Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၀ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၀ )

(မိုးမခ) စက်တင်ဘာ ၁၃ ၊ ၂၀၂၄

11/9/24

Diary in the darkness 

တနိုင်ငံလုံး ရေကြီးနေတယ်။ ထူးထူးခြားခြား ကျိုင်းတုံမှာ ရေကြီးတယ်။ နေပြည်တော်တဝိုက်မှာလဲ ရေကြီးတယ်။ ငလိုက်ချောင်း၊ ဆင်သေချောင်း ရေလျှံတယ်။ 

တနိုင်ငံလုံးမှာလည်း စစ်ကောင်စီက ဗုံးကြဲတယ်။ လားရှိုးမှာ ဗုံးကြဲတယ်။ တောင်ခမ်းမှာ ဗုံးကြဲတယ်။ ကချင်ပြည်နယ်မှာ ဗုံးကြဲတယ်။ ရခိုင် မောင်တော မှာတော့ စစ်သုံ့ပန်းတွေရှိတဲ့ နေရာကို ဗုံးကြဲတယ်။ စစ်သုံ့ပန်း ဗိုလ်မှူးကြီးတွေ၊ စစ်အရာရှိတွေ သုံးဆယ်ကျော် သေတယ်။ ဓာတ်ပုံတွေ ကို AA က ဖော်ပြတယ်။ စစ်ကောင်စီက သူ့လူတွေကို နှုတ်ပိတ်တာဖြစ်တယ် လို့ AA က စွတ်စွဲတယ်။ 

ဩဂုတ် ၁၄ ရက်နေ့က ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မင်းအောင်လှိုင်နဲ့ တွေ့ပြီနောက် စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေဟာ ခုလို ပိုမို ပြင်းထန်လာတာ ဖြစ်တယ်။ တရုတ်ဟာ စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့  ပေါ်ပေါ်တင်တင် အားပေးနေတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက စွပ်စွဲကြတယ်။ အဲဒီအဖြစ်အပျက်ရဲ့ ရလဒ်ကတော့ မြန်မာပြည်သားတွေ တရုတ်အစိုးရကို မုန်းတီးမှုဟာ မြန်မာစစ်ကောင်စီကို မုန်းတီးမှုနဲ့ တထပ်တည်း ကျလာတာပဲဖြစ်တယ်။ 

မြန်မာ့တော်လှန်ရေးဟာ မြန်မာတွေပေါ်မှာ မူတည်တယ်ဆိုတဲ့ အယူအဆကို မြန်မာတိုင်းရင်းသားအားလုံး ပိုမိုနက်နက်ရှိုင်းရှိုင်း လက်ခံလာကြတယ်။ စစ်ကောင်စီ‌ ထောက်ခံသူ အနောက်တိုင်းစကော်လာတွေ ဝါဒဖြန့်တဲ့ "စစ်တပ်မရှိရင် တိုင်းပြည်ပျက်မယ်" ဆိုတဲ့ အယူအဆကို မြန်မာပြည်သူတွေက ရှင်းရှင်လင်းလင်း ပယ်ချကြတယ်။ အဲဒီလောက် အတွေးတိမ်တဲ့ အယူအဆကို ဘယ်တက္ကသိုလ်တွေကများ သင်ယူခဲ့ပါသလဲ ဆိုတဲ့ မေးခွန်းထွက်လာတယ်။ အနောက်တိုင်းက ဒေါက်တာဘွဲ့ရသူတွေလဲ သိက္ခာကျရတယ်။ ငါဟာ အနောက်နိုင်ငံက ဒေါက်တာဘွဲ့ရတဲ့ ကောင်ဆိုပြီး လူထုကို ဟောက်စားလုပ်လို့ မရတော့ဘူး။ လူထုက တိုက်ပွဲထဲက နိုင်ငံရေးအသိတွေ သင်ယူခဲ့ကြတာ။ ပြည်သူကို မျက်နှာမမူရင် ကျဆုံးမှာပဲဆိုတာ သိနေကြပြီ။ 

ဒေါ်စိန်အေး ကျောင်းဆင်း ဗိုလ်မှူးကြီးတွေ ဟာ တော်လှန်ရေးတပ်သားတွေရှေ့မှာ ရုပ်ပျက်ဆင်းပျက် ထွက်ပြေးသူပြေး၊ အလံဖြူထောင်သူထောင်ကာ ထော့နင်းထော့နင်း လျှောက်လှမ်းနေကြတဲ့ ရုပ်သံဖိုင်တွေ နေ့စဉ်နဲ့အမျှ အင်တာနက်ပေါ်မှာ တွေ့နေရတယ်။

ရှင်းပါတယ်။ လူထု လက်နက်ကိုင်တော်လှန်ရေးဟာ အောင်ပွဲမုခ်ဦးကို မြင်နေရပြီဆိုတာ။

NUG နဲ့ PDF တွေက မကြာမီ မန္တလေးကို လာမည်လို့ ကြွေးကြော်နေကြပြီ။ 

လားရှိုးသိမ်းအောင် ပြီးရင် မန္တလေး သိမ်းဇော်အလှည့်ပေါ့။

အန်ကယ် တူမီး

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar