Breaking News

ဖက်ဒရယ်ပြည်ထောင်စုအိပ်မက် အကောင်အထည်ဖော်နိုင်ဖို့ရာမှာ

မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၉ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၄⁨⁨⁨⁨⁨


ဖက်ဒရယ်ပြည်ထောင်စုအိပ်မက် အကောင်အထည်ဖော်နိုင်ဖို့ရာမှာ 

စစ်အာဏာရှင်ခေတ် ကျော်လွန်ပြီးနောက် ထူထောင်ကြမယ့် ပြည်ထောင်စုမြန်မာနိုင်ငံကို အမျိုးမျိုး ခေါ်ဝေါ် အဓိပ္ပာယ်ဖွင့် ခေါ်ဆိုကြရာမှာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စသဖြင့် ရှေ့စကားလုံး ဖက်ဒရယ် သို့မဟုတ် ဒီမိုကရေစီ အထားအသို ကိစ္စကို စစ်အာဏာမသိမ်းမီကျင်းပခဲ့တဲ့ ပင်လုံငြိမ်းချမ်းရေးညီလာခံ ကာလတွေမှာ ဆွေးနွေးငြင်းခုံခဲ့ကြတာ ဖြစ်သလို ဖက်ဒရယ်ကိုလည်း စစ်မှန်သော ဆိုတဲ့ နာမဝိသေသ ထပ်ခံရတဲ့အနေအထားအထိ ခေတ်အဆက်ဆက် သမိုင်းသင်ခန်းစာတွေက တဖွဲ့နဲ့ တဖွဲ့ မယုံကြည်မှုတွေ အတိုင်းအတာတခုထိ ရှိခဲ့ကြတယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

၁၉၆၂ စစ်အာဏာသိမ်းမှုမတိုင်ခင် ဖက်ဒရယ် အရေး ဆွေးနွေးမှုတွေ အရှိန်ကောင်းခဲ့ရာက ဖက်ဒရယ်မူ ဆိုတာကို ခွဲထွက်ရေးမူအဖြစ် နေဝင်းဦးဆောင်တဲ့ စစ်တပ်က အဓိပ္ပာယ်ဖွင့်ဆို ဝါဒဖြန့်ကာ စစ်အာဏာသိမ်းမှုရဲ့ အကြောင်းပြချက်နဲ့ ဆင်ခြေအဖြစ် အသုံးချခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးခါစ နှစ်ကာလတွေမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေအကြား ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ ဆွေးနွေးခြင်း မရှိခဲ့ကြပဲ လွတ်လပ်ခါစ မြန်မာနိုင်ငံမှာ တန်းတူညီမျှ အခွင့်အရေး ရရှိလိမ့်မယ်လို့ တိုင်းရင်းသား နယ်မြေဒေသတွေက နိုင်ငံရေး ခေါင်းဆောင်အတော်များများက ယုံကြည်ကာ ခရီးဆက်ခဲ့ကြပါတယ်။ သို့ပေမယ့် ၁၉၅၈ ခုနှစ် တခုထည်းသော အင်အားကောင်းတဲ့ နိုင်ငံရေး အဖွဲ့အစည်းကြီးက ပေါ်ထွက်လာတဲ့ ဖဆပလ ပါတီ အုပ်စုအကွဲမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြံစည်မှုကို လမ်းကြောင်းလွှဲတဲ့အနေနဲ့ စစ်တပ်ကို အိမ်စောင့်အစိုးရ အမည်နဲ့ အုပ်ချုပ်စေခဲ့တဲ့နောက်မှာ ဖက်ဒရယ်စနစ် အရေးကြီးပုံကို ပိုမိုသတိမူမိလာခဲ့ကြပြီး ရွေးကောက်ခံ အစိုးရပြန်အာဏာရလာချိန် ၁၉၆၀ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားနယ်မြေဒေသတွေက နိုင်ငံရေးသမား၊ ခေါင်းဆောင်တွေအကြား ဖက်ဒရယ်စနစ် ထူထောင်ရေး ဆွေးနွေးမှုက အရှိန်မြင့်တက်လာပြီး လွတ်လပ်ရေးမရယူမီ တောင်တန်းဒေသတိုင်းရင်းသား ခေါင်းဆောင်တွေကို ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့တဲ့ ကတိစကားဖြစ်တဲ့ ၁၀ နှစ်ပြည်ထောင်စုထဲ အတူနေထိုင်ကြပြီး ၁၀နှစ်ကျော်တဲ့အခါ မိမိတို့ သဘောဆန္ဒအရ ဆုံးဖြတ်ဖို့ ဆိုတဲ့ကတိကြောင့်လည်း ၁၉၆၀ ကျော်မှာ ဖက်ဒရယ်အရေး ဆွေးနွေးမှုတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။ 

သို့ပေမဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံရ၊ အချို့လည်း လက်နက်ကိုင်အဖွဲ့အဖြစ် ထူထောင်ကာ အာဏာသိမ်း တော်လှန်ရေးကောင်စီကို လက်နက်ကိုင် တိုက်ခိုက်ကြပြီး ဆယ်စုနှစ် ၂ ခုကျော်ကြာခဲ့တဲ့ တော်လှန်ရေးကောင်စီ နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ပါတီလို့ အမည်ပေးခဲ့တဲ့ စစ်အာဏာရှင် တပါတီခေတ် တလျှောက် ဖက်ဒရယ် ဆိုတဲ့ စကားလုံးကိုတောင် သုံးစွဲခွင့် မရခဲ့ကြတဲ့ အနေအထားဖြစ်ပါတယ်။ 

တဖန် မဆလ အာဏာရှင် ခေတ်ကနေ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းတယ်ဆိုကာ စစ်တပ်က နောက်တက်မယ့် စစ်ဗိုလ်ချုပ်တွေလက်ထဲ အာဏာလက်လွှဲပေးခဲ့ပြီးနောက် ဗိုလ်ချုပ်စောမောင် နဲ့ နောက် နှစ် ၂၀ နီးပါး ဆက်လက်အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်သန်းရွှေတို့လက်ထက်မှာလည်း ဖက်ဒရယ်ဆိုတာ တားမြစ်ထားတဲ့ စကားလုံး ဖြစ်ခဲ့ပြန်ပါတယ်။ 

ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို လူထုကြားထဲ ပြန်လည်ဆွေးနွေးပြောဆိုနိုင်ကြတဲ့ ကာလက ၂၀၁၁ ခုနှစ်နောက်ပိုင်း  လက်နက်ကိုင် အဖွဲ့အချို့နဲ့ အပစ်ရပ် သဘောတူစာချုပ်တွေ ချုပ်ဆိုကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်လာကြတဲ့ ကာလမှသာ ဖြစ်ပါတယ်။ စစ်တပ်ခေါင်းဆောင်တွေက လုပ်တဲ့ ပြုပြင်ပြောင်းလဲရေး၊ အသွင်ကူးပြောင်းရေးကာလမှာ ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်ကို ပြန်လည်ဖွင့်ဆို ဆွေးနွေးလာကြရာက ဖက်ဒရယ်စနစ်က လူထုကြားထဲ ရောက်ရှိခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာတော့ ဖက်ဒရယ် ဆိုတဲ့ စကားလုံးက ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပြီး စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ဆိုတဲ့ဆီ အများစုဦးတည် လျှောက်လှမ်းခဲ့ကြတယ်လို့ ယေဘုယျ ဆိုနိုင်ပါတယ်။ 

သို့ပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ၃ နှစ်ခွဲကျော် ကြာလာချိန် ၂၀၂၄ မှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုတန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာဟာ အားလုံးရဲ့ ဘုံ ရည်မှန်းချက် ဖြစ်နေသေးရဲ့လား ဆိုတဲ့ မေးခွန်းလည်း မေးရမယ့် မေးခွန်းတခု မေးသင့်တဲ့မေးခွန်းတခု ဖြစ်လာပါတော့တယ်။ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးက ၄င်းတို့ အင်အားနဲ့ စစ်ကောင်စီတပ်တွေ စခန်းတွေ ကိုတိုက်ခိုက် အနိုင်ယူပြီးတဲ့နောက် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ ဆန္ဒရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း ရှိသလို ဖက်ဒရယ်ထက်လွန်တဲ့ ကွန်ဖက်ဒရိတ် ပြည်နယ်၊ နယ်မြေ အဆင့်ထိ မှန်းဆထားကြတဲ့ အဖွဲ့တွေလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကိုကြည့်ရင် စစ်ကောင်စီ ဆန့်ကျင် တိုက်ခိုက်နေကြပြီးနောက် လျှောက်လှမ်းကြမယ့် ခရီးက ဖက်ဒရယ်ပြည်ထောင်စု လမ်းမကြီး တလမ်းထဲသာ မဟုတ်ပဲ လမ်းသွယ်တွေ လမ်းခွဲတွေ နဲ့ အချို့သော လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ၄င်းတို့ရဲ့  ရွေးချယ်ပိုင်ခွင့် သဘောမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တဲ့ အနေအထားလို့ဆိုရင် မှားမယ်မထင်ပါဘူး။ လမ်းခွဲတွေ တခုမက ပေါ်ထွက်လာတဲ့ အနာဂတ် နိုင်ငံတော်ဖွဲ့စည်းကြမယ့် အနေအထားနဲ့ ဖြစ်နိုင်ခြေ အလားအလာကို အချို့သော ဗမာနိုင်ငံရေးသမားတွေ၊ နွေဦးတော်လှန်ရေး စည်းရုံးရေးသမားတွေ သတိပြုမိကြပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး အောက်ကိုသာ ပူးပေါင်းကြဖို့ နှိုးဆော်မှုတွေ ဟိုနားသည်နားမှာ တွေ့မြင်လာရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို အိပ်မက်မက်ရုံတင်မကပဲ အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ အေးအတူပူအမျှ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့တဲ့ သမိုင်းလည်းရှိဖို့ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။⁩



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar