ကျရှုံးတော့မယ့် အခြေအနေရောက်နေတဲ့ နိုင်ငံကနေ ထွက်ခွာနေကြတဲ့ အမျိုးမျိုးသော လူတန်းစားအလွှာ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၇ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၄
ကျရှုံးတော့မယ့် အခြေအနေရောက်နေတဲ့ နိုင်ငံကနေ ထွက်ခွာနေကြတဲ့ အမျိုးမျိုးသော လူတန်းစားအလွှာ
မြန်မာ အစားအသောက် ရောင်းချတဲ့ဆိုင်တွေ အိမ်နီးချင်း ထိုင်းနိုင်ငံက ဘန်ကောက်မြို့လို၊ ချင်းမိုင်မြို့လိုမျိုးမှာ မှိုလိုပေါက်လာကြတာ တွေ့ရမှာဖြစ်ပါတယ်။ နာမည်ရပြီးသား လူသိပြီးသား စားသောက်ဆိုင် လုပ်ငန်းတွေ ထိုင်းနိုင်ငံလိုမျိုး အခြေချလာကြတဲ့ အကြောင်းက ဘာကြောင့်လဲလို့ ဆန်းစစ်ကြည့်ရင် မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်လာကြတာကြောင့်လို့ လွယ်လွယ်နဲ့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။ ဘာကြောင့် မြန်မာနိုင်ငံသားတွေ ပိုပြီး နိုင်ငံကိုစွန့်ခွာလာကြတာပါလဲ။ စစ်မီးတောက်လောင်မှု ပိုကျယ်ပြန့်လာတာနဲ့ စစ်ထဲဆွဲသွင်းခံရတဲ့ လူငယ်လူရွယ် အမျိုးသား အမျိုးသမီးတွေက လတ်တလော အဓိကအကြောင်း ၂ ချက်ဖြစ်ပါလိမ့်မယ်။
အသက်အရွယ်ကောင်း လူငယ်လူရွယ်တွေကို စစ်မှုထမ်းခိုင်းဖို့ စာရင်းကောက်၊ မဲနှိုက်၊ ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်တာတွေ အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်သွားတာတွေ ဖြစ်နေတဲ့ နိုင်ငံမှာ လူငယ် လူရွယ်တွေ မနေနိုင်ကြတော့တာ အထူးအဆန်းတော့မဟုတ်ပါဘူး။
သို့ပေမယ့် အဲလို စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရလို့ လူငယ်တိုင်းတော့ မြန်မာနိုင်ငံကနေ တိမ်းရှောင်နိုင်ကြတဲ့ အခြေအနေမျိုး မရှိကြပါဘူး။ တိမ်းရှောင်နိုင်ဖို့ စဥ်းစားကြတဲ့အခါ ပထမဆုံး အနေနဲ့ မလိုက်ပါနိုင်တဲ့ မိသားစုရဲ့ တာဝန်၊ မိဘ ဆွေမျိုးတွေကို စောင့်ရှောက်နေရတဲ့သူတွေအဖို့တော့ မြန်မာနိုင်ငံထဲမှာ ဘယ်လို အခြေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေပါစေ နိုင်ငံကနေ ထွက်ခွာဖို့ လမ်းကို ရွေးချယ်နိုင်ကြမှာ မဟုတ်ပါဘူး။ နိုင်ငံကနေ ထွက်ခွာဖို့ အခြေအနေပေးသူ ထားခဲ့လို့ရသူတွေ အနေနဲ့တော့ တခြားနိုင်ငံရောက်တဲ့အခါ နေစရာ ကုန်ကျစရိတ်၊ ဗီဇာအတွက် ကုန်ကျစရိတ်၊ သူ့နိုင်ငံအလျောက် ကုန်ကျမယ့် အခြားလူနေမှုစရိတ် စတာတွေကို တွက်ချက်ပြီး မိမိအနေနဲ့ အဲဒီနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှိပါ့မလား၊ ဝင်ငွေက ဘယ်လိုရမလဲ၊ စုဆောင်းထားတဲ့ ငွေကြေးက ဘယ်လောက် အသုံးခံမှာလည်း စတဲ့ အမျိုးမျိုးသော မေးခွန်းတွေ လူတန်းစား အလွှာအမျိုးမျိုးမှာ အခွင့်အရေးအမျိုးမျိုး ကွဲပြားခြားနားပြီး ရွေးချယ်မှုအမျိုးမျိုး ရှိကြတာတွေ့ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ မြို့ရွာဒေသ တချို့မှာတော့ အခုလို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် စစ်မှုမထမ်း မနေရ ဥပဒေ အသက်မသွင်းခင် ကာလတွေကတည်းက တအိမ်အနည်းဆုံး တယောက် စစ်ထဲဝင်ဖို့ စုဆောင်းခံရတဲ့ အဖြစ်တွေ ရှိနှင့်နေပြီး ဖြစ်ပါတယ်။
အခုလို စစ်အာဏာသိမ်းမှု မဖြစ်ခင် ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် မတိုက်ခိုက်ကြသေးတဲ့ ကာလတွေကတည်းက ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံမြောက်ပိုင်း တို့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး အဲဒီ အချိန်ကတည်းက လူငယ် လူရွယ် မရောက်ခင်မှာ သာသနာ့ဘောင်သွင်းတဲ့ နည်းလမ်းတွေနဲ့ တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ အခု စစ်ကောင်စီက နိုင်ငံတဝန်း ကျယ်ကျယ် ပြန့်ပြန့် စုဆောင်းခံရတဲ့ အခြေအနေမျိုး ကြုံလာကြတဲ့အခါ ဆယ်စုနှစ်များစွာ အဲဒီလို စိုးရိမ်မှု၊ နည်းလမ်းရှာ တိမ်းရှောင်နေခဲ့ကြရတဲ့ တိုင်းရင်းသားဒေသတွေရဲ့ ခံစားချက်ကို နားလည်ကောင်း နားလည်လာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
လူငယ်တွေက စစ်မှုထမ်း ခေါ်ဆောင်ခံရမှာ မို့လို့ နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားကြသလိုပဲ လူငယ်မဟုတ်ပေမယ့် စစ်မီးကူးစက်လာနိုင်ခြေရှိတဲ့ မြို့တွေမှာ နေထိုင်နေကြတဲ့ လူလတ်ပိုင်း လူကြီးပိုင်း အများအပြားလည်း အိမ်နီးချင်း ထိုင်းနိုင်ငံလိုမျိုးကို ခေတ္တရွှေ့ပြောင်းနေထိုင်ကြတာတွေ သိသိသာသာ များပြားလာနေတာပါ။ မန္တလေး၊ လားရှိုး၊ တောင်ကြီး၊ နေပြည်တော်၊ ရန်ကုန် အစရှိတဲ့မြို့ကြီးတွေမှာ နေထိုင်တဲ့သူ အချို့လည်း စစ်မီးက ဘယ်တော့ ကိုယ်နေတဲ့မြို့ကို ရောက်လာမယ် မသိတာကြောင့် အချိန်အခါပေးတုန်း၊ အခွင့်သာတုန်း ထွက်ခွာတိမ်းရှောင်နေထိုင်ကြမယ့်သူ အများအပြား ရှိနေကြတာပါ။
ပိုင်ဆိုင်တဲ့ ငွေကြေး၊ တိုက်ခန်း၊ မြေကွက်တွေကို ချရောင်းပြီး အဆိုပါ ပိုင်ဆိုင်တဲ့ ငွေနဲ့ ထိုင်းနိုင်ငံလိုမျိုးမှာ တိုက်ခန်း ဝယ်ယူနိုင်တဲ့သူလည်း ဝယ်ယူကာ ပြောင်းရွှေ့နေထိုင်လာကြသလို အချို့လည်း မဝယ်နိုင်ပေမယ့် အိမ်ငှားပြီး နေထိုင်ကြတဲ့ အနေအထားနဲ့ ပြောင်းလာကြသူ အများအပြား ရှိနေတာဖြစ်ပါတယ်။
ပိုပြီးငွေကြေး ချမ်းသာသူ တတ်နိုင်သူတွေအနေနဲ့တော့ ဘန်ကောက်၊ ချင်းမိုင်၊ ပတ္တရားတို့လိုမှာ ထိုင်းဘတ်ငွေ သန်းချီတန်တဲ့ ကွန်ဒိုတိုက်ခန်းလိုမျိုး ဝယ်ယူပြီး နေထိုင်ကြတာတွေ တွေ့ကြရပါတယ်။ ဒီလို လူတန်းစား အလွှာကတော့ လက်တဆုပ်စာထက်နည်းတဲ့ အရေအတွက် အနည်းငယ် မျှသာရှိပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူရော ထောက်ခံသူတွေ အထဲကပါ ထိုင်းနိုင်ငံမှာ လာရောက် နေထိုင်ကြတာမျိုး ဖြစ်ပါတယ်။
မိသားစု အနေနဲ့ ငွေကြေးနောက်ခံမရှိဘဲ ကျွမ်းကျင်တဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်း လိုမျိုး တတ်ကျွမ်းသူလည်း မဟုတ်တဲ့ မိသားစုတွေကတော့ ရွှေ့ပြောင်းအလုပ်သမား အဖြစ်နဲ့ ထိုင်းနိုင်ငံလိုမျိုးမှာ ရွှေ့ပြောင်းနေထိုင်နိုင်ဖို့ ကြိုးစားကြတာ တွေ့ကြရပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် မွန်ပြည်နယ်၊ ကရင်နီပြည်နယ် နဲ့ ရှမ်းအရှေ့လို ဒေသက ဒေသခံတွေ အဖို့တော့ ထိုင်းနိုင်ငံကို ဘယ်လို သွားရမလဲဆိုတာ ခက်ခဲတဲ့ ကိစ္စတရပ် မဟုတ်တော့တဲ့ သဘောလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ တရားမဝင် ဝင်ရောက်မယ်ဆို လူမှောင်ခို သယ်ပေးတဲ့ သူတွေနဲ့ ချိတ်ဆက်ပေးပြီး လူတယောက်ကို ဘတ် ၂ သောင်းလောက် ပေးကာ ထိုင်းနိုင်ငံထဲ ရောက်အောင် သယ်ပို့ခိုင်းကြရတာ ဖြစ်ပါတယ်။
တရားမဝင် ခိုးဝင်ကြရတာ ဖြစ်လို့ အဆင်မသင့်ရင် ထိုင်းနိုင်ငံထဲရောက်ပြီးကာမှ ရဲဖမ်းဆီးတာ ခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရတာမျိုးလည်း ကြုံရနိုင်ခြေ ရှိကြတာပါ။ အကယ်၍ ဖမ်းဆီးမခံရဘဲ ထိုင်းနိုင်ငံထဲ ရောက်ရှိလာပြီ ဆိုရင်တော့ ထိုင်းနိုင်ငံထဲက အောက်ခြေသိမ်းအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး ထိုင်းကို လာရောက်စဥ် ကုန်ကျတဲ့ အကြွေးတွေကို ပြန်လည်ဆပ်ကြတာ၊ မိဘတွေ၊ ဇနီး သားသမီးတွေထံ လုပ်အားခထဲက ခြစ်ခြုတ်နေထိုင် စုဆောင်းထားတဲ့ ဘတ် ၄/၅ ထောင်လိုမျိုးကို လစဥ်ပို့နိုင်ဖို့ ကြိုးစားကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူငယ်တွေ ထွက်ခွာကြရာမှာ ထိုင်းနိုင်ငံက အများဆုံးလို့ ဆိုနိုင်ပြီး တခြား ဦးတည်သွားကြတဲ့ နိုင်ငံတွေအနက် မလေးရှားက ဒုတိယ ဖြစ်ကောင်းဖြစ်ပြီး နောက် တတိယအနေနဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေဆီ ဦးတည်သွားကြတာတွေ့ရမှာ ဖြစ်ပါတယ်။
စစ်မှုထမ်း ဥပဒေ အသက်သွင်းခြင်းနဲ့ ပြည်တွင်းမှာ စစ်မီးတောက်လောင်မှု ကျယ်ပြန့်လာခြင်းက မြန်မာနိုင်ငံထဲက လူတန်းစားအလွှာ အမျိုးမျိုးက သူတွေကို နိုင်ငံထဲက ယာယီဖြစ်စေ၊ အပြီးဖြစ်စေ ထွက်ခွာ တိမ်းရှောင်ကြဖို့ တွန်းအားဖြစ်စေတာပါ။ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့ အာဏာသိမ်း စစ်ကောင်စီကတော့ သိသာစွာ အင်အားလျော့ပါးလာနေတဲ့ စစ်တပ်အတွက် တိုက်ရည်ခိုက်ရည်နဲ့ အတွေ့အကြုံ မရှိပေမယ့် တစုံတခုသော လူအင်အားကိုတော့ စုဆောင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဆက်လက်ပြီးလည်း စုဆောင်းနေဦးမယ့် အနေအထားဖြစ်ပြီး နဂိုကတည်းက စစ်ပွဲတွေကြောင့် ထိခိုက်ကျဆင်းနေပြီး ဖြစ်တဲ့ နိုင်ငံရဲ့ စီးပွားရေးအပိုင်းကို အလုပ်လုပ်နိုင်တဲ့ လုပ်သားအင်အားပြုန်းတီးမှုက ပိုမိုဆိုးရွားစေမှာ အသေအချာပင် ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar