Breaking News

တကျော့ပြန် တိမ်းရှောင်ကြရတဲ့ လားရှိုးမြို့ခံတွေ၊ ဒုတိယအကြိမ် ရေကြီးမယ့် အန္တရာယ် ရင်ဆိုင်နေရတဲ့ ရှမ်းအရှေ့၊ ရှမ်းတောင် ဒေသ

⁨⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨


တကျော့ပြန် တိမ်းရှောင်ကြရတဲ့ လားရှိုးမြို့ခံတွေ၊ ဒုတိယအကြိမ် ရေကြီးမယ့် အန္တရာယ် ရင်ဆိုင်နေရတဲ့ ရှမ်းအရှေ့၊ ရှမ်းတောင် ဒေသ

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က သြဂုတ်လဆန်းမှာ သိမ်းယူခဲ့ပြီး အုပ်ချုပ်ရေး ဖေါ်ဆောင်ကာမြို့ခံတွေ ပြန်လာနေထိုင်ဖို့ ဆွဲဆောင်နေတဲ့ လားရှိုးမြို့ကို အခု သီတင်းပတ်တွေမှာ စစ်ကောင်စီဘက်က နေ့စဥ်ရက်ဆက်ဆိုသလို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့နေ အရပ်သူအရပ်သားတွေ ထိခိုက်သေဆုံးမှုရှိနေပြီး ဇူလိုင်လနှောင်းပိုင်းနဲ့ သြဂုတ်လဆန်း တိုက်ပွဲပြီးနောက် ပြန်လာနေထိုင်ကြသူတွေထဲက ထောင်ဂဏန်း အရေအတွက်ရှိသူတွေ ထပ်မံ တိမ်းရှောင်ကြရတယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။

မြို့ကို သိမ်းယူပြီးခါစ ရက်တွေ သီတင်းပတ်တွေတုန်းက စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတာမရှိခဲ့တာ၊ ဘယ်အချိန် ဘယ်အခါမှ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ပြန်လည် တိုက်ခိုက်မယ်ဆိုတာ မသိနိုင်တာကြောင့် မိမိတို့နေအိမ်တွေဆီ ပြန်လာကာ နေအိမ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ ခိုးယူမခံရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်လည်နေထိုင် ခဲ့ကြတာဖြစ်ပါတယ်။ သို့ပေမယ့် စက်တင်ဘာလထဲမှာ လားရှိုးမြို့ကို စစ်ကောင်စီလေယာဥ်တွေ ညဘက်သန်းခေါင်ချိန်တွေမှာ ဗုံးကြဲတိုက်ခိုက်လာတာ ၁၀ ကြိမ်ဝန်းကျင် ရှိလာခဲ့ပြီးနောက်မှာ ပြန်လည် နေထိုင်တဲ့ မြို့ခံတွေထဲက ထပ်မံတိမ်းရှောင်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

လားရှိုးမြို့မှာ ရှိတဲ့ ဟိုတယ်၊ စျေး၊ လူနေအိမ်တွေ ဗုံးထိမှန်ပြီး ပျက်စီးကာ အချို့ဖြစ်စဥ်တွေမှာ မြို့ခံတွေ ထိခိုက်သေဆုံးတာတွေ ရှိနေကြောင်း သတင်းတွေမှာ ဖေါ်ပြကြတာတွေ့ရပါတယ်။ ဟိုတယ်တွေ နဲ့ စျေးတွေလိုမျိုး လူစုဝေးတဲ့နေရာ၊ အများနဲ့ဆိုင်တဲ့နေရာတွေမှာ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ နေထိုင်နိုင်တယ်လို့ ယူဆတဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တယ်လို့ ယူဆစရာ ရှိပေမယ့် တကယ်တန်း ထိခိုက်သေဆုံးမှုတွေက အရပ်သားတွေ အများစု ထိခိုက်သေဆုံးကြရတာ မျိုးဖြစ်နေပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားခဲ့တဲ့ လားရှိုးမြို့ကို MNDAA ဦးဆောင်တဲ့ လက်နက်ကိုင်တပ်တွေက သီတင်းပတ်နဲ့ချီ မြို့နဲ့ ဆက်စပ်နေတဲ့ တပ်ရင်းအခြေစိုက်စခန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တို့ကို တိုက်ခိုက်ခဲ့စဥ်ကလည်း လားရှိုးမြို့မှာ ကျန်ရှိနေကြတဲ့ မြို့ခံတွေ ဒါဇင်နဲ့ချီ ထိမှန်သေဆုံးခဲ့ကြပြီး အခုတကြိမ်မှာတော့ MNDAA ထိန်းချုပ်ထားတဲ့ မြို့ကို စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ထပ်ပြီး ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က မိုင်းရယ်ဘက်မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ယာယီအခြေစိုက်) အနေနဲ့ ဖွဲ့စည်းကာ လားရှိုးမြို့ကို ပြန်လည်သိမ်းယူဖို့ ရည်မှန်းချက်ရှိပုံရတယ်လို့ မှန်းဆမှုတွေ ရှိနေတာ ဖြစ်ပြီး ခုချိန်ထိတော့ မြေပြင်ကနေ တိုက်ခိုက်တာမျိုး စတင်ခြင်း မရှိသေးပါဘူး။

လားရှိုးမြို့ နဲ့ ရမခ နေရာကို စစ်ကောင်စီ အနေနဲ့ ဒီအတိုင်း လက်လွှတ်ဆုံးရှုံးခံမယ့် သဘောမရှိဘဲ စိတ်ဓါတ်ရေးရာအရ သော်လည်းကောင်း နယ်မြေ အနေအထား၊ အရှေ့မြောက်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ကမြို့၊ ရှမ်းမြောက်ကို လက်လှမ်းမှီတဲ့ ဗဟိုချက်မြို့ ကြီးတမြို့ အနေနဲ့ပါ ပြန်လည်သိမ်းယူဖို့ ကြိုးစားမှာ မြေကြီး လက်ခတ် မလွဲဘူးလို့ ဆိုနိုင်ပါတယ်။ သိမ်းယူနိုင်တဲ့ အင်အားရှိပြီလား သို့မဟုတ် စုဆောင်းပြင်ဆင်နေဆဲလား ဆိုတာ တိတိကျကျ မသိနိုင်သေးပေမယ့် အခုလို လေကြောင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး မြို့ခံတွေ မြို့ကနေထွက်ခွာတိမ်းရှောင်အောင်၊ MNDAA အနေနဲ့ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ မြို့ကို ပြန်လည် ထူထောင်ကာ အုပ်ချုပ်နိုင်ခြင်း မရှိအောင် ရည်ရွယ် လုပ်ဆောင်တာလို့ ယူဆစရာလည်း ရှိနေပါတယ်။

လားရှိုးမြို့လိုပဲ အလားတူ လေကြောင်းတိုက်ခိုက်ခံရတဲ့ ရှမ်းမြောက်က မြို့တွေကတော့ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ နောင်ချိုနဲ့ သီပေါမြို့ တွေဖြစ်ပြီး လားရှိုးမြို့ သိမ်းတိုက်ပွဲတွေအတွင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အကြီးဆုံးမြို့ လောက်ကိုင်ကိုလည်း စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလဆန်း ၈ ရက် ၉ ရက်နေ့တွေက စလို့ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ ယာဂီမုန်တိုင်း အကြွင်းအကျန်မိုးတွေကြောင့် တာချီလိတ်၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ မြို့တွေ ချောင်းရေလျှံကာ ရေကြီးခဲ့ပြီးနောက် အပျက်အစီးတွေ ရှင်းလင်းလို့ အပြီးမသတ်နိုင်ခင်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ တကျော့ပြန်ဖြစ်ပွားလာပြီး တာချီလိတ်၊ ကလောမြို့တွေမှာ ရေပြန်မြင့်တက်လာနေတဲ့ သတင်းတွေ အောက်တိုဘာ ၂ ရက်နေ့မှာ ထွက်ပေါ်လာနေပါတယ်။ တာချီလိတ်မှာ ချောင်းရေကြီးပြီး မြို့ထဲက လမ်းတွေထဲ တောင်ကျရေတွေ ပြန်လည်ဝင်ရောက်လာတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပြီး စက်တင်ဘာ လဆန်း ရေကြီးစဥ်က ဖုံးလွှမ်းနေတဲ့ နုန်းတွေကို ဖယ်ရှားလို့ မပြီးခင်မှာ တကျော့ပြန် ရေပြန်ကြီးလာတာ ဖြစ်ပါတယ်။

အခုတကြိမ် ရေမြင့်တက်မှုက ဘယ်လောက်ထိ ရောက်လာနိုင်သလဲဆိုတာ တိတိကျကျ မမှန်းဆနိုင်ပေမယ့် ယခင်လဆန်းက ရေကြီးမှုမှာ လူ့အသက်ဆုံးရှုံးမှုတွေ၊ နေအိမ်နဲ့ ရိက္ခာ ဆုံးရှုံးမှုတွေကို ကြုံတွေ့ခဲ့ကြရတဲ့ ဒေသခံတွေအဖို့ တလအတွင်း ဒုတိယမြောက် ရေဘေးအန္တရာယ်ကို အားတင်းကာ ရင်ဆိုင်ကျော်ဖြတ်ကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar