ကြည်နိုင် - သယံဇာတ ကျိန်စာ
ကြည်နိုင် - သယံဇာတ ကျိန်စာ
(မိုးမခ) စက်တင်ဘာ ၂၀ ၊ ၂၀၂၄
၁။ မုန်တိုင်းမိုး၊ အငြိုးတကြီး ရွာချ
တောင်ကျရေ ဒလဟော ဆင်း
အလုံးအရင်းနဲ့ ဗြုန်းစားကြီး ရောက်လာ၊
ဗလာလက်နဲ့ အသက်ကို ဖက်နဲ့ထုပ်
ကုပ်တွယ်တက် မီရာဆွဲ
မျောက်လွှဲကျော် အလား
ဒရောသောပါး
လွှားကနဲ အိမ်ခေါင်ထက်ပေါ်၊
သစ်ပင်ပေါ်။
၂။ အဟုန်ပြင်း ရေစီးထဲ
ကျွဲ နွားလည်း မျော
ခွေးသေကောင် ပေါလော
ဒိုက်သရောထဲ
လူလည်း ရေဆိုင်ဝဲမှာ။
၃။ ပြည်အလုံး
မီးအုံးသည့် ကြိမ်ပမာ
အပူနာကို ရေလွှမ်းတော့
မငြိမ်းဘဲ မွန်းနစ်ပြန်
အဆန်ခရီးကြား
အသက်များ ယက်သဲ့တင်။
၄။ ဆည်တွေ ကျိုးသတဲ့လား
ရွာလုံးကုန် မြုပ်သွားပေါ့၊
ဟန့်တား ကြိုတင် မပြင်ဆင်နိုင်မီ
ရာသီက ဆောင့်
အနှောင့်အသွား
ကပ်သုံးပါးဘေး ကြုံကြရ။
၅။ မြွေ ကင်း အန္တရာယ်
အသွယ်သွယ် လှိုင်းလေကြား
စွန့်စားလို့ တက်သုတ်နှင်လာ
ရဟတ်ယာဉ် ပေလား၊
စက်လှေကလေးသာ။
၆။ " ကယ်ကြပါ၊ ကယ်ကြပါ
ဒီမှာပါ၊ ဒီမှာပါ ၊
လာပြီ လာပြီ၊ မငိုနဲ့လေ လာပြီ "
တစာစာ ခေါ်သံပေး၊
အပြန် အလှန် ဟစ်အော်သံပေး၊
အပြေးအလွှား ရောက်လာ ကယ်
အားငယ်သူကို ဖေးမ၊ ယိုင်းပင်း
အချင်းချင်း စာနာထောက်ထား
လူပီသ သူများ။
၇။ ဘုံဓမ္မတာမှာ
နာဂစ်က တစ်မျိုး၊ ရာဂီက တစ်ဖန်
သဘာဝ ဘေးဒဏ်
ကံကြမ္မာကို ခါးစီး ရုန်းကန်ရင်း
လောကဓံ စစ်တလင်းထဲ
ဘဝတိုက်ပွဲ ဆင်နွှဲကြရ။
၈။ ကြွယ်ဝ သတဲ့လား
အိုဘယ့် သယံဇာတ
ဘနဖူး သိုက်တူးကြနဲ့
လောဘတက် ဖျက်ဆီး
တောင်တွေကို ပေါင်မုန့်လှီး၊
မြစ်ကြီးလည်း အဆိပ်သင့်
လင့်စင် ကားရား၊ စာမနား။
၉။ ဟိုက တစ်မျိုး၊ သည်က တစ်ဖုံ
ခြေကုန်သုတ်၊ လက်ကုန်နှိုက်
အမိုက်ဇာတ် ခင်းကြတော့
မြေတွင်းပြို ပိကျ ၊
အောက်ခြေက မြေစာပင်တွေသာ
အခါခါ ပျက်သုဉ်း
မဆုံးနိုင် သံသရာ။
၁၀။ တချို့က - ကံကို ယိုးမယ်ဖွဲ့
တချို့က - မာန်ကို တိုးနယ်ချဲ့
တချို့က - ဉာဏ်ကို ကိုးကွယ်ရဲ့။
၁၁။ အဆိုးနယ်ရဲ့ ဇာစ်မြစ်
ဖွေလှစ်လို့ ငဲ့စောင်း
အကြောင်းကြောင့် အကျိုးထင်
မှတ်ကျောက်တိုက် ခုံတင်။
၁၂။ သမိုင်းဘီး အလျဥ်ကို မှောက်လှန်
နောက်ပြန် တုံ့ဆွဲ
ခေတ်ထဲက စနစ်၊
ဖွပ်သထက် ညစ်ဆဲ
သူပဲ လက်သည် အစစ်အမှန်
" တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ "
တို့နားထဲ စွဲနေတဲ့ ဆိုရိုး
အဆိုးနွံထဲက ခေါင်းမတ်ထောင် ၊
ဇွဲမာန်ကို
လက်ဖွဲ့လို ကြိုးကျစ်ဆောင်
ရောင်နီကြိုစို့၊ ဖော်ချင်းတို့။ ။
ကြည်နိုင်
၁၉၊ ၉၊ ၂၀၂၄