နိုင်ငံရေး စစ်ရေး ပဋိပက္ခတွေအကြားက ရေဘေး
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၁ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၄
နိုင်ငံရေး စစ်ရေး ပဋိပက္ခတွေအကြားက ရေဘေး
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာ ဖြစ်ပွားလာတာ ၃ နှစ်ခွဲရှိလာချိန် နိုင်ငံရေး ပြဿနာကနေ လက်နက်ကိုင် စစ်ပွဲ အဖြစ် လောင်စာအားဖြည့်တဲ့ အနေအထားရောက်ရှိလာပြီး လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်မြင့်လာတာ ၃ နှစ်ရှိလာနေပြီ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ စစ်ပွဲ၊ စစ်ရေးအနိုင်ရဖို့ လက်နက်ကိုင် တပ်တွေ နယ်မြေတွေ၊ တပ်စခန်းတွေ၊ မြို့တွေ သိမ်းယူဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
နိုင်ငံရေး ပဋိပက္ခတွေ လက်နက်ကိုင် ပဋိပက္ခ မဖြေရှင်းနိုင်သေးတဲ့ အခြေအနေကြားထဲမှာ ကိုဗစ် ကပ်ရောဂါလို ကူးစက်ရောဂါဘေး အန္တရာယ်လည်း ၂၀၂၁ ခုနှစ် လယ်ပိုင်း အခုလို မိုးရာသီကာလမှာ ကျရောက်ခဲ့ပါသေးတယ်။ ကိုဗစ်ကူးစက်ရောဂါကပ်ဘေးမှာတုန်းက လူသောင်းဂဏန်းနဲ့ သေဆုံးခဲ့ကြရတာ ဖြစ်ပြီး ကိုဗစ်ကပ်ဘေးကြောင့် ဘယ်လောက် အသက်ဆုံးရှုံးခဲ့ကြရတယ်ဆိုတာ တိကျတဲ့ ကိန်းဂဏန်းကို ဘယ်အဖွဲ့အစည်းကမှ မကောက်ယူနိုင်ခဲ့ကြပါဘူး။ နိုင်ငံက နိုင်ငံရေးပြဿနာတွေ ရင်ဆိုင်နေကြရချိန် အစိုးရအာဏာရယူထားတဲ့ စစ်ကောင်စီအနေနဲ့ အများပြည်သူ ကျန်းမာရေး ကိစ္စထက် နိုင်ငံရေးအာဏာ ထိန်းသိမ်းရေးကိစ္စ၊ အဆိုပါရှုထောင့်ကနေသာ ချဥ်းကပ် လုပ်ဆောင်ခဲ့တာကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ အောက်စီဂျင် မရလိုက်သူ၊ လိုအပ်တဲ့ ဆေးဝါးကုသမှု ခံယူခွင့်မရလိုက်သူ၊ လုပ်ဆောင်သင့်တဲ့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုတွေ၊ လိုအပ်တဲ့ ဆေးဝါးကုသမှု နဲ့ စောင့်ရှောက်မှုတွေ မရရှိခဲ့တာကြောင့် အသက်ရှင်သန်ခွင့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွားရသူတွေ အများအပြားရှိခဲ့တာ ဖြစ်ပြီး တိကျတဲ့ ကိန်းဂဏန်း အရေအတွက်နဲ့တော့ မှတ်တမ်းမတင်နိုင်ခဲ့ကြပါဘူး။ ထိုစဥ်ကာလက ကမ္ဘာ့နိုင်ငံအများအပြားမှာလည်း ကိုဗစ်ကပ်ဘေးကြောင့် လူထောင်ချီ သေဆုံးတဲ့ နိုင်ငံ၊ သောင်းနဲ့ချီ သေဆုံးတဲ့နိုင်ငံ၊ သိန်းဂဏန်းထိ ရောက်ရှိခဲ့တဲ့ နိုင်ငံတွေ ကမ္ဘာမှာ ရှိခဲ့တာ မှန်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ကာလဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလအတွင်း သောင်းဂဏန်းနဲ့ ချီ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်ကို သုံးသပ်ကြည့်ရင် နိုင်ငံရေး ပြဿနာ၊ ချွတ်ယွင်းနေတဲ့ စီမံအုပ်ချုပ်မှုတွေကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရတဲ့ ပမာဏအများအပြားရှိခဲ့တာကို ငြင်းလို့မရပါဘူး။
ယခင်နှစ်နဲ့ ယခုနှစ်မိုးရာသီ အစပိုင်းနဲ့ အလယ်ပိုင်းမှာလည်း ရေဘေးအန္တရာယ် ကျရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ မိုခါ မုန်တိုင်း ဒဏ်ခံခဲ့ရသလို ယခုနှစ်ဆန်းပိုင်းမှာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ရေဘေးအန္တရာယ် ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ယခု တဖန် လက်နက်ကိုင် ပဋိပက္ခတွေကြားထဲ၊ နိုင်ငံရေး အားပြိုင်မှုတွေ အာဏာအတွက် ကျားကုတ်ကျားခဲ လုပ်ဆောင်နေကြချိန်မှာ သဘာဝ ဘေးအန္တရာယ် ဖြစ်တဲ့ ရေကြီးမှု အန္တရာယ် အခုလိုကျရောက်လာပြန် ပါတယ်။ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း နဲ့ ဗီယက်နမ်နိုင်ငံအရှေ့ဘက်ခြမ်းတွေကို ဖြတ်သန်းဝင်ရောက်လာတဲ့ Yagi အမည်ရှိတဲ့ အပူပိုင်း မုန်တိုင်းကြီးဟာ ကုန်းတွင်းဖြတ်သန်း ဝင်ရောက်လာရာ လမ်းကြောင်းတလျှောက် မိုးသည်းထန်စွာ ရွာသွန်းစေခဲ့ပြီး မြစ်ရေကြီးတာ၊ တောင်ကျရေ ကျတာ၊ မိုးသည်းထန်ပြီး မြေပြိုကာ နေအိမ်တွေ ပျက်စီးတာ ၊ လမ်းတံတားတွေ ပျက်စီးတာတွေက ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ မန္တလေးတိုင်း နဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းတွေ မှာ မြစ်ရေ၊ ချောင်းရေနဲ့ တောင်ကျရေတွေ ကျရောက်လာနေပြီး နေအိမ်၊ စိုက်ပျိုးခင်းတွေ၊ ရေနဲ့မျောပါတာ နစ်မြုပ်သေဆုံးတာတွေ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။
မုန်တိုင်း ဝင်ရောက်မယ့် သတင်းက ယခင်သီတင်းပတ်ကတည်းက နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြနေခဲ့ကြတာ ဖြစ်ပြီး ကုန်းတွင်းကို ဝင်ရောက်လာပြီးနောက် မိုးသည်းထန်မယ့် ခန့်မှန်း တွက်ချက်မှုတွေ၊ သတိပေးမှုတွေ မုန်တိုင်း ဖြတ်သန်းရာလမ်းကြောင်းတလျှောက်က နိုင်ငံအသီးသီးမှာ ရှိနေကြပြီး ဖြစ်ပါတယ်။ ဗီယက်နမ်၊ လာအို၊ ထိုင်း နဲ့ မြန်မာနိုင်ငံတို့က မုန်တိုင်း ဝင်ရောက်ရာ လမ်းကြောင်းမှာ အကျိုးသက်ရောက်မယ့် နိုင်ငံနဲ့ ဒေသတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်မှာလည်း မိုးသည်ထန်ပြီး မြေပြိုတာ၊ တောင်ကျရေကျတာတွေ ရှိမယ့် အကြောင်း အသိပေး နှိုးဆော်မှုတွေ ထုတ်ပြန်ပြီး လိုအပ်တဲ့ ရွှေ့ပြောင်း ကယ်ဆယ်တာတွေ လုပ်ဆောင်နေကြ တာဖြစ်သလို လာအိုနိုင်ငံဘက်မှာလည်း သတိပေးနှိုးဆော်တာတွေ၊ ရွှေ့ပြောင်းကယ်ဆယ်တာတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ အာဏာသိမ်း စစ်ကောင်စီ အစိုးရနဲ့ လူထုအကြား၊ နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာက ရေဘေးအန္တရာယ်ထက်ကို ရှေ့မျက်နှာစာ ပိုရောက်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုလို ရေဘေးအန္တရာယ် ကျရောက်ချိန်မှာ အချို့ဒေသတွေက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေဆဲ ဒေသတွေ ဖြစ်ပြီး ရေဘေးအန္တရာယ် ကျရောက်ချိန်မှာ လူထုကို ကူညီကြဖို့ တဖက်နဲ့ တဖက် စကားပြောဖို့ဆိုတာထက် လက်နက်ကိုင် တိုက်ခိုက်ဖို့ အခွင့်အလမ်းကိုသာ စောင့်ဆိုင်းနေကြတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတို့လို ဒေသတွေမှာ ကြိုတင် သတိပေးမှုတွေ၊ ကြိုတင် ရွှေ့ပြောင်းကယ်ဆယ်မှုတွေ မလုပ်နိုင်ခဲ့ကြတာလည်း တစတစ ထွက်ပေါ်လာတဲ့ လူ့အသက်ဆုံးရှုံးမှုတွေ၊ နေအိမ် ပစ္စည်းဆုံးရှုံးမှုတွေရဲ့ အကြောင်းရင်း ဖြစ်လို့နေပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့ဘက် အကျဆုံး အစွန်လို့ဆိုရမယ့် တာချီလိတ်မြို့က စလို့ ရုတ်တရက် တောင်ကျရေ၊ ချောင်းရေ ကျလာပြီး နာရီပိုင်းအတွင်း နေအိမ်တွေကနေ မထွက်နိုင်တော့တဲ့ အဖြစ်တွေက မြန်မာနိုင်ငံအလယ်ပိုင်း တပ်ကုန်း၊ ပျော်ဘွယ်၊ ပျဥ်းမနား တို့အထိ ဖြစ်ပွားနေတာ တွေ့ရပါတယ်။
လူထုအများစုက ၄င်းတို့ကို မထောက်ခံသည့်တိုင် လက်ရှိအချိန်မှာ အများစုသော မြို့တွေကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ အနေနဲ့ သတိပေး နှိုးဆော်ချက်၊ ရွှေ့ပြောင်းရေး၊ ကယ်ဆယ်ရေး နဲ့ ကူညီရေးတွေကို ၄င်းတို့ စိတ်ကူးရသလို လုပ်နေကြတဲ့ အနေအထားလို့ အကဲခတ်ရပါတယ်။ နောက်ကျတဲ့ အသိပေး နှိုးဆော် ကြေညာချက်၊ မလုံလောက်တဲ့ ကူညီကယ်ဆယ်ရေး အင်အားတွေနဲ့ ရေဘေးအန္တရာယ် ကျရောက်ရာဒေသက လူထုအနေနဲ့ သဘာဝဘေးအန္တရာယ်ကို ခါးစည်းခံစားနေကြရတာ ဖြစ်ပါတယ်။ အခုလို အခြေအနေမျိုးမှာ ဖုန်း၊ အင်တာနက် ပြတ်တောက်နေတဲ့ ဒေသတွေ အများအပြားရှိပြီး အဲဒီဒေသက သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ် အသိပေးနှိုးဆော်ချက်တွေ ရဖို့၊ ကျရောက်နေချိန်မှာ အကူအညီတောင်းခံဖို့ အခက်အခဲကြုံကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အချို့သော နိုင်ငံတွေမှာ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေ၊ ရန်ဖက်တွေ ဖြစ်နေကြသည့်တိုင် ကူးစက်ရောဂါ ကပ်ဘေးလို့ အခြေအနေမျိုး၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မျိုးမှာ ပူးပေါင်းလုပ်ဆောင်ကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ နိုင်ငံတချို့ ဖြစ်စဥ်တချို့မှာ ရှိခဲ့ကြပေမယ့် မြန်မာနိုင်ငံမှာတော့ အဲဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုး ပေါ်ထွက်လာဖို့ အခွင့်အလမ်း၊ ဖြစ်နိုင်ခြေ ကိုဗစ်ကပ်ဘေးတုန်းကလည်း မတွေ့ခဲ့ရသလို အခု ရေဘေးအန္တရာယ်ကျရောက်ချိန်မှာလည်း မတွေ့မြင်ရတာက လူထုအတွက် ကံမကောင်း အကြောင်းမလှတဲ့ အချက်တချက် ဖြစ်တယ်လို့သာ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar