Breaking News

လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတဲ့ အာဏာသိမ်း စစ်တပ်

မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၉ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၄⁨⁨


လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတဲ့ အာဏာသိမ်း စစ်တပ်

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လွိုင်ကော် ခရီးစဥ်အတွင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု အထူးသဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့  မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာ ခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေတာ တွေ့ရပါတယ်။ 

ဒီမော့ဆို၊ ဖယ်ခုံ၊ မကွေးတိုင်း အထက်ပိုင်း၊ ရှမ်းမြောက်က လားရှိုး၊ ရခိုင်ပြည်နယ် ပေါက်တော အစရှိတဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတာ ခုရက်ပိုင်း နေ့စဥ်လိုလို ဖြစ်ပွားလာပါတယ်။ စစ်ကောင်စီ ရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေက အခုမှာ စတင်လာတာတော့ မဟုတ်ပါဘူး။ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ကူပစ်ပြီး ရန်သူကို လွတ်လွတ်လပ်လပ် လှုပ်ရှားခြင်း မပြုနိုင်အောင် လုပ်ဆောင်တာမျိုး၊ ရန်သူ စခန်းချထားတယ်လို့ ယူဆတဲ့နေရာ စုဝေးနေတယ်လို့ သတင်းရတဲ့နေရာတွေကို တိုက်ပွဲဖြစ်ပွားနေတဲ့ အခါမျိုးမှာသာမကပဲ ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စခန်း၊ မြို့၊ ရွာတွေမှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပေမယ့်လည်း သတင်းအချက်အလက် စုဆောင်းကာ တိုက်ခိုက်တာမျိုး လုပ်ဆောင်နေကျ ဖြစ်ပါတယ်။ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက အနန်းပါ ကျေးရွာလို နေရာ၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာလိုမျိုးမှာ လက်နက်ကိုင် တပ်ဖွဲ့တွေချည်းတင်မက အရပ်သားတွေပါဝင်ပြီး စုဝေးနေချိန်မျိုးမှာ နေ့နေ့ ညည မရွေး ဗုံးကြဲတာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတွေက ထင်ထင်ရှားရှား အဖြစ်အပျက်ကြီးတွေ ဖြစ်ပြီး သေးသေးမွှားမွှား တိုက်ခိုက်မှုတွေက နေ့စဥ် သို့မဟုတ် အပတ်စဥ်လိုလို ဖြစ်ပွားနေတာ နှစ်နဲ့ချီရှိနေခဲ့ပြီ ဖြစ်ပါတယ်။ 

အခု လတ်တလော တိုက်ခိုက်မှုတွေက ရက်ဆက်တိုက် တနေရာပြီးတနေရာ ဗုံးကြဲတိုက်ခိုက်လာတာ ဖြစ်တာကြောင့် အရင် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ မတူတဲ့ ဗျူဟာ၊ တိုက်ခိုက်မှုအဖြစ် ရှုမြင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ကရင်နီပြည်၊ ရှမ်းမြောက်၊ ရခိုင်နဲ့ မကွေးတိုင်း မြောက်ပိုင်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေမှာ အရပ်သားအများအပြား သေဆုံးခဲ့ကြရတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းလိုမျိုးကို လေကြောင်းက ဗုံးကြဲခြင်းဟာ စစ်ရေး ပစ်မှတ်မဟုတ်တဲ့နေရာကို တိုက်ခိုက်တာဖြစ်လို့ စစ်ကောင်စီ အနေနဲ့ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ လို့ဆို ရမှာဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေ လေကြောင်းတိုက်ခိုက်ခံရတာ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေ လေကြောင်းတိုက်ခိုက်ခံရတာတွေလည်း တကြိမ်မက တွေ့နေရပြီး လူစုလူဝေး ရှိတတ်တဲ့နေရာတွေ ဖြစ်တဲ့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတို့လိုမျိုးကို လေကြောင်းကနေ ဗုံးကြဲတာ ပစ်ခတ်တာဟာ စစ်ရာဇဝတ်မှု မြောက်တဲ့ တိုက်ခိုက်မှုတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ မကြာသေးတဲ့ ရက်ပိုင်းအတွင်းက မြောက်ပိုင်း ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာပြီးနောက်ပိုင်း တိုက်ခိုက်မှုပိုစိပ်လာတဲ့ သဘောလို့ ကောက်ချက်ချမယ်ဆိုရင်လည်း ချနိုင်ပါတယ်။ တဖက်မှာလည်း တရုတ်နိုင်ငံက အပစ်ရပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင် ၃ ဖွဲ့နဲ့ ကေအိုင်အေတို့ကို ပြင်းထန်တဲ့ တိုက်တွန်းမှုမျိုး ရှိခဲ့ပြီး စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံရဲ့ အားပေးထောက်ခံမှုကို သြဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ရဲ့ နေပြည်တော်ခရီးစဥ် အတွင်းရခဲ့သလား ဆိုတဲ့ ယူဆချက်တွေလည်း ပေါ်ထွက်လာနေတာတွေ့ရ ပါတယ်။ စစ်ကောင်စီ အနေနဲ့ မြေပြင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးမှု များလာနေတာကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို အခြေအနေပေးတဲ့အခါမှာ ပြန်တိုက်ကောင်း တိုက်နိုင်ပေမယ့် လတ်တလောမှာတော့ ဆက်စပ်နေတဲ့ နယ်မြေတွေ တပ်စခန်းတွေ ထပ်မံမဆုံးရှုံးဖို့ ပြင်ဆင်ကာကွယ်နေတာနဲ့အတူ လေကြောင်းတိုက်ခိုက်မှုကို နည်းပရိယာယ်အရ လုပ်ဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ သိမ်းယူရရှိထားတဲ့ နယ်မြေသစ်တွေမှာ မတည်ငြိမ်မှုဖြစ်ပေါ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့ လည်း ကောက်ချက်ချကောင်း ချနိုင်ပါတယ်။ 

နမ့်ခမ်း၊ လားရှိုး၊ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ တို့လိုမြို့တွေမှာ ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်ဘူးဆိုတဲ့ ပုံရိပ်မျိုး၊ ထင်မြင်မှုမျိုးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အုပ်ချုပ်မှုအောက် ပြန်လည်နေထိုင်ခြင်း ဟာလည်း လုံခြုံမှုမရှိဘူးဆိုတဲ့ သတင်းစကားမျိုး ရစေချင်တာကြောင့် စစ်ကောင်စီ လေတပ်က အခုလို တိုက်ခိုက်နေတာလည်း ဖြစ်နိုင်ခြေ တခုဖြစ်ပါတယ်။ 

 စစ်ကောင်စီကို လေယာဥ်ဆီ ဝယ်ယူလို့မရအောင် ကြိုးပမ်းကြတဲ့ လှုံ့ဆော်မှု ကမ်ပိန်းတွေလည်း ရှိနေပေမယ့် နိုင်ငံရဲ့ အစိုးရလို့ ယူဆသတ်မှတ်ထားကြတဲ့ နိုင်ငံအချို့က စစ်ကောင်စီ ဝယ်ယူလိုတဲ့ လေယာဥ်ဆီလိုမျိုးကို တဆင့်ခံဝယ်ယူ တင်ပို့ပေးနိုင်ခြေလည်း ရှိတာ၊ ပြည်တွင်း လေကြောင်းလိုင်းတွေက လေယာဥ်တွေ အသုံးပြုဖို့ မှာယူတဲ့ လေယာဥ်ဆီ နဲ့ စစ်ရေးအတွက် အသုံးပြုမယ့် လေယာဥ်ဆီ တို့ကိုလည်း ယတိပြတ်ခွဲခြားဖို့ ခက်ခဲမှုတွေလည်း ရှိတာကြောင့် လေယာဥ်ဆီ ပိတ်ဆို့ရေး လှုံ့ဆော်မှုက ထိရောက်မှုကြီးကြီးမားမား မတွေ့ရဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ NUG လက်အောက်က PDF အဖွဲ့တွေ အနေနဲ့ လေယာဥ် မပျံသန်းနိုင်အောင် လေယာဥ်ဆီ ပိတ်ဆို့မှု ထိရောက်စွာ မလုပ်နိုင်ဘူးလို့ ယူဆတဲ့အခါ နောက်တဆင့် လုပ်ဆောင်သင့်တဲ့အရာက လေကြောင်းရန် ကာကွယ်ရေး နည်းလမ်းတွေ၊ အသိပေးတဲ့ စနစ်တွေ၊ လူစုလူဝေး နဲ့ စုဝေးခြင်းမပြုပဲ ခွဲဖြန့်ပြီး နေထိုင်တာ၊ စာသင်ကျောင်းတွေကို ပစ်မှတ် အဖြစ်မရောက်အောင် စီမံဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ 

လေကြောင်းရန် ကာကွယ်ရေး အနေနဲ့ မကွေး၊ မိတ္ထိလာ၊ တံတားဦးတို့လို လေတပ်စခန်းတွေ အနီးက ရရှိတဲ့ သတင်းတွေကို အချိန်နဲ့အမျှ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေ ရောက်အောင် ဖြန့်ချိပေးတာ စတဲ့ သတင်းအချက်အလက် လျင်မြန်စွာ ဖလှယ်၊ ဖြန့်ချိတာတွေ ကို ပိုမိုဝိရိယ စိုက်လုပ်ဆောင်ဖို့ လိုအပ်နေမှာဖြစ်ပါတယ်။⁩



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar