Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၅ )

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၅ )

(မိုးမခ) စက်တင်ဘာ ၁၁ ၊ ၂၀၂၄


နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဆယ် သေဆုံး ဆိုတဲ့ သတင်းတွေကြားထဲမှာဘဲ မြွေပူရာ ကင်းမှောင့်ဆိုသလို တပူပေါ် နှစ်ပူဆင့်ရုံမက သုံးပူပေါ်လေးပူဆင့်တဲ့သတင်းပါ တက်လာတယ်။ ပြည်တွင်းမှာ ကလေးငယ်တွေ ပညာသင်ခွင့်မရတဲ့အပြင် ဗုံးအကြဲခံသားကောင်လေးတွေ ဖြစ်နေလို့ စိတ်ဆင်းရဲရတဲ့ကြားထဲ ထိုင်းရောက်မြန်မာကလေးတွေပါ ပညာသင်ခွင့်ကမောက်ကမဖြစ်တဲ့ သတင်းဆိုးကြီးတက်လာပါတယ်။ 

ထိုင်းက မြန်မာစာသင်ကျောင်း ခြောက်ကျောင်း အပိတ်ခံရတယ်ဆိုတဲ့သတင်းလေ။ ဒါက နုဂျီအစိုးရရဲ့အစွမ်း အစနဲ့ တိုက်ရိုက်သက်ဆိုင်ပါလိမ့်မယ်။ ဒေါက်ဇော်တို့ ဒေါ်ဇင်တို့၊ နောက်ဆုံးလူ့အခွင့်အရေးဝန်ကြီးတို့ပ။ 

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့က မြန်မာရွှေ့ ပြောင်းကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ “မေတ္တာရိပ်” မြန်မာစာသင်ကျောင်းအပါအဝင် စာသင် ကျောင်း ခြောက်ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်းလိုက်ပါတယ်တဲ့။

ဒီမြန်မာကျောင်း ခြောက်ကျောင်းကို ပိတ်သိမ်းပြီးနောက် ထိုင်းပညာရေးဝန်ကြီးဌာနက တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာစာသင်ကျောင်းတွေ ရှိ မရှိ စစ်ဆေးဖို့ ကျန်တဲ့ ဒေသအာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ 

ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က တစ်နိုင်ငံလုံးမှာ စစ်ဆေးဖို့ ထိုင်းအစိုးရက ညွှန်ကြားထားတာကြောင့် မြန်မာစာသင်ကျောင်းတွေအားလုံးအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။ 

“ဒီခြောက်ကျောင်းမကဘူး ကျွန်တော်တို့ စိုးရိမ်တာက ရွှေ့ပြောင်းအလုပ်သမား ကျောင်းတွေဆိုရင် ၁၅ဝ-၂ဝဝ ပတ်ချာလည် အနည်းဆုံးရှိတယ်။ အဲဒီကျောင်းတွေအတွက်ပါ စိုးရိမ်ရတယ်။ ရွှေ့ပြောင်းအလုပ်သမား ကလေးငယ်တွေရဲ့ ကျောင်းတွေကို အကုန်လုံး လိုက်ပိတ်လိုက်ဖို့ဆိုတာ ထိုင်းအစိုးရအနေနဲ့ မဖြစ်နိုင်ဘူးလို့ ယုံတယ်၊ ကျွန်တော်တို့ကို နည်းမှန်လမ်းမှန်နဲ့ ဖွင့်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်”  

မြန်မာစာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆေးဖို့ဆိုတဲ့ ထိုင်းအစိုးရရဲ့ ညွှန်ကြားချက်ထဲမှာ စာသင်နေတဲ့ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့်တွေကို စစ်ဆေးဖို့လည်း ပါဝင်ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး ဦးထူးချစ်က “မြန်မာစာသင်ကျောင်းတွေမှာ ပညာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ အလုပ်လုပ်ခွင့် ထိုင်းရဲ့ အလုပ်သမားဝန်ကြီးဌာန ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းအရ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့က ပညာရေးဝန်ထမ်းတွေ လုပ်လို့မရဘူး။ အဲဒါတွေက ဘယ်လိုပုံစံမျိုးဖြစ်မလဲ၊ လုပ်အားပေးလား အဲဒီလိုပုံစံမျိုးတော့ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ် မြန်မာ ဆရာ၊ ဆရာမတွေ အပြစ်ပေးအရေးယူခံရမှာကို စိုးရိမ်ပါတယ်” လို့ ပြောပါတယ်။ 

မြန်မာစာသင်ကျောင်းတွေအနေနဲ့ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့အညီ ဖွင့်လှစ်ဖို့၊ စာသင်ပေးနေတဲ့ ရွှေ့ပြောင်းမြန်မာလူမျိုးတွေအနေနဲ့လည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့လည်း ဦးထူးချစ်က တိုက်တွန်းပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်းကလေး အနည်းဆုံး ငါးသိန်းလောက် ရှိတယ်လို့ အကူအညီပေးနေသူတွေက ခန့်မှန်းကြပါတယ်တဲ့။ 

ဒါဟာ မြန်မာကျောင်းပေါင်း နှစ်ရာနဲ့ မြန်မာကလေး ငါးသိန်းရဲ့အရေးတင်မဟုတ်ဘဲ မြန်မာလူကြီးငါးသိန်းလောက်ရဲ့ အရေးလဲ ဖြစ်ပါတယ်။ ဒီကျောင်းတွေရှိလို့သာ လူကြီးတွေ အလုပ်ဖြောင့်ဖြောင့်လုပ်နိုင်ကြတာပါ။ ဒီဘက်ကိုလဲ ပို့နိုင် ဆို့နိုင်တာပေါ့လေ။ ဒီကိစ္စက ထိုင်းအစိုးရကို နုကြည်က တိုက်ရိုက်ချဉ်းကပ်လုပ်ဆောင်ရမှာဖြစ်သလို လူ့အခွင့်အရေးအဖွဲ့ ဘာညာနေရာတကာတွေကလဲ စာထုတ်နှေးနေလို့မရတဲ့ဟာပါပဲ။ 

ထိုင်းမှာဖြစ်နေတဲ့ နောက်ပြဿနာတခုက ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ကျော်ကို ထိုင်းက လွှဲပြောင်းပေးတဲ့ကိစ္စပါ။

ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ ကောင်းသောင်းမြို့ကို ရေလမ်းကနေ စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူတွေကို လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အမျိုးသား ၁၂၂ ဦးနဲ့ အမျိုးသမီး ၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့အခေါက် ပြန်ပို့တဲ့ထဲက တချို့ကို စစ်သားစုဆောင်းခဲ့တာကြောင့် ဒီတစ်ကြိမ်ပြန်ပို့တဲ့သူတွေလည်း စစ်သားစုဆောင်းခံရနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ရနောင်းမြို့အခြေစိုက် လူမှုကူညီရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်တဲ့။ 

"ပြီးခဲ့တဲ့တစ်ခေါက်ကတော့ မျက်မြင်သက်သေတွေ၊ ဆွေမျိုးတွေ ပြောပြချက်အရ သိရတာရှိတယ်၊ ကော့သောင်းမြို့အထွက်မှာ လာစစ်ပြီး အဲထဲက အရွယ် ကောင်းတဲ့ အယောက်လေးဆယ်ကို ခေါ်ပြီးတော့ မြိတ်မှာရှိတဲ့ စစ်သားစုဆောင်းရေးကို ပို့လိုက်တယ်လို့ သူတို့ဆွေမျိုးတွေကို အကြောင်းကြားတယ်။ သူတို့ကတဆင့် ကျွန်တော်တို့ကို အကူအညီတောင်းတယ်၊ ကျွန်တော်တို့လည်း ဘာမှလုပ်မပေးနိုင်ဘူး၊ ပြန်ပို့တဲ့ဟာတွေကို စစ်သားစုဆောင်းရေးထဲ ထည့်တာ ဒါက ကျိန်း သေမယ်လို့ ထင်တယ်၊ အသစ်ပြန်ပို့တာတွေတော့ မသိသေးဘူး။ ဒါပေမဲ့ ကျိန်းသေပေါက်ပို့မှာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက သူတို့အတွက် သပိတ်ဝင် အိတ်ဝင်ပဲ၊ မြန်မာပြည်ထဲမှာ တရားဝင်နေပြီး ရိုးရိုးလုပ်ကိုင်စားသောက်နေတဲ့လူတွေကိုတောင် အချိန်မရွေး အဖမ်းခံ၊ စုဆောင်းခံနေရတာ၊ ဒီလိုမျိုးပြန်ပို့တဲ့လူတွေကိုတော့ သူတို့သဘောရှိ လုပ်လို့ရပြီလေ" 

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ပို့တဲ့ ၁၅၀ ကျော်ထဲက ၂၃ ယောက်နဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ပို့တဲ့ ၁၂၀ ကျော်ထဲက ၄၈ ယောက်ကို စစ်ကောင်စီတပ်၊ ရဲနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနအဖွဲ့တွေပူးပေါင်းပြီး လာရောက်ဖမ်းဆီးခဲ့တာလို့ မြို့ခံတွေက RFA ကို ပြောထားပါတယ်။ ဖမ်းခံရတဲ့သူတွေဟာ အမျိုးသားတွေပဲဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်တဲ့။ 

သူခိုးတို့ထုံးစံအတိုင်း ဖမ်းခေါ်ချိန်မှာ ငွေကြေးပေးနိုင်တဲ့လူတွေ လွတ်သလို ဖမ်းသွားပြီးနောက် မိသားစုက ပွဲစားကို ငွေပေးပြီး ပြန်ရွေးခိုင်းရင်လည်း ပြန်လွတ်တယ်လို့ ကိုယ်တွေ့ကြုံရတဲ့ မိသားစုဝင်တွေက RFA ကို ပြောဆိုထားပါတယ်တဲ့။

ဒါမျိုးတွေလဲ ထပ်မဖြစ်အောင် နုကြည်တို့ကလဲ ချဉ်းကပ်ကြ၊ လူ့အခွင့်အရေးအဖွဲ့ ဘာညာ နေရာတကာတွေကလဲ ဆော်ဩကြ စာထုတ်ကြရမှာပါပဲ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar