Breaking News

ကိုသန်းလွင် - ခံစားချက်နှင့် ဆင်ခြင်ဉာဏ်

ကိုသန်းလွင် - ခံစားချက်နှင့် ဆင်ခြင်ဉာဏ်

(မိုးမခ) စက်တင်ဘာ ၅ ၊ ၂၀၂၄


(၁)

လွန်ခဲ့သော နှစ် ၅၀ ကာလအတွင်း သိပ္ပံဆိုင်ရာတိုးတက်မှုများ အကြောင်းဖော်ပြရာတွင် လူတို့၏ နှလုံးသားခံစားချက် (Emotion) များကို တွေ့ရှိမှုအကြောင်းကို ချန်လှပ်ထားရန် မဖြစ်နိုင်ပါ။ နှစ်ပေါင်းထောင်ချီ ၍ ကြာအောင် အနောက်နိုင်ငံများ၏ ဖီလိုဆိုဖီတွင် လူတို့၏အကြောင်းပြချက် (Reason) များနှင့် နှလုံးသား ခံစားချက်များအကြားတွင် ပဋိပက္ခဖြစ်လျက် ရှိပါသည်။ လူတို့၏ အကြောင်းပြချက်များမှာ မှန်ကန်သည်၊ ကောင်းမွန်သည်၊ အဆင့်မြင့်မြင့် တွေးခေါ်နိုင်သည်ဟု ယူဆခဲ့ကြပါသည်။ နှလုံးသားရေးရာ ခံစားချက်များမှာ အခြေခံကျသည် (Primitive) တုံ့ပြန်အား (Impulsive) ရှိသည် နှင့် သင့်ကို လမ်းမှားရောက်စေလိမ့်မည်။ အသိဉာဏ်ပညာနှင့် ပြည့်စုံသူတစ်ဦးသည် အကျိုးအကြောင်းလျော်ညီသော ဆင်ခြင်ဉာဏ်ကို အသုံးပြုပြီးသူ၏ အတွင်းမှ တုံ့ပြန်အားကို တွန်းလှန်ပါလိမ့်မည်။ သိပ္ပံပညာရှင်တဦး၊ စီးပွားရေးပညာရှင်တစ်ဦးသည် သို့မဟုတ်ကောင်းမွန်သော အတွေး အခေါ်ရှိသူ တဦးသည် ဓမ္မဓိဋ္ဌာန်ကျကျ ရှိစေရန် ရည်ရွယ်ပြီး နှလုံးသားတုံ့ပြန်ချက်များကို သူ၏ ဆုံးဖြတ်ချက်အား အလွှမ်းမိုးခံမည် မဟုတ်ပါ။ လမ်းလျှောက်နေသော ကွန်ပျူတာကဲ့သို့ ဘက်ပေါင်းစုံကို ချိန်ညှိ၍ တည်ငြိမ်စေပြီး ရှေ့သို့ တိုးရန် အကောင်းဆုံးလမ်းကို ရွေးချယ်ပါလိမ့်မည်။

ဤအယူအဆကို ခေတ်သစ် နျူရိုသိပ္ပံဆရာတို့က တွန်းလှန်လိုက်ကြပါသည်။ ယခင်က ကိုယ်တွင်းတွန်း ကန်အားသည် မူလ အခြေခံကျသည်၊ အရာရာကို ဖျက်ဆီးပစ်လိမ့်မည်ဟု ယူဆခဲ့ကြခြင်းသည် ယခုအခါ လျော်ညီသော ဆုံးဖြတ်ချက်များ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ အချိန်တိုင်းလိုလို နှလုံးသားခံစားချက်များသည် ဆင်ခြင် ဉာဏ်လွှမ်းမိုးပြီး ပိုမို၍ ကျိုးကြောင်းဆီလျော်သည်ဟု ဆုံးဖြတ်ကြသည်။ ဤစကားများသည် ချဲ့ကားပြောဆိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သည်စကားသည် အမှန်ဖြစ်ပါက လက်ရှိ ဖြစ်ပေါ်နေသော စကြဝဠာသီအိုရီများကို ကိုပါးနီးကပ်(စ) က ပြောင်းလဲခဲ့သလို ပြောင်းလဲစေခဲ့ခြင်း ဖြစ်ပါသည်။

(၂)

မည်သည့်ကျောင်းကို တက်ပြီး မည်သည့်အရောင်ရှိသည့် အဝတ်အစားကို ဝတ်မည် ဆိုသည်ကို အများအားဖြင့် သင်၏ ဆင်ခြင်နိုင်စွမ်းအားက ဆုံးဖြတ်ပါသည်။ စိတ်ခံစားချက်များ မပါဝင်ပါ။ သင်သည် ဆာလောင်မွတ်သိပ်နေပါက သရက်သီးကို ခိုးစားမိကောင်း ခိုးစားမိမှာ သေချာပါသည်။ မီးအကြီးအကျယ်လောင်နေသော အဆောက်အအုံမှ လက်လွတ်ထွက်ပြေးရပါလိမ့်မည်။ ဤသည်တို့မှာ နှလုံးသားက ဆုံးဖြတ်သည်ဟု ဆိုရပါမည်။ မည်သို့ဖြစ်စေ ရှုပ်ထွေးသော အခြေအနေများတွင် ဘယ်ဟာကို ဦးနှောက်က ဆုံးဖြတ်၍ ဘယ်အရာကို နှလုံးသားက ဆုံးဖြတ်သည်ကို ဝေခွဲရန် ခက်ခဲတတ်ပါသည်။

ပြဿနာမှာ ကျွန်တော်တို့၏ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းသည် ကျွန်တော်တို့သိသော ဗဟုသုတများကို လိုက်မမီခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့သည် မိမိတို့ ဦးနှောက်စွမ်းရည်ကို အသုံးပြု၍ ဆုံးဖြတ်ချက်များချရန် ကြိုးစားနေကြဆဲ ဖြစ်ပါသည်။ စာသင်ကျောင်းများတွင် ကလေးများကို ယေဘုယျနည်းများနှင့် စမ်းသပ်ပြီး အဆင့်အတန်း ခွဲခြားနေကြပါသည်။ သူကိုယ်တွင်းမှာရှိသည့် အသိဉာဏ်ကို သူ့ဘဝအတွက် ဦးဆောင်ပေးမည့်အရာအဖြစ် အသိအမှတ်ပြုပါသည်။ စီးပွားရေးပုံစံမှာ လူသည် မိမိကိုယ်ကို အဓိကထားပြီး စဉ်းစားသော ပုံစံပင် ဖြစ်ပါသည်။

ယခုအခါ လူပေါင်းမြောက်မြားစွာတို့သည် မိမိစိတ်နှလုံးခံစားချက်များအတိုင်း အကျဉ်းခံနေရသူများသဖွယ် ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ နှလုံးသားခံစားချက်သည် ဘယ်လို အလုပ်လုပ်သည်ကို မသိကြ သောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ဝမ်းနည်းစရာများ၊ တဦးကိုတဦး မတူမတန် ဆက်ဆံ နေကြသည်များကို တွေ့နေရသည်။ မိမိတို့၏ နှလုံးသား ခံစားချက်များကို မည်သို့ တည်ဆောက်သည်ကို မသိသလို ဖြစ်နေကြသည်။

ခေတ်သစ်နျူရိုဆရာဝန်များက မည်သည်သို့ သင်ကြားပေးနေပါသနည်း။ ၁၉၉၄ ခုနှစ်တွင် Descartes’ error ဆိုသော စာအုပ်ပေါ်ထွက်လာရာ၊ စာရေးဆရာမှာ နျူရိုဆရာဝန်တစ်ဦး ဖြစ်ပြီး သူက နှလုံးသားရေးရာ ခံစားချက်များကို ခွဲခြားမသိနိုင်သောသူများကို တွေ့ခဲ့ရသည်ဟု ဆိုပါ၏။ သူတို့သည် လွန်စွာတော်သောသူများ မဟုတ်ကြ၊ ဆုံးဖြတ်ချက်များကို မချနိုင်ဘဲ ဘဝတွင် ကြီးစွာသော အခက်အခဲများကို ရင်ဆိုင်ကြရသည်ဟု ဆို သည်။ နှလုံးသားရေးရာ ခံစားချက်များက အရာရာကို အဆုံးအဖြတ်ပေးပြီး သူတို့သည် ဘာက အရေးကြီးသည်ကို မသိနိုင်၊ ဘယ်အရာ ကောင်းသည်ကိုလည်း မဝေခွဲနိုင်ကြ၊ နှလုံးသားရေးရာခံစားချက်နှင့် ဆင်ခြင် ဉာဏ်ကို ပေါင်းကာ အရာရာကို ဆုံးဖြတ်ကြသည်။

ထိုအချိန်ကစ၍ နျူရိုဆရာဝန်များသည် ခြေစုံပစ်ဝင်ကာ ပြဿနာကို ဖြေရှင်းကြသည်။ သူတို့သည် နှလုံးသားခံစားချက်ကို သိလိုကြသည်။ မည်သို့ ဖြစ်ပေါ်လာသည်၊ လူတို့ မည်သို့ အကျိုးပြုသည်ကို ရှာဖွေကြသည်။ အသိဉာဏ်တွင် ထင်ထင်ရှားရှား ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ တွေ့သမျှအရာများကို ဦးနှောက်က ဆုံးဖြတ်ရပါသည်။ သင်၏ နှလုံးခုန်နှုန်း မြန်ချင်မြန်မည်၊ နှေးလျှင် နှေးမည်။ အသက်ရှူရှိုက်ခြင်းသည် တိုလျှင် တိုမည်၊ ရှည်လျှင်  ရှည်နေမည်။ အစာချေနိုင်စွမ်းကို လိုက်၍ ညည်းတွားနေရမည်၊ ဝမ်းသာကျေနပ်နေမည်။ သင်၏ အူ အစရှိသော အစာလမ်းကြောင်းမှ အစာချေစနစ်တခုလုံးကို ဒုတိယဦးနှောက်ဟု ခေါ်ကြပါသည်။ သင်ကမသိရှိရဘဲ သင့် အတွက် ဆုံးဖြတ်ချက်များကို ချပေးနေပါသည်။ ထိုစနစ်တွင် ထောင်ပေါင်းများစွာသော နျူရုန်းများ ပါဝင်ပြီး ဆာရာတိုနင် (Serotonin) ကဲ့သို့သော ဓာတုပစ္စည်းများကိုလည်း ထုတ်လုပ်ပါသည်။

သင် အသက်ရှင်နေသည့် စက္ကန့်တိုင်းတွင် ဟိုစနစ်က ပေးပို့သော အချက်အလက် (Signal) များကို ဦးနှောက်က လက်ခံရရှိနေပါသည်။ ထို့နောက် ဦးနှောက်က ၎င်းတို့ကို အဓိပ္ပာယ်ဖော်ရပါသည်။ ၎င်းတို့ကို လိုက်၍ သင် တုန်လှုပ်ကြောက်လန့်နေသလား၊ စိုးရိမ်ပူပန်နေသလား၊ ပျော်ရွှင်ချမ်းမြေ့နေသလား ဆိုသည်ကို ဆုံးဖြတ်ရပါသည်။

ကိုယ်ခန္ဓာက အချက်ပေးလိုက်သလို စိတ်က ခံစားချက်ကို အဓိပ္ပာယ်ဖော်ပြသည်။ တိရစ္ဆာန်တစ်ကောင်ကို မြင်၍ ကြောက်ရွှံ့နေသော အဖြစ်ကို စိတ်ပညာရှင် ဝီလီယံဂျိမ်း (William James) က လွန်ခဲ့သော ရာစုနှစ်က အဓိပ္ပာယ်ဖော်ခဲ့ပါသည်။ တိရစ္ဆာန်ကို မြင်၍ ကြောက်လန့်ပြေးလွှားခဲ့ပြီးမှ ကြောက်စိတ်ပေါ်လာရသည်ဟု သူက ပြောပါသည်။

ထိုနှလုံးသားခံစားချက်များသည် စိတ်ကို ဖြစ်ပေါ်လာမည့် အန္တရာယ်များကို သိစေပြီး ထိုစိတ်အခြေအနေကို ဖန်တီးပေးသည်ဟု ဆိုထားပါသည်။ နှလုံးသားခံစားချက်က အချက်အလက် ပို့ပေးပြီး ဦးနှောက်က ဖြစ် နိုင်ဖွယ်ရာများကို ဆုံးဖြတ်သည်ဟု ပြောသည်။ သင်၏စိတ်မှ လိုအပ်ချက်များကို တွက်ချက်ပေးပြီး ဘယ်အရာသည် ဘယ်သို့ အရေးကြီးသည်ကို သတ်မှတ်ပေးသည်။ သို့မဟုတ် နှလုံးသား ခံစားချက်များက အခြေအနေကိုလိုက်၍ စိတ်ကို မည်သည့်ဘက်သို့ သွားရမည်ကို ဆုံးဖြတ်ပေးသည်။ ချီတုံချတုံ ဖြစ်ရမှုက မတရားမှုကို သတိရစေသည်။ ကြီးစွာအံ့အားသင့် (awe) ရမှုက မိမိ၏ အခြေအနေကို သေးငယ်သွားပြီး တခြားသူ၏ ကြီးမြတ်မှုကို သိစေသည်။ အကြီးအကျယ် ဝမ်းမြောက်မှုက မိမိစိတ်ကို စွန့်စားစေသည်။ မျှော်လင့်ချမ်းမြေ့မှုက လူတို့၏ (Creativity) ကို ဖြစ် စေပြီး ဖန်တီးမှုစွမ်းအားကို ပေးသည်။ သင့်စိတ်ကို ပျော့ပျောင်း (flexible) ဖြစ်စေသည်။ မုန်းတီးမှုက တွေ့ရသော အခြေအနေ၊ အကြောင်းအရာတို့ကို လက်မခံနိုင် ဖြစ်စေသည်။ ကြောက်ရွှံ့မှုက စိတ်ကို တနေရာတည်း စုစည်း ပေးသည်။ စိုးရိမ်မှုက မကောင်းမြင်ဝါဒသမား ဖြစ်စေသည်။  စွန့်စားမှုပြုခြင်းကို တားဆီးသည်။ ဝမ်းနည်းပူဆွေးမှုက မှတ်ဉာဏ်ကို တိုးတတ်စေပြီး ပို၍တိကျသော ဆုံးဖြတ်ချက်များကို ချစေသည်။ ကြည်လင်သော ဆက်သွယ်မှုများနှင့် တရားမျှတမှုကို ဖြစ်စေနိုင်ပါသည်။

(၃)

လီဆာ ဘရက် (Lisa Barrett) ၏ နှလုံးသားခံစားချက်ဖြစ်ပေါ်ပုံ(How emotions are made) စာအုပ်တွင် သင်ပါတ်ဝန်းကျင်၌ သင်တွေ့သမျှအရာ အားလုံးက သင့်ဆုံးဖြတ်ချက်များကို ပြုပြင်သည်ဟု ထင်ရသော်လည်း အကယ်စင်စစ် ပြောင်းပြန် ဖြစ်သည်။ သင့်ခံစားမှုများက သင်၏ မြင်ရ ကြားရသည်များကို ပြုပြင်ပေးသည် ဟူ၍ ဖြစ်သည်။ သင် မြင်ချင်သလို ကြားချင်သလိုသာ ဘေးကလိုက်၍ လုပ်ဆောင်ပေးရသည်။

ဤနေရာ၌ ဆိုလိုသော အချက်မှာ သင်၏နှလုံးသားဆိုင်ရာ ခံစားမှုတို့တွင် ကျွမ်းကျင်ရန် လိုသည်။ သို့မှသာ ဘဝတွင် အရေးကြီးသော ဆုံးဖြတ်ချက်များကို ချနိုင်ပါလိမ့်မည်။ ဤသည်တို့ကို ခံစားနိုင်ရန်၊ စိတ်ဝင်တစား ကြိုးပမ်းနိုင်ရန်နှင့် သင့်ခံစားချက်များကို နားလည်နိုင်ရန် အခြေခံလိုအပ်ပါသည်။ ဘဝ ဆိုသည်မှာ ကဲကုလပ် (Calculus) ဆိုင်ရာ ပြဿနာများကို ဆက်၍ စီကာစဉ်ကာ စီစဉ်ထားခြင်း မဟုတ်ပါ။ ဘဝ ဆိုသည်မှာ တခုနှင့်တခု မတူညီသော အခြေအနေများဖြင့် စီစဉ်ထားသော မျက်နှာပြင်တွင် သင် လျှောက်လှမ်းနေရခြင်း ဖြစ်သည်။ ဘယ်ကိုရောက်၍ ဘယ်ကိုပေါက်မည် မသိရ၊ မနက်ဖြန် သိရမည့်အရေးမှာ မနက်ဖြန်မှသာ သင် သိရမည် ဖြစ်သည်။

နောင်တွင် သင့်ဘဝအတွက် အရေးတကြီး ချီတုံချတုံဖြစ်စရာ၊ ဆုံးဖြတ်စရာ ပေါ်လာပြီ ဆိုပါစို့၊ သင် ပထမဆုံး လုပ်ရမည့်အလုပ်မှာ သင့်နှလုံးသားမှ ထွက်လာမည့်အသံကို ဦးစွာ နားထောင်ကြည့်ပါလေ။

ကိုသန်းလွင်

Ref: You are as smart as your emotions, By David Brooks,  N.Y.Times August 17 2024



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar