Breaking News

ရတနာပုံဆရာမှတ်ကြီး - ခွေးရူးကပ်

ရတနာပုံဆရာမှတ်ကြီး - ခွေးရူးကပ်

(မိုးမခ) စက်တင်ဘာ ၁၁ ၊ ၂၀၂၄

မအလ ဖားချက်တော့ လက်ကုန်။ မိန်းမအမျိုးတွေဆိုတော့လဲ အင်း ဖားမှာပေါ့လေ။ AA ကို ဆေးနဲ့ စားစရာဝန်ထုပ်ဝန်ပိုးမဖြစ်အောင်လို့ဆိုပြီး ဖမ်းမိထားတဲ့သုံ့ပန်းတွေ ဆေးကုပေးနေတဲ့ဆေးရုံကိုဗုံးကြဲပြီး ရှင်းလင်းပေးသတဲ့။ 

ဗုံးတွေကတော့ တနိုင်ငံလုံးအနှံ့ သွေးရူးသွေးတန်း ခွေးရူးသေးပန်းကြဲနေတာ။ အသေသတ်တဲ့ လေတပ်ဆိုပြီး ကလေးတွေအပေါ် လိုက်ကြဲနေတာ။ ကိုယ့်အလှည့်ကျ အကြောင်းမပြနဲ့ပေါ့။ လေတပ်ကကောင်တွေရဲ့ မိသားစုဆိုတာလဲ ဒီမြေ ဒီရေကျော်ပြီး ပြေးဖို့မလွယ်ပါဘူး။ ပြေးနိုင်လဲ မလွတ်ပါဘူး။ ဘယ်သူဘာဆိုတာ သိတဲ့သူချည်းပါပဲ။ ဘယ်သွားသွား ပြည်သူသတ်လေတပ်တံဆိပ်ကြီးနဲ့လေ။ ငါတို့လေတပ်ကြီးက ရန်သူကိုဘယ် လိုနှိမ်နင်းတာတော့ လုပ်လို့မရဘူးပေါ့။ မင်းတို့ကို လေတပ်ထောင်ပေးထားတဲ့ ပြည်သူကို ပြန်သတ်တာပဲ။ အထူးသဖြင့် ကလေးတွေ လူနာတွေအပေါ်ကြဲချသတ်တဲ့လေတပ်၊ ဆေးရုံနဲ့စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းနဲ့ချာ့တ်ကို ပစ်မှတ်လုပ်တဲ့လေတပ်ကြီးနောက် ဂျူးတွေ နာဇီ‌တွေကိုလိုက်သလို လိုက်မှာပေါ့။ 

ပြည်သူတရပ်လုံးကို ကလေး လူကြီးမကျန် စစ်ထဲပိတ်ထည့်ပြီးတဲ့နောက်တော့ ဒါဟာ ပြည်သူနဲ့စစ်တပ်ရဲ့ အဆုံးသတ်တိုက်ပွဲပေါ့။ ပြည်သူက စစ်ရာဇဝတ်ဂိုဏ်းကို တုတ် တုတ်ချင်း၊ ဓား ဓားချင်း ရင်ဆိုင်ရှင်းလင်းရတော့တဲ့အခြေအနေ။ တကယ်တော့ စစ်ရာဇဝတ်ဂိုဏ်းဟာ ပြိုင်ဘက်လဲမဟုတ်သလို ဆွေနွေးဘက်အဆင့် အတန်းလဲမဟုတ်ပါဘူး။ တိုင်းပြည်နဲ့ပတ်သက်ရင် တရားဝင်စီမံခွင့် ဘာဆိုဘာမှမရှိပါဘူး။ သူ့ပြစ်မှု သူ့တာဝန်ယူရဖို့သက်သက်ပဲ ရှိပါတယ်။ တကယ်တော့ ရပ်ကွက် တရပ်ကွက်၊ ရွာတရွာမှာတောင် အုပ်ကြီးခန့်ခွင့်မရှိပါဘူး။ စစ်ရာဇဝတ်ဂိုဏ်းနဲ့အုပ်ချုပ်ရေးဆိုတာ ရေမွေးနဲ့ ချေးနံ့ပါပဲ။ ဒါ့ကြောင့်လဲ ရာဇဝတ်ဂိုဏ်း ချုပ် စစ်ကောင်စီ လုပ်နေသမျှဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေကိုဖျက်ဆီး၊ တိုင်းပြည်ကို မီးတိုက်၊ အမိုက်တကာ့ဗိုလ် ပြည်သူကို အနိုင်ကျင့် ညှဉ်းဆဲသတ်ဖြတ် ကပ်တကပ်ပြီး တကပ်ဆိုက်အောင် လုပ်နေတာချည်းပါပဲ။ အုပ်ချုပ်တယ်ဆိုတာ နားမလည်ကြပါဘူး။ သွားပြောရင် ကျွဲဘေးတယောထိုးပဲပေါ့။ လူ့အလုပ်မှန်သမျှ ရှောင်တဲ့ ခွေးကောင်သက်သက်တွေပါဘဲ။ လူ့လုပ်ငန်းဆိုတာ သေးနဲ့ပန်းရမယ်ဆိုတာထက် ပိုမသိတဲ့ ခွေးသက်သက်ပါပဲ။ လူမဟုတ်တဲ့ ခွေးဘီလူး‌ ခွေးရူးစိတ်နဲ့ လူပုံတူအမနုဿတွေပါပဲ။ အာဏာစသိမ်းကတည်းက လူစကား တခွန်းမှမပြောသေးသလို လူ့အလုပ်တခုမှမလုပ်သေးပါဘူး။ ခုထိ လူကြံ ကြံတာ မရှိသလို လူနံ့လဲမထွက်ပါဘူး။ လူရောင်လဲ မပြောင် လူပုံလဲမပေါ်  ခွေးဆော်နံ ခွေးကြံထုတ် ခွေးလုပ်လုပ်နေတာပဲ ရှိပါတယ်။ 

ခွေးမှ အလှမွေးအိမ်ခွေး အဆင့်မပြောနဲ့ လမ်းဘေးခွေးထက်ဆိုးပါတယ်။ လမ်းဘေးခွေးတောင် ကျွေးလက်သိပါတယ်။ ရပ်ကွက်စောင့်ပါတယ်။ အဲဒါကြောင့် ရပ်ကွက်ကလဲ ခိုးစားစရာမလိုအောင် ကျွေးပါတယ်။ ဒါက ခွေးရူးပါ။ ခွေးသက်သက်ပဲပြောရင် ခွေးကောင်းတွေ နစ်နာပါတယ်။ ခွေးရူးဆိုတာ သခင်သော ဘုန်းကြီးသော ကလေးသောလူကြီးသော ဘာဆိုဘာမှမမြင်မသိတော့ပါဘူး။ မဲမဲမြင်ကိုက်တာပါပဲ။ သူ အကိုက်ခံရရင်လဲ ခွေးရူးပိုးထပ်ကူးသေးပါတယ်။ ခုစစ်ဥထမ်းဆိုပြီး ခွေးရူးဆွဲခံရ ကိုက်ခံရသူတွေကို ခွေးရူးပြန်ကာကွယ်ဆေး အချိန်မီထိုးနိုင်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အချိန်တခုမှာ ခွေးရူးဖြစ်သွားပြီး ပြည်သူကို ထပ်ကိုက်ရမှာပါ။ မကိုက်လို့ မရတော့ပါ။ ခွေးရူးပိုးထတဲ့အချိန်မှာတော့ ပြည်သူဆိုတာ ငါ့ရပ်ကွက်သားတွေဆိုတာ ငါ့ရွာသားတွေဆိုတာ ငါ့အမျိုးတွေဆိုတာ ငါ့အဘိုး အဘွာားတွေဆိုတာ နောက်ဆုံး ငါ့မိဘ ညီကိုမောင်နှမတွေဆိုတာထိ သိတော့မယ် မဟုတ်ပါ။ 

ခွေးရူးအန္တရာယ်ကို သေချာသိထားတဲ့သူတချို့တလေကတော့ သိပ်မဆိုးခင် သူ့နားမကပ်နဲ့၊ သူနဲ့ဝေးဝေးနေဖို့ သိတပေးနိုင်ပါလိမ့်မယ်။ အားလုံး ခွေးရူးကိုက်မခံရအောင် လွတ်ရာရှောင်ဖို့က အရေးကြီးသလို ညီညီညာညာ တွေ့ရာလက်နက် ဆွဲထွက်လာပြီး ခွေးရူးသတ်ဖို့က ပို၍အရေးကြီးပါကြောင်း။ 

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar