ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၀)
ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၀)
(မိုးမခ) အောက်တိုဘာ ၃ ၊ ၂၀၂၄
စစ်သေနင်္ဂဗျူဟာအရ ရန်သူထက် အင်အား ၁၀ ဆသာလျှင် ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ပါ။ အင်အား ၅ ဆသာလျှင် ထိုးစစ်ဆင်ပါ။ အင်အား ၂ ဆသာလျှင်မူ ရန်သူ့အင်အားကို အပိုင်းပိုင်းစိတ်၍ တိုက်ခိုက်ပါ။ အင်အားချင်းတူလျှင် ယှဥ်တိုက်နိုင်ရမည်။ မိမိအင်အား လျော့နည်းနေလျှင် ရှောင်တိမ်းပါ။ ရန်သူ့အင်အားကြီးမား၍ မယှဥ်သာလျှင် တပ်ဖျောက်နေတတ်ရမည်။
ဆွန်ဇု SUN TZU ( ဘီစီ ၅၄၄ - ၄၆၉ )
၃။ လှည့်စားခြင်း ( Deception )
အဓိပ္ပာယ်နှင့် အရေးပါမှု
လှည့်စားခြင်း
ရန်သူကို မိမိရည်ရွယ်ချက်များနှင့် အစီအစဉ်များကို စနစ်တကျ လှည့်စားခြင်းဟာ စစ်ဆင်ရေးတိုင်းမှာ အရေးပါတဲ့ လုပ်ဆောင်မှုတခု ဖြစ်ပါတယ်။ စစ်မြေပြင်မှာ အမှန်တကယ် ရည်ရွယ်ချက်တွေကို ရန်သူအား ဖုံးကွယ်ထားပြီး အမှားများကို စနစ်တကျ အမှန်ထင်အောင် မရှိသည်ကို အရှိ ထင်အောင် လှည့်စားခြင်းဟာ စစ်ဆင်ရေးစီမံကိန်းများအောင်မြင်ဖို့ အထောက်အကူ များစွာပြုပါတယ်။ (ဥပမာ- တောင်ချီ မြောက်တိုက် )
လှည့်စားခြင်းအတွက် ဗျူဟာများ
Feigning Weakness (အားနည်းဟန်ဆောင်ခြင်း) ဆိုတာ စစ်ဗျူဟာတခုဖြစ်ပြီး ရန်သူကို လွဲမှားစွာ ယုံကြည်စေပြီး အရေးကြီးတဲ့ အလှည့်အပြောင်းတခုကို ဖန်တီးရယူနိုင်တဲ့ ဗျူဟာဖြစ်ပါတယ်။ မိမိတပ်တွေရဲ့ အင်အားကိုဖုံးကွယ်ပြီး အားနည်းတဲ့နေရာတွေလို့ ရန်သူက ထင်မှတ်မှားအောင် လှည့်စားခြင်းမျိူး ဖြစ်ပါတယ်။
လှည့်စားနည်းများ
အားနည်းသည့်ဟန်ဆောင်ခြင်း (Feigning Weakness)
မိမိတပ်ရဲ့ အင်အားကို ဖုံးကွယ်ပြီး အားနည်းသလို သရုပ်ဆောင်ခြင်းဖြင့် ရန်သူကို အထင်မှားစေနိုင်ပါတယ်။ ရန်သူဟာ မိမိတို့ အားနည်းချက်လို့ မျှော်လင့်ပြီး တိုက်ခိုက်လာရင် အကောင်းဆုံး ပြင်ဆင်မှုတွေနဲ့ ပြန်လည်တိုက်ခိုက် အောင်ပွဲရစေနိုင်ပါတယ်။
မှားယွင်းသော ရည်ရွယ်ချက်ကို သိစေခြင်း (Feigning Intentions)
မိမိတပ်ရဲ့ စစ်ဆင်ရေး အစီအစဥ်တွေကို ဖုံးကွယ်ပြီး တကယ့်ရည်ရွယ်ချက်ကို ပုံဖော်လှည့်စားခြင်း ဖြစ်ပါတယ်။
ဥပမာ - တစ်နေရာကို ထိုးစစ်ဆင်သလိုပြပြီး တခြားနေရာတစ်ခုကို တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းက ရန်သူရဲ့ လုပ်ဆောင်ချက်တွေ မှားယွင်းစေပြီး သူတို့ရဲ့ ကာကွယ်ရေးအစီအစဥ်ကို ပုံပျက် သေးကျုံ့သွားစေနိုင်ပါတယ်။
သတင်းမှားဖြန့်ဝေခြင်း (Spreading Misinformation)
ရန်သူကို စိတ်မှတ်လွဲမှားစေဖို့ အချက်အလက်မှားတွေ၊ မျှော်လင့်ချက် မမှန်တာတွေကို အကြောင်းပြချက်ကောင်းကောင်း ဖန်တီးပြီး သတင်းမှားတွေ ဖြန့်ဝေပါ။ ဒီနည်းက ရန်သူကို စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးစေပြီး ရန်သူစီမံကိန်းတွေ အနှောက်အယှက်များစွာ ဖြစ်စေနိုင်ပါတယ်။
အင်အားကြီးမားသလို ဟန်ဆောင်ခြင်း (Feigning Strength)
မိမိတပ်ရဲ့ အင်အားကို ကြီးမားသလို ဟန်ဆောင်ပြပြီး ရန်သူကို ထိတ်လန့်တကြား ဖြစ်စေခြင်း ဖြစ်ပါတယ်။ ဥပမာ - တပ်ဖွဲ့ရဲ့ အရေအတွက်နည်းနည်းသာရှိပေမယ့် လမ်းကြောင်းပေါ်မှာ အကြိမ်များ စွာ ဖြတ်သန်းပြပြီး အများကြီးရှိသလို ဟန်ဆောင်တာ ဖြစ်ပါတယ်။
အလစ်အငိုက်တိုက်ခိုက်ခြင်း (Surprise Attacks)
မမျှော်လင့်တဲ့နေရာကို မမျှော်လင့်တဲ့အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။
ဟန်ဆောင်ဆုတ်ခွာခြင်း (Feigning Retreat)
မိမိတပ်ကို ဆုတ်ပြေးဟန်ဆောင်ပြီး သတ်မှတ်ထားသော သတ်ကွင်းတွင် အပိုင်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။
မိမိတပ်ကို ရပ်နားဟန်ဆောင်ခြင်း (Feigning Inaction)
မိမိတပ် တိုက်ခိုက်ဖို့ အသင့်မဖြစ်သေး ဟန်ဆောင်ခြင်း၊ တိုက်ခိုက်လိုစိတ်မရှိ ဟန်ဆောင်ခြင်းတို့က ရန်သူတပ်မှာ အယူအဆတွေ ရှုပ်ထွေးစေနိုင်ပါတယ်။
ရန်သူ၏ ယုံကြည်မှုကို လှည့်စားခြင်း (Manipulating Enemy's Confidence)
ရန်သူ့ကို မိမိအားနည်းချက်အပေါ် အောင်မြင်နိုင်မယ်လို့ အထင်ရောက်စေပြီး သူတို့ရဲ့ အရင်းအမြစ်နဲ့ အင်အားတွေကို အကုန်ထုတ်သွားအောင် အသုံးပြုသွားအောင် လှည့်စားနိုင်မယ်ဆိုရင် ဒီနည်းက ရန်သူရဲ့ တိုက်ခိုက်မှုတွေကို အမြန်ဆုံးအဆုံးသတ်သွားစေနိုင်တယ်။
Feigning Weakness ကို အသုံးချနည်းများ
၁။ ဖန်တီးရယူခြင်း
အားနည်းနေသည့်သဏ္ဌာန် အပြင်အဆင်တွေ လုပ်ပြီး ရန်သူကို လှည့်စားတိုက်ခိုက်အောင် ဖန်တီးယူခြင်း ဖြစ်ပါတယ်။
၂။ ဖုံးကွယ်ခြင်း
မိမိတပ်ရဲ့ အင်အား၊ အခြေအနေတွေနဲ့ လုပ်ဆောင်ချက်တွေကို သေချာစွာ ဖုံးကွယ်ထားပြီး ရန်သူကို ထောက်ချောက်ဆင်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။
၃။ ရန်သူရဲ့ မျှော်လင့်ချက်အမှားတွေကို အသုံးချခြင်း
ရန်သူဟာ မိမိအားနည်းချက်တွေလို့ လွဲမှားထင်မှတ်ပြီး၊ တိုက်ခိုက်မှုများ လုပ်လာလျှင် မိမိအားသာချက်တွေကို အသုံးပြုပြီး ရန်သူကို ချေမှုန်းသုတ်သင်ခြင်း ဖြစ်ပါတယ်။
လှည့်စားမှု အကျိုးကျေးဇူးများ
၁။ ရန်သူကို အလွဲသဘောပေါက်စေခြင်း
၂။ စစ်ဆင်ရေး ချိန်ခွင်လျှာပြောင်းလဲနိုင်ခြင်း
၃။ အင်အားနဲ့ အချိန်ကို ထိန်းညှိနိုင်ခြင်း
၄။ ရေရှည် စစ်မဟာဗျူဟာအတွက် အရေးကြီးခြင်း
၅။ ရန်သူ့အားနည်းချက်ကို အသုံးချနိုင်ခြင်း
၆။ ထိုးစစ်ဆင်ဘို့ အချိန်ကောင်းကို ဖန်တီးရယူနိုင်တယ်။
၇။ စစ်ပွဲမဖန်တီးဘဲ အနိုင်ရယူနိုင်ခြင်း
သုံးသပ်ချက်
Deception ကို စစ်ဆင်ရေးများမှာ ဗျူဟာတခုအဖြစ် အသုံးပြုနိုင်ပါတယ်။
အထူးသဖြင့် မိမိရဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေကို စစ်မြေပြင်မှာ ဟန်ဆောင်မှုများ ဖန်တီးပြီး ရန်သူ့အပေါ် စစ်ဆင် ရေးစီမံကိန်းတွေချမှတ် တိုက်ခိုက်ခြင်း ( သို့မဟုတ် ) ရန်သူရဲ့ စီမံကိန်းတွေကို ချိူးဖျက်ခြင်း စတဲ့ စစ်ရေးဗျူဟာတခုအဖြစ် အသုံးဝင်တယ်လို့ ဆိုချင်ပါတယ်။
Sun Tzu ရဲ့ The Art of War မှာ လှည့်စားမှုကို စစ်ဘက်ဗျူဟာတစ်ခုအနေနဲ့ အဓိကထားပြီး ကမ္ဘာတစ်ဝှမ်းတွင် ထိပ်တန်းစစ်ပညာရှင်တွေကလည်း ဒီနည်းလမ်းကို နောက်ဆက်တွဲ လက်ခံအသုံးပြုလာကြပါတယ်။
နောက်တပတ် ပြန်ဆုံကြမယ်ဗျာ။
👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar