ကျော်ဟုန်း - ၉/၂၄ ပြကွက်
၉/၂၄ ပြကွက်
ကျော်ဟုန်း
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၄
အရင်းထိအောင်
စစ်စရာမလိုပါဘူး။
အမြစ်မချန် ခုတ်ယူသွားတဲ့
"တစ်နှစ်အတွင်း တစ်တောင်လုံးပြောင်စေရမည်"
ဆောင်ပုဒ်ရှင် (ခရိုနီတေဇော)ရဲ့ ရာဇဝတ်မှု။
မြေရှား၊ တွင်းထွက် ဘာလာလာ
အနှစ်ယူ၊ အက်စစ်ဖြန်းခဲ့တဲ့
ဆွေမျိုးပေါက်ဖော်ကြီးရဲ့
နာပြီးရင်း နာစေ စီမံကိန်းများ။
ငါ့မြေကိုလား
၁ လက်မမှ မကျူးကျော်စေရ
အသံကောင်းဟစ်ပြီး
မြေပုံထဲ တနံတလျားကျူးခွင့်ပေး
အိတ်ကပ်ထဲ ဒေါ်လာထည့်
ခေတ်အဆက်ဆက် စစ်အုပ်စုမအလများရဲ့
သစ္စာဖောက်၊ ရာဇဝတ်မြောက် လာဘ်စားမှု။
ဟေဂသဘော မစောကြောသူတွေဟာ
ပျားအိမ်ကိုလွယ်လွယ်ဖွပ် ဖျက်ဆီးဖို့ ဝန်မလေး
မြေကိုလှန်၊ ရေကိုမချန်ဖို့ ဝန်မလေး
မြစ်ကို တံ့၊ ဆည်နဲ့တားဖို့ ဝန်မလေး
တောကိုခေါင်၊ တောင်ကိုပြောင်ဖို့ ဝန်မလေး
သဘာဝဘေးဒဏ်ကို လက်ယပ်ခေါ်ခဲ့ကြတယ်။
မိုးခေါင် အညာတလွှား
ရေကြီးတာ ခံနေရပုံများ
ပုဂံမြေ အမွေအနှစ်တို့ခမျာ
စိမ့်ရေဝ မိုးရေခ တမြေ့မြေ့မို့
ဘယ်လိုကာကွယ်ရမှန်းမသိတဲ့ ပညာမဲ့မှုနဲ့
နောက်ရာစုနှစ်တွေမှာ စေတီများဟာ
မြေခအုတ်ပုံဖြစ်ရဖို့ မြင်ယောင်မိ
နောင်ဆို အုတ်ပုံကို မှန်းဆရှိခိုး
အုတ်ပုံဘေးမှာ ရိုက်ထားဖူး စေတီပုံဟောင်းပြ
နိုင်ငံခြားဧည့် ဆွယ်ကြပေတော့ဟေ့။
ကဲ ... ခုတော့
တိုက်ရိုက် မဟုတ်တဲ့ မုန်တိုင်းရာဂီ
အဖျားခတ် အနားသတ်တောင်မှ မဆံ့မပြဲ
တောင်ပေါ် မြေပြန့်မခွဲ ခံနေရ
ရေကြီး၊ ရေလျှံ၊ မြေပြို
ဥစ္စာဆုံး၊ လူနဲ့ တိရစ္ဆာန်သေ
ဘုံးဘုံးလဲခံနေရတာ တရားခံအစစ်တွေမပါ
ငါတို့ မျက်ရည်လျှံရပြီ
ပြည်သူတွေ မျက်ရည်ထဲမျောပြီ။
မမြင်ရက်စရာတို့ရေ
သင်္ခါရကို အကြွင်းချဖို့မကျန်ရအောင်
နေရာတိုင်း သုညကြွင်းနေပါပေါ့
ဒါကို ကပ်ဆိုးကြီးလို့ လွယ်လွယ်မပြောနဲ့
တရားခံအစစ်တွေကိုသိလျက် လွတ်ကုန်မယ်
အားလုံး မလွတ်စေနဲ့။
၂၄၉၁၃
* ကာလဒါန ရေဘေးအလှူကို တတ်နိုင်သ၍ပါဝင်ဖို့နှိုးဆော်ပါရစေ *
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar