ရတနာပုံဆရာမှတ်ကြီး - လူသားဒိုင်းနဲ့ သံဃမေတ္တာ
ရတနာပုံဆရာမှတ်ကြီး - လူသားဒိုင်းနဲ့ သံဃမေတ္တာ
(မိုးမခ) စက်တင်ဘာ ၁၇ ၊ ၂၀၂၄
သူရဲဘောကြောင် စစ်ရှုံးကောင်က ရပ်ကွက်သူရပ်ကွက်သား ရွာသူရွာသား မြို့သူမြို့သားတွေကို ဘုရားထဲ၊ ကျောင်းထဲ ပိတ်ထည့် တပ်စွဲပြီး လူသားဒိုင်း လုပ်တယ်။
ညစ်နည်းမကုန် ယုတ်ပုံအနန္တ ဓားပြ သူခိုး သောက်ကျင့်ဆိုးနဲ့ အမျိုးမျိုးနှိပ်စက်တာကို မကြည့်ရက်တဲ့ အင်းတော်မြို့သံဃနာယကဆရာတော်တွေက အင်းတော်မြို့မဘုန်းကြီးကျောင်းမှာ လူသားဒိုင်းလုပ်ခံထားရတဲ့ ပြည်သူ ၁၀၀၀ ကျော်ကို လွှတ်ပေးဖို့ မေတ္တာရပ်ခံစာထုတ်ထားတယ်။ ဘုရားဒကာသားတွေရဲ့ ဖအေတူ သောက်ကျင့်တွေ။ ဘမျိုးဘိုးတူ နေဝင်း သန်းရွှေလူတွေ။
အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ PDF၊ ပကဖများက ဩဂုတ် ၁၆ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ရာ သြဂုတ်လ (၂၄) ရက်နေ့မှာ အင်းတော်မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီကနေ ဆုတ်ခွာပြေးတဲ့ ခွေးဝင်စားတွေဟာ ဂျပန်လိုဏ်ဂူမှာ တပ်မ (၇၇) ရဲ့ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်စည်း ပြင်ဆင်ထားပြီး အင်းတော် မြို့မဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ အဲဒီကျောင်းထဲမှာ ဒေသခံပြည်သူ ၁၀၀၀ ကျော်ကို လူသားဒိုင်းအဖြစ် သုံးဖို့ ဖမ်းဆီးထားတယ်။
လူသားဒိုင်းလုပ်ထားတဲ့ ပြည်သူ ၁၀၀၀ ကျော်ကို လွှတ်ပေးဖို့ အင်းတော်မြို့နယ်၊ သံဃနာယကအဖွဲ့က စက်တင်ဘာလ (၇) ရက်နေ့ ရက်စွဲနဲ့ ခွေးဝင်စားတပ်ဆီ မေတ္တာရပ်ခံစာ ထုတ်ပြန်ပေးပို့ခဲ့သော်လဲ ယနေ့ စက်တင်ဘာ (၁၆) ရက်နေ့အထိ မလွှတ်သေးပါ။
ရခိုင်ဘက်မှာလဲ လူသားဒိုင်းလုပ်တာ အသိမ်းခံရတဲ့ နေရာတိုင်းလိုလိုပါပဲ။ ခုလဲ စစ်တွေမှာ လူသားဒိုင်း လုပ်ခံထားရတဲ့သူတွေ အများကြီးပါ။ အလိုတော်ပြည့်ဆရာတော်၊ မြောက်ဦးဆရာတော်၊ ဦးအဘယာလင်္ကာရတို့လို ရခိုင်ဝိနည်းဓိုရ်ဆရာတော်များ ရခိုင်သံဃာတော်များရဲ့ မေတ္တာရပ်ခံစာတော့ မတွေ့ရသေးပါဘူး။
အဲသလိုဘဲ မဆိုင်ရာ ဗုံးမကြဲဖို့ မဆီရာ လက်နက်ကြီးမထုဖို့ မြို့ ရွာတွေ မီးမတိုက်ဖို့ လူသားဒိုင်း မလုပ်ဖို့ မြို့နယ်သံဃနာယကဆရာတော်၊ တိုင်းသံဃနာယကဆရာတော်၊ နိုင်ငံ တော် သံဃနာယကဆရာတော်တို့ရဲ့ မေတ္တာရပ်ခံ ပန်ကြားလွှာတွေလဲ မတွေ့ရသေးပါဘူး။ တိုင်းပြည်ကြီးကို ထိန်းမတ်ဖို့ သံဃမေတ္တာအားတွေ လိုပါမယ်။ ဘုရားဒကာ မင်းအောင်လှိုင်ရဲ့ သာသနာပြုပွဲ ဆိုတာတွေ တင်လိုက် တက်နေလို့မရပါဘူး။
ဘုရားဒကာနဲ့ သူ့သာဝကတွေရဲ့ သာသနာဝန်ထမ်းသူ သာသနာ့ဒါယကာ လုပ်မယ့်သူ မရှိအောင် လုပ်နေတဲ့ လုပ်ရပ်ဆိုးတွေကိုလဲ ဆုံးမ ဩဝါဒမပေးတောင် အင်းတော် သံဃနာယကဆရာတော်တွေလို့ မေတ္တာရပ်ခံစာထုတ်ဖို့ ဖြစ်ဖြစ်ပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar