Breaking News

လေခဏီ - ကျားပါးစပ်ဝက ကရင်ပြည်

လေခဏီ - ကျားပါးစပ်ဝက ကရင်ပြည်

(မိုးမခ) စက်တင်ဘာ ၆ ၊ ၂၀၂၄

ရွှေကုက္ကိုလ်ကျေးဇူးနဲ့ စတားလင့် ဖူးမြော်ရဖို့ ခက်သထက်ခက်လာတယ်။ စတားလင့်စက်ဈေးတွေလဲ တက်သထက်တက်လာတယ်။ ရတဲ့နေရာလေးမှာလဲ မိုးကုတ်မှာဆို တနာရီငါးထောင်တောင်ပေးသုံးနေရတဲ့အခြေဆိုက်လာပါတယ်။ 

ရွှေကုက္ကိုလ်အပါအဝင် သောင်ရင်းမြစ်တစ်ဖက်ကမ်းတလျှောက် မြ၀တီဘက်က ကာစီနို၊ လောင်းကစားရုံနဲ့ ကျားဖြန့်လုပ်ငန်းတွေကို ထိုင်းဘက်က လျှပ်စစ်မီးနဲ့ အင်တာနက်တွေ ပေးနေခဲ့တာ ရပ်လိုက်တော့ ကျားဖြန့်လုပ်ငန်းတွေဟာ စတားလင့်ခ်အင်တာနက်ကို ဖက်တွယ်လာလို့ စတားလင့်ဈေးဟာ ထိုင်းမှာ ဘတ် ၅၀၀၀၀ စျေးဆိုရင် မြ၀တီ ကျားဖြန့်ရုံတွေအရောက် ဘတ် ၁၀၀၀၀၀ ကျော် စျေးရတယ်တဲ့။ ထိုင်းမှာ အဖမ်းအဆီးများတာကြောင့် စက်ရဖို့လဲ ခက်လာပါတယ်။ အဲဒါကြောင့် ထိုင်းဘက်ကနေ အင်တာနက်ပြန်ချိတ်ဖို့လုပ်ရာမှာ အခု သောင်ရင်းမြစ်ကနေ အင်တာနက်ကေဘယ်ကြိုးကို ဖြတ်ဆွဲပြီး ရွှေကုက္ကိုလ်ကို အင်တာနက်ပေးဖို့ လုပ်နေတဲ့တယောက် အဖမ်းခံရတယ်။ 

မြဝတီဟာ နိုင်ငံတကာသိပ်ဆန်ပါတယ်။ တိုင်းကြီးပြည်ကြီးတွေအားလုံး စုရုံးရောက်ရှိ ကျားစာမိကြပါတယ်။

မြဝတီမြို့နယ်ထဲက ကျားဖျန့်ငွေလိမ်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၂၁ ဦး ဩဂုတ်လ ၂၇ ရက်နေ့မှာ လွတ်မြောက်လာတယ်။ သူတို့ဟာ မြဝတီမြို့နယ်ထဲက Dongmei လို့ အမည်ရတဲ့ ငွေလိမ်လုပ်ငန်းမှာ ပိတ်မိနေတဲ့သူတွေပါ။ အဲဒီငွေလိမ်လုပ်ငန်းလုပ်တဲ့ ခြံဝင်းထဲကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ကစပြီး လွတ်မြောက်လာတဲ့ အိန္ဒိယ နိုင်ငံသား ၅၇ ယောက်အထိ ရှိပြီလို့လည်း အိန္ဒိယသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၂၀၂၄ ခုနှစ် မေ လ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ငါးလအတွင်း မြဝတီမြို့မှာရှိတဲ့ ကျားဖျန့် ငွေလိမ်လုပ်ငန်းတွေက တရုတ်နိုင်ငံသားတွေ ထွက်ခွာသွားရမယ်လို့ မြဝတီမြို့ BGF စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က မေလ ၃ ရက်နေ့မှာ ခပ်တည်တည် ထုတ်ပြန်လာပါတယ်။ ဒါဟာ တကယ် ဟုတ်၊ မဟုတ် သိဖို့ဆိုရင်တော့ ဝင်စီးကြည့်ရမှာပါပဲ။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေ စိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့လူတွေဆီကနေ ဒေါ်လာ ၆၄ ဘီလီယံနီးပါး ခိုးယူခဲ့ကြတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် အနောက်ဘက်ကမ်းတစ်လျှောက်မှာရှိနေပြီး အရှေ့တောင်အာရှနိုင်ငံပေါင်း ၅၀ ကျော်ကနေ လူကုန်ကူးခံထားရသူတွေကို အဲဒီလုပ်ငန်းတွေမှာ အဓမ္မခိုင်းစေနေတာလို့ ဆိုပါတယ်။ 

မြန်မာနဲ့ ထိုင်းနယ်စပ်အနီး ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်မှာ ဩဂုတ်လ ၁၂ ရက်က ဝင်ရောက် ရှာဖွေ စီးနင်းစဉ် နိုင်ငံပေါင်း ၁၅ နိုင်ငံက လူပေါင်း ၇၇၁ ယောက်ကို ဖမ်းမိတယ်လို့ လာအိုသတင်းက ဖော်ပြခဲ့ပါတယ်။ ဖိလစ်ပိုင်သံရုံးကို ကူညီဖို့ဆက်သွယ်လာတဲ့အထဲက ၁၂၉ ယောက်အတွက် ကူညီနေပြီး ဒီနေ့ သောကြာနေ့မှာ ၇ ယောက်ကို နေရပ်ပြန်ခေါ်ပေးခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ နောက်ထပ် ၇၅ ယောက်ကိုလည်း ပြန်ခေါ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ လာအိုသတင်းမှာ ဖော်ပြချက်အရ ဩဂုတ်လ ၁၂ ရက်က ဖမ်းမိသူအများစုဟာ လာအို၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေက ဖြစ်ကြပြီး အဲဒီသူတွေကို သက်ဆိုင်တဲ့ သံရုံးတွေလက် လွှဲပေးခဲ့ပြီလို့ ပြောထားပါတယ်။ 

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တူနီးသျှား၊ ကိုလံဘီယာ၊ အီသီယိုပီးယား၊ ဂျော်ဂျီယာ၊ မိုဇံဘစ်ခ်၊ ယူဂန်ဒါ စတဲ့နိုင်ငံတွေကနိုင်ငံသားတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ 

တချိန်ထဲမှာပဲ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ တရုတ်လည်ပတ်နေတဲ့ အွန်လိုင်းငွေလိမ်နေရာတခုကို ဖိလစ်ပိုင်ရဲတွေက ဩဂုတ်လ ၂၂ ရက် ကြာသပတေးနေ့က ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ အွန်လိုင်းဂိမ်းစင်တာအဖြစ် တရားဝင်လိုင်စင်ယူပြီး အွန်လိုင်း ငွေလိမ်တဲ့လုပ်ငန်းတွေလုပ်နေတဲ့နေရာလို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဝင်ရောက် ရှာဖွေ ဖမ်းဆီးစဉ် နိုင်ငံခြားသား ၆၇ ယောက် ဖမ်မိခဲ့တာမှာ တရုတ်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်လူမျိုးတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အများဆုံးက တရုတ်တွေဖြစ်ပြီး ဖိလစ်ပိုင်လူမျိုးတွေလည်း ပါတယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 

မြန်မာ့နွေဦးတော်လှန်ရေးဟာလဲ ကျားဖြန့်နှိမ်နှင်းရေးနဲ့ဆက်စပ်လာပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖော်ဟာ ဒီအကြောင်းတွေသေချာသိထားတော့ ၁၀၂၇ စစ်ဆင်ရေးကို စစ်အာဏာရှင်အမြစ်ဖြတ်ရေးနဲ့ ကျားဖြန့်နှိမ်နင်းရေးမနေဲ့ပါ ယှဉ်တွဲလုပ်ဆောင်ပါတယ်။ အဲဒီမှာ စစ်အာဏာရှင်တွေ ဟန်ဆောင်ပန်ဆောင်နဲ့ ကိုယ့်စစ်ဗိုလ်ချုပ်တွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းတွေကို ထိုးကျွေးရတဲ့အဆင့်ရောက်လာပါတယ်။ အဲဒါကို ကြိုမြင်တဲ့ ကရင်BGFစောချစ်သူဟာ စစ်တပ်နဲ့ လမ်းခွဲပါတယ်။ ကတ္တီပါလမ်းခွဲပါ။ အဲဒီအခြေအနေဟာ တောင်ပိုင်းစစ်ရေးလှုပ်ရှားမှုတွေအပေါ်လဲ လှုပ်ခတ်လာပါတယ်။ ခုတော့ ကျားဖြန့်ဌာနေ ကရင့်မြေဖြစ်လာပြီး ကရင်ပြည်နယ်ဟာ ကမ္ဘာ့ပုလိပ်များအာရုံစိုက်စရာဖြစ်လာပါတယ်။ 

အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေကြတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ်တွေအတွင်း အပြင်းအထန် နှိမ်နင်းခဲ့တာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေစိုက် လှုပ်ရှားသူ ၅ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ် အများပြည်သူ လုံခြုံရေးရာဌာန ဒုဝန်ကြီး Qi Yanjun က ပြောပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့ အတူလက်တွဲပြီး အွန်လိုင်း ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းခဲ့တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဒုဝန်ကြီး Qi Yanjun က ပြောဆိုသွားတာပါ။ တကယ်ကတော့ ဒီငါးသောင်းကျော်ဖမ်းဆီးပြီး ရှမ်းမြောက်မှာ ကျားဟိန်းသံပျောက်သွားတာဟာ ညီနောင်သုံးဖော်ကျေးဇူးသက်သက်ပါ။ တရားဝင်ထည့်သွင်းဂုဏ်ပြုချိန်မရောက်သေးလို့ ထည့်မပြောတာလို့ သဘောရပါတယ်။ ဒါ့ကြောင့် တအာင်းကိုပို့တဲ့ချိန်းခြောက်စာဆိုတာကို စိုးရိမ်ဖို့မလိုပါဘူး။ ညီနောင်သုံးဖော်နဲ့တရုတ်ဟာ အပြန်အလှန်အမှီသဟဲရှိပါတယ်။ 

ကရင်ပြည်နယ်ကတော့ တကယ်အင်တာနေရှင်နယ် ဖြစ်သွားပါပြီ။ ကမ္ဘာကြီးနဲ့ ကျကျနန ယှက်လိမ်သွားပါပြီ။ နိုင်ငံတကာအကြီးအကဲတွေပါ ရောက်ရှိနေပါပြီ။

ကရင်ပြည်နယ်ရှိ ဆိုက်ဘာငွေလိမ် ဗဟိုချက်မှာ မလေးရှား ဒုတိယဝန်ကြီးဟောင်း Datuk Dr Mashitah Ibrahim နဲ့ ခင်ပွန်းဖြစ်သူ Datuk Abdul Shakor bin Abu Bakar တို့ ပါဝင်ပတ်သက်နေမှုအပေါ် မလေးရှားရဲတပ်ဖွဲ့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်တို့က စုံစမ်းစစ်ဆေးနေပါပြီ။ 

မြန်မာစစ်အုပ်စုရဲ့ မဟာမိတ်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့/ ကရင်အမျိုးသား တပ်မတော် (BGF/KNA)နဲ့အတူ Dongmei Park တွင် ပါဝင်နေတဲ့ ထင်ရှားတဲ့ မလေးရှားနိုင်ငံသားများရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်ထားတဲ့ Justice For Myanmar ရဲ့ မေလ အစီရင်ခံစာ ထွက်ပေါ်ခဲ့အပြီး ယခုလို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကာ အစီရင်ခံစာမှာ မာရှီတအီဗရာဟင်၊ အဗ္ဗဒူရှာကောနဲ့ တခြားသူများရဲ့ အမည်များကို ဖော်ထုတ်ခဲ့ကြောင်း Justice For Myanmar က ပြောဆိုထားပါတယ်။ 

အရင်က Saixigang Industrial Park လို့ အမည်ပေးထားတဲ့ Dongmei နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်း ဗဟိုချက်ကို လူကုန်ကူးခံရတဲ့ အလုပ်သမားများနဲ့ လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ပြီး အဲဒီအလုပ်သမားတွေဟာ ရာဇဝတ်လုပ်ငန်းများကို အတင်းအကျပ်စေခိုင်းစေခံရမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ငွေညှစ်ခံရမှုများနဲ့ ကြုံတွေ့ခဲ့ကြရသူများလည်း ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူများ မထွက်ပြေးနိုင်စေရန်အတွက် ကင်းစောင့်မျှော်စင်များ၊ ပင်မဂိတ်မှာ ရိုင်ဖယ်သေနတ်ကိုင် စစ်ယူနီဖောင်းဝတ် အစောင့်အကြပ်များနဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့လဲ သိရပါတယ်။

ပို့စ်တစ်ခုမှာဆိုရင် မာရှီတဟာ သူ့ကိုယ်သူ အဲဒီစီမံကိန်းရဲ့ “သံမဏီအမျိုးသမီး” လို့တောင် ရည်ညွှန်းခဲ့ပါတယ်။ 

Dongmei Park ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦးဟာ တရုတ် နိုင်ငံဖြတ်ကျော်ရာဇဝတ် အဖွဲ့အစည်းကြီး 14K လူးဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်သူ Wan Kuok-koi (သွားကျိုး/Yin Gouju လို့လဲ သိကြသူ) ဖြစ်ပြီး Wan Kuok-koi ကို အမေရိကန်ပြည်ထောင်စုက ၂၀၂၀ ခုနှစ်မှာ ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။ 

Dongmei Group အောက်မှာ ဟောင်ကောင် မှတ်ပုံတင်ကုမ္ပဏီတခုဖြစ်တဲ့ Dongmei Investment Group Company Limited ရှိပြီး အဲဒီကုမ္ပဏီကိုလဲ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတယ်၊ ကုမ္ပဏီမှာ အဗ္ဗဒူရှာကော ဘင် အဘူဘကာနှင့် ယောင်မွန်ဟောင်ဆိုတဲ့ ဒါရိုက်တာနဲ့ ရှယ်ယာရှင် မလေးရှားနိုင်ငံသား ၂ ဦး ပါဝင်ပြီး မာရှီတအီဗရာဟင်ရဲ့ Facebook စာမျက်နှာရှိ ပို့စ်တွေမှာ Dongmei Park မှာ သူနဲ့ အဗ္ဗဒူ ရှာကောတို့ရဲ့ ပါဝင်ပတ်သက်မှု သက်သေအထောက်အထားတွေကို ဖော်ပြထားပါတယ်။ 

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၉ ရက်နေ့က ထိုင်းနိုင်ငံနဲ့ မြဝတီမြို့နယ်ကို သွားရောက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာ ငွေလိမ် ခြံဝင်းကြီးရဲ့ ဆောက်လုပ်ရေးလုပ်ငန်း နေရာတစ်ခုမှာ မာရှီတအီဗရာဟင်ဟာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့များက ဝန်းရံနေတဲ့ပုံ ရိုက်ကူးထားပြီး နောက်တစ်လမှာလဲ ထိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည်လာရောက်ခဲ့ပြီး မာရှီတအီဗရာဟင်က “တာကော” ၂၀ အုပ်စုနဲ့အတူ ခရီးသွားနေတယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ဘန်ကောက်လေဆိပ်မှ ပို့စ်တင်ခဲ့ပါတယ်။ “တာကော” ဟာ ကန်တုန်ဘာသာစကားအရ အစ်ကိုကြီး ဒါမှမဟုတ် သူဌေးလို့ အဓိပ္ပာယ်ရကာ အဆိုပါသူဌေးထဲက တဦးဟာ Wan Kuok-koi(သွားကျိုး) ဖြစ်ပါတယ်။ 

နောက်တစ်ရက်မှာ မာရှီတအီဗရာဟင်ဟာ မြဝတီမြို့နယ်အတွင်းက စီမံကိန်းနေရာမှာလုပ်တဲ့ စီမံကိန်းအုတ် မြစ်ချအခမ်းအနားကနေ ပို့စ်တင်ခဲ့တယ်၊ အဲဒီအခမ်းအနားမှာ အဗ္ဗဒူရှာကောက မိန့်ခွန်းပြောကြားခဲ့ပြီး စီမံ ကိန်းအုတ်မြစ်ချ ခမ်းအနားရဲ့ဓါတ်ပုံနဲ့ဗွီဒီယိုဖိုင်များမှာ အခမ်းအနားအတွင်း လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ကရင် BGF စစ်သားများက စင်မြင့်ပေါ် မတ်တပ်ရပ်ပြီးလုံခြုံရေးပေးနေတာကို တွေ့ရတယ်၊ ဒါဟာ ဆိုက်ဘာငွေလိမ်ခြံကြီးမှာ ပြည်သူ့စစ်အဖွဲ့ရဲ့ ပါဝင်ပတ်သက်မှု နောက်ထပ်အထောက်အထားပါဘဲ။ 

ကရင်ပြည်ရဲ့ လာမယ့်ကိုယ်ပိုင်အုပ်ချုပ်ရေးကို စိန်ခေါ်နေတာကတော့ စောချစ်သူနဲ့ ကျားဖြန့်ပါပဲ။ KNU အနေနဲ့လဲ တပြည်လုံးရဲ့အင်တာနက်အခက်အခဲမှာ တာဝန်ရှိသူလို ဖြစ်လာပါတယ်လို့ ကျားဖြန့်သတင်းများပေါင်းစု၍ မောင်းထုလိုက်ပါကြောင်း။ 

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar