲလို့ ဆိုရပါမယ်။ စကားစစ်ထိုးပွဲအပြီးမှ အမေရိကန်၏ ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်က - ကြောင်ချစ်သူ (cat lady) သူမသည် ဟဲရစ်ကိုပဲ မဲပေးမယ်လို့ ထောက်ခံစကားထုတ်ပြန်လိုက်ပါတယ်။ cat lady ဆိုတာ ထရန့်တို့က ဟဲရစ်ကို ကလေးမမွေးဘဲ ကြောင်ပဲမွေးထားတဲ့ (အရွယ်လွန်) မိန်းမလို့ စော်ကားတဲ့စကားအဖြစ် childless cat lady လို့ ပျက်လုံးထုတ်ခဲ့တဲ့ အဖြစ်ကို ညွှန်းဆိုပါတယ်။ ဒါကြောင့် တောလာဆွစ်က သူမလည်း ကြောင်ချစ်သူပဲ၊ ဟဲရစ်ကိုပဲ မဲပေးမယ်လို့ ကြော်ငြာတာ ဖြစ်တယ်။ ခင်ဗျားကော ကြောင်ချစ်သူပဲလား ဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar