ညိုထွန်းလူ - "ရွှေပြည်ကြီး နီးအောင်ပင်"
(crd-ပန်းချီ ကိုလှိုင်မျိုး)
"ရွှေပြည်ကြီး နီးအောင်ပင်"
ညိုထွန်းလူ
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၄
ဟိုး အရှေ့တလွှားက ရိုးမတောင်တန်းတွေပေါ်မှာဖြင့်မိုးတွေကလည်းညို့သနဲ့။ မန္တလေးရေ နေကောင်းရဲ့လား၊ အဆင်ပြေရဲ့နော်။ အဲဒီလိုမေးလာခဲ့ရင်တော့ မြင်တဲ့အတိုင်းပဲလေလို့ သူကအေးစက်စက်နဲ့ပြန်ပြောလိုက်မှာ သေချာပါတယ်။
မန္တလေးဟာ သူ့ဝမ်းဗိုက်ထဲကို လူတွေနေ့စဉ်နဲ့အမျှ တိုးဝင်နေကြလို့စိတ်မသက်မသာ ဖြစ်နေရှာတယ်။ ပြီးတော့ သူ့အနားကဖြတ်သန်းနေတဲ့သတင်းစီးဆင်းမှုတွေနဲ့ အဆက်မပြတ်ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကြောင့် စိတ်ရှုပ်ထွေးနေသလားပဲ။
မန္တလေးရေ မိုးရွာတော့မှာလား၊ မိုးရွာစေချင်တာလား။ တကယ်တော့ ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေလွင်၊ မိုးရွာမယ်မထင်မိပါလို့ . .နန်းတော်ရှေ့ဆရာတင်ရဲ့ မင်းဂံဘုတ်သီချင်းကလေးကိုဆိုရင်း လွမ်းခဲ့ရတာတွေက အတိတ်ကာလဆီမှာ အဝေးမန္တလေးနဲ့အတူ ကျန်ရစ်ခဲ့ပါပြီ။ ဆီဆိုင်တွေမှာ သုံးလေးထောင်ဖိုးဆီ ထည့်ရဖို့အတွက် နှစ်နာရီသုံးနာရီနီးပါးတမေ့တမောကြီးတန်းစီနေကြရတဲ့ ဆိုင်ကယ်တန်းကြီးက မိုးရွာစေချင်ပါ့မလား။ အဲဒီအတွက် မန္တလေးက မိုးမရွာပါနဲ့လို့လည်း တားမြစ်ပိုင်ခွင့်မရှိခဲ့။ တကယ်တန်းတော့ သူ့ကိုယ်သူမပိုင်တဲ့မန္တလေးခမျာ အရွေ့မြန်တဲ့ခေတ်ကြီးထဲမှာဖြတ်သန်းရင်း သူ့အနာဂတ်ကိုလည်း သူကိုယ်တိုင်မမှန်းဆတတ်အောင်ဖြစ်နေရရှာတယ်။
မန္တလေးဟာ အပေါ်ယံမျက်နှာလွှာမှာတော့ လူစည်ကားနေတဲ့စူပါမားကက်ကြီးတွေ။ ခြိမ့်ခြိမ့်သဲပျော်ရွှင်စွာကျင်းပနေတဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေ၊ မန္တလေးရဲ့ညတွေဟာ ကာရာအိုကေဆီက တေးသီချင်းသံတွေနဲ့ပေါ့ပါးပျော်ရွှင်နေသလိုဟန်ဆောင်နေပေမယ့် သူ့ရဲ့အတွင်းသဏ္ဍာန်မှာ အရာရာကိုအမောတွေနဲ့ပွေ့ဖက်ထားပြီး ရင်တထိတ်ထိတ်နဲ့နေရတာကို ဘယ်သူကသိမှာလဲ။
မန္တလေးတဲ့၊ မန္တလေးတဲ့။ တိုးတက်ဖွံ့ဖြိုးလာတဲ့ရုပ်ဝတ္ထုတွေနဲ့အသွင်သဏ္ဍာန်ကို မန္တလေးက သူကိုယ်တိုင်လိုလိုလားလားရှိခဲ့ရဲ့လားဆိုတာ သိပ်တော့မသေချာ။ ဒီလိုနဲ့ မန္တလေးဟာ သူ့ရဲ့အငွေ့အသက်တွေနဲ့အမှတ်တရတွေ တရွေ့ရွေ့ပျောက်ဆုံးနေရတဲ့အဖြစ်ကိုကြည့်ရင်း စိတ်ပင်ပန်းကြီးစွာနဲ့ တိတ်တခိုးသက်ပြင်းချနေရရှာသလား။
မန္တလေးတော့မန္တလေးပေါ့။ ဆင်းရဲချမ်းသာ သိသိသာသာကွာဟလာခဲ့တဲ့မန္တလေးမှာပဲ ကွဲပြားသွားခဲ့တဲ့မန္တလေးတွေရှိနေခဲ့တယ်။ မန္တလေးမှာ မနက်ဖြန်အတွက်ဘာမှမတွေးနိုင်တဲ့ တစ်နေ့လုပ်တစ်နေ့စားနေရတဲ့မန္တလေး။
စီးပွားရေးအခွင့်အလမ်းတွေကိုအမိအရဆုပ်ကိုင်ပြီး မန္တလေးကိုပဲစစ်တုရင်ခုံပေါ်ကနယ်ရုပ်တွေလိုသဘောထားနေတဲ့ မန္တလေးတွေ။ ပြီးတော့ သူ့အတွေးသူ့အမြင် သူ့နည်းသူဟန်နဲ့သူ ရှေ့ဆီသို့ဦးတည်နေတဲ့ ထက်မြက်စူးရှတဲ့မန္တလေး။ မန္တလေးတွေ . . .မန္တလေးမှာ ရှိနေကြတဲ့မန္တလေးတွေ။
ကွဲပြားကွာခြားသွားတဲ့ ဘဝရုပ်ပုံလွှာတွေနဲ့အတူ အာရုံခံစားမှု အရောရောအထွေးထွေးတွေထဲကမန္တလေးတွေ။ မန္တလေးရဲ့မျှော်လင့်ခြင်းတွေနဲ့အတူ ရိုက်ခတ်ကျန်ရစ်ခဲ့တဲ့ပဲ့တင်သံတွေ။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အားလုံးထဲမှာ ချစ်စရအကောင်းဆုံးကတော့ အတိတ်ကာလဆီကိုပြန်လည်သွားချင်နေရှာတဲ့ မန္တလေးပါ။ သူတို့အားလုံးဟာ မန္တလေးမှာပဲနေကြပြီး အနားမှာဖြတ်သန်းသွားတဲ့ မြန်နှုန်းမြင့်တဲ့ခေတ်ကြီးကို မသိယောင်မမြင်ယောင်ပြုရင်း အဝေးမှာကျန်ရစ်ခဲ့တဲ့ မန္တလေးကိုပဲ လွမ်းနေကြရဲ့။ ဒီအတွက်လည်းအပြစ်တင်ချင်စရာလည်းမလို၊မန္တလေးကလည်းလွမ်းမယ်ဆိုရင်လည်းလွမ်းချင်စရာတွေနဲ့ချည်း။
လူမှုကွန်ယက်ပေါ်မှာ တစ်ချိန်တခါကမန္တလေးရဲ့ရနံ့တွေ အသွေးအရောင်တွေ အငွေ့အသက်တွေကို လွမ်းလွမ်းတတပြောကြ။ အချင်းချင်းလည်း အလွမ်းတွေကိုလည်းဖလှယ်ခဲ့ကြ။ သင်္ခါရနယ်ပယ်ထဲမှာ အနိစ္စတရားကိုလည်းရှုမှတ်ရင်း ဪ . .အလွမ်းစိတ်တွေတဝေဝေနဲ့အဝေးမန္တလေးကိုပဲလွမ်းနေကြရှာသူတွေ။ သဘောကျစရာကောင်းတဲ့မန္တလေးတွေ။
ပြောစရာလေးရှိသေးရဲ့။ မန္တလေးကိုသွားရာလမ်းတဲ့။ မန္တလေးကိုသွားတဲ့လမ်းတွေနဲ့ မန္တလေးကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာခဲ့ကြသူတွေ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပေါ့ သူတို့အားလုံးရဲ့ခန္ဓာကိုယ်ထဲမှာ မန္တလေးရဲ့သွေးတွေနဲ့လှည့်ပတ်စီးဆင်းနေပြီး မန္တလေးကို ချစ်မြတ်နိုးခဲ့ကြတယ်။ ဒါပေမယ့် အခုတော့လည်း ခေတ်ကာလအခြေအနေက မန္တလေးကိုရိုက်ခတ်လာခဲ့လို့ စိုးတထိတ်ထိတ်နဲ့ ဖြစ်လာခဲ့ရပါပကော။
အမြန်လမ်းမပေါ်မှာ မန္တလေးမှထွက်ခွာသွားနေတဲ့မော်တော်ကားတန်းကြီးဟာ မန္တလေးရဲ့စိုးရိမ်အမှတ်အဆင့်ထိရောက်နေခြင်းကို ဖော်ပြနေတဲ့သဘောလား။ သေချာတာကတော့ မန္တလေးဟာ မရေရာမသေချာတော့တဲ့နေ့ရက်တွေကို ဖြတ်သန်းနေကြရပါပြီ။
မန္တလေးကိုစွန့်ခွာပြီး တစ်ခြားတစ်နေရာကို ပြောင်းရွေ့သွားဖို့တွေးသူကလည်းတွေးကြရဲ့။ အများစုကတော့ ကြောက်ရွံ့ထိတ်လန့်စရာ ပေါက်ကွဲအားနဲ့ပြိုကျလာနိုင်တဲ့ မန္တလေးရဲ့မိုးကောင်းကင်ကို စိတ်တမောမောနဲ့မော့ကြည့်ရင်း သွားစရာနေရာလည်း ဘယ်မှမရှိဘူး။ ဖြစ်တော့မှ ဖြစ်ရော၊ မန္တလေးမှာပဲနေတော့မယ်လို့ စိတ်ဒုန်းဒုန်းချထားလိုက်ကြတယ်။
မန္တလေးအရွေ့ကို မျက်စိဒေါက်ထောက်ကြည့်နေကြသူတွေကတော့ မန္တလေးကို ကိုယ်ကျိုးစီးပွားနဲ့ရောက်လာကြတဲ့သူတွေ ဣန္ဒြေမပျက်မချင်းသိပ်စိုးရိမ်စရာမရှိပါဘူးတဲ့။
ဒီလိုပါပဲလေ ကိုယ့်ရဲ့ထင်မြင်ချက်တွေပြောကြ ဆွေးနွေးကြပေမယ့် အဖြစ်အပျက်ကြီးက မြန်ဆန်လွန်းနေလို့ ဟိုအဝေးအနာဂတ်ဆိုတာကို ထားလိုက်ဦး မနက်ဖြန်ဆိုတာတောင် အထင်နဲ့အမြင်က တစ်ခြားစီဖြစ်သွားနိုင်တာပဲမဟုတ်လား။
မန္တလေး ဘာဖြစ်သွားနိုင်လဲတဲ့။ ကျွန်တော်မသိပါဘူး။ သူ့အနာဂတ်ကိုမမှန်းဆနိုင်တဲ့မန္တလေးအကြောင်းကို ကျွန်တော်ကကော ဘာပြောနိုင်မှာတဲ့လဲ။ ဒါပေမယ့်အဆိုးရွားဆုံးဖြစ်လာလိမ့်မယ်ဆိုတဲ့ခန့်မှန်းချက်မျိုးကိုတော့ မန္တလေးကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ကျွန်တော်ငြင်းဆိုပါတယ်။
တစ်ခုတော့ဝန်ခံချင်ရဲ့။ ကျွန်တော်ဟာ လူလားမြောက်စအရွယ်ကတည်းက မန္တလေးမှာနေခဲ့ပေမယ့် ကျွန်တော့်ရဲ့ဝန်းကျင်မှာ ကျွန်တော်နဲ့အလှမ်းဝေးနေတဲ့မန္တလေးတွေရှိနေခဲ့တယ်။ အဲဒီမန္တလေးအကြောင်းတွေကိုသိဖို့လည်းအားမထုတ်ခဲ့။ ပြီးတော့ စိတ်တပူပူဖြစ်နေရတဲ့ ဒီလိုအချိန် ဒီလိုကာလကြီးမှာ နည်းနည်းလေးရူးကြောင်ကြောင်နိုင်ပေမယ့် ကျွန်တော်ရဲ့စိတ်အာရုံတွေက လွန်ခဲ့တဲ့နှစ်လေးဆယ်ဆီသို့ ငှက်ကလေးတကောင်လို ပျံသန်းနေမိရဲ့။
. . . . .
အဲဒီအချိန်တုန်းကလား၊ အဲဒီအချိန်တုန်းကပေါ့။ မိုးရာသီဖြစ်ပေမယ့် မန္တလေးမှာမိုးရွာတာနည်းပါးလို့ မိုးရှောင်ရင်း လာရောက်ကပြကြတဲ့ ရုံသွင်းဇာတ်ကြီးတွေကိုအားပါးတရကြည့်ခဲ့ရ။ ဟော တောင်ပြုန်းပွဲရောက်ခဲ့ပြန်တော့လည်း တောင်ပြုန်းကိုသွားပြီး ကိုယ်တော်ကြီးနဲ့ကိုယ်တော်လေးတို့ကို ပန်းဆက်ပြီးသကာလ ဒိန်းဂျမ်း ဒိန်းဂျမ်းနဲ့ မြူးမြူးထူးထူး ကလိုက်ခုန်လိုက်နဲ့။
အတိတ်ကိုငေးနေတဲ့ကျွန်တော့်ရဲ့ မျက်နှာပေါ်မှာအပြုံးရိပ်ကလေးတွေ။ အဲသမှာပဲ အမောသောကတွေနဲ့မန္တလေးကို ဖျတ်ခနဲကြည့်လိုက်ရင်း ကျွန်တော့်ရဲ့အတွေးထဲကို ကွယ်လွန်သူဇာတ်မင်းသားကြီး မြို့ တော် (ဦး) သိန်းအောင်ရဲ့ ရွှေပြည်ကြီးသီချင်းကစီးဆင်းလာခဲ့တယ်။
"ရွှေပြည်ကြီးနီးအောင်ပင် လှမ်းကြပါစို့ပျိုမေ။ မြို့တော်နန်းမြင့် လျှမ်းတင့်ကျက်သရေ၊ ပြည်သူကြည် ဖြူများဗိုလ်လူ ရှုခင်းသာပေ။
မြို့တော်သိန်းအောင် ပြန်လာပါပြီလေ။ သိန်းအောင်ပြန်လာပါပြီလေ။ အောင်စည်တီးတဲ့ရွှေပြည်ကြီးကိုလေ။"
ကြားယောင်လာတဲ့သီချင်းသံက ကျွန်တော့်ကို မန္တလေးရဲ့တစ်ခါကပုံရိပ်တွေကို အသက်ဝင်ထင်ရှားလာစေအောင်နှိုးဆွလိုက်တယ်။ တစ်ဦနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်ရှိခဲ့တဲ့ မန္တလေးရဲ့အဝန်းအဝိုင်း၊ မန္တလေးရဲ့လောကဝန်းကျင်။
"မြို့တော်ကိုမျှော်တဲ့သူတွေ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ သိန်းအောင်ကိုမျှော်တဲ့သူတွေ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ"တဲ့။
ကြည့်စမ်းပါဦး။ သီချင်းသံလေးက ကျွန်တော့်ကို မေတ္တာဓာတ်တွေနဲ့အတူ နွေးထွေးသွားခဲ့သလို မေတ္တာစက်ဝန်းထဲကမန္တလေးကို မြင်ယောင်သွားစေခဲ့ပေါ့။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင်မန္တလေးကနေပြီးကျွန်တော်ဘယ်မှမသွားပါဘူး။ ဇာတိဒေသကို ချစ်မြတ်နိုးတဲ့စိတ်တွေနဲ့အတူ မေတ္တာရနံ့တွေဝန်းဖွဲ့နေဆဲ မန္တလေးရဲ့ရင်ခွင်ထဲကလည်းရုန်းမထွက်နိုင်ခဲ့ပါဘူး။
စေတနာ မေတ္တာစိတ်တွေကြီးမားတဲ့ ဟောဒီမြို့ကြီးဟာ ကြီးမားတဲ့အန္တရာယ်မကျရောက်နိုင်ဘူးလို့ ကျွန်တော်ယုံကြည်နေမိတယ်။ ဒါကလည်း မန္တလေးအဟောင်းထဲက အဘိုးကြီးတစ်ယောက်ရဲ့ ရိုးဖြောင့်လွန်းတဲ့အတွေးလို့လည်းဆိုနိုင်ရဲ့။
မည်သို့ပင်ဖြစ်စေပေါ့၊ မန္တလေးသို့သွားရာလမ်းမှာ မန္တလေးကိုမေတ္တာထားပြီးမန္တလေးရဲ့ကောင်းကျိုးကိုဆောင်ရွက်ကြဖို့ ရောက်လာကြမယ့်သူအားလုံးကို ရွှေပြည်ကြီးသီချင်းကိုသီဆိုရင်းနွေးနွေးထွေးထွေးနဲ့ ကျွန်တော်ကြိုဆိုနေမယ်။ တုံ့လှယ်မေတ္တာဆိုတဲ့အတိုင်းမေတ္တာနဲ့လာကြသူတွေကို မေတ္တာနဲ့ကြိုဆိုနေမှာဖြစ်တယ်။ မန္တလေးရေ ကျေနပ်ရဲ့လား။ ရှေ့ဆီသို့သွားနေတဲ့မန္တလေးအရွေ့ဟာ ခလုပ်မထိဆူးမငြိပါစေနဲ့။ ကျန်းမာပျော်ရွှင်ပါစေမန္တလေးရေ။
ညိုထွန်းလူ
*** စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar