Breaking News

မောင်ဘဦး - သန်းခေါင်ကို နေ့မှတ်ပါလို့၊ အရပ်ကလေးကိုတဲ့မှ အားမနာ ပါးမနာ

Art by Than Htay Maung

သန်းခေါင်ကို နေ့မှတ်ပါလို့၊ အရပ်ကလေးကိုတဲ့မှ 
အားမနာ ပါးမနာ
မောင်ဘဦး
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၄

   သည်ရက်ပိုင်း၊ စစ်ကိုင်းတိုင်းမြို့တော် လဝကရုံး၌ လူ တော်တော် ရှူပ်လာ ပြန်လေပြီ။ မြို့နယ်ထွေ/အုပ်ရုံး ခေါ် မြို့နယ်စုပေါင်းရုံးတွင် လူအရှူပ်ဆုံးသည်ကား၊ 'အင်မီဂရေးရှင်း-ဒီပတ်မင့်' ခေါ်၊ လဝက ခေါ်၊ လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနပင် ဖြစ်သည်။ ဒုတိယအများဆုံး ရှူပ်သည်ကတော့ ထွေအုပ်ရုံး။ လဝကမှာ ရှူပ်သာရှူပ်သည်၊ ကိုတီလုပ်တို့ ကိုကုလားတို့ကျတော့ နိုင်ငံသားကဒ် ၂ ခု- ၃ ခု။ အဘိုးအဘွားမှာ မြန်မာအညာထဲက သည်ရွာ။ ဘကြီးအမေကြီး၊ သည်ရွာ၊ ဖအေမအေလည်း၊ သည်ရွာ။ မြန်မာပြည်၏ ခလယ်ခေါင်တည့်တည့်မှာ ချက်မြှုပ်ကြသူတို့အဖို့ရာ ကျတော့၊ အိန္ဒြိယ မီဇိုရမ်ကို ယက္ကန်းလေးသွားခတ်ဖို့ကို နိုင်ငံသားကဒ် မလုပ်ရသေး၍ ခုနစ်သောင်း ရှစ်သောင်းပေးကြရပြီး၊ အချိန်တာအားဖြင့် တစ်လလောက်ကြာမှ ရတော့သည်။

   ထွေအုပ်ရုံးက ဘာတွေ အလုပ်ရှူပ်ရသနည်း။ ဘာတွေ အလုပ်များရသနည်း။ အများစုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိ၍သော်၎င်း၊ ရှိလျက်နှင့် ရပ်ကျေးရုံး မဖွင့်ရဲ၍ သော်၎င်း၊ နန်းစီ-အုပ်ကြီးအချို့တို့က အုပ်ကြီးမရှိသည့် ရပ်ကျေးများကို ပူးတွဲကိုင်ကြရာ၊ ထောက်ခံစာ သို့မဟုတ် ဧည့်စာရင်းတိုင်ကြားခြင်း စသည်တို့ဖြင့် စည်ကားနေခြင်းလည်း ဖြစ်ပါ၏။ ထောက်ခံစာတစ်စောင် ငွေ ၅ ထောင်။
   စင်စစ် 'ဦးစီးဌာန'ဟူသည် ကော်ပိုရေးရှင်းတို့ ကုမ္ပဏီလီမီတက်တို့နှင့် မတူ။ ပြည်သူ့အတွက် ဝန်ဆောင်မှူပေးရာ ဌာန။ ပြည်သူတွေက၊ ပြည်သူတွေအတွက်၊ ဝန်ဆောင်မှူပေးဖို့ လစာပေး၍ထားရာ ဌာန။ ကော်ပိုရေးရှင်း ကုမ္ပဏီတို့သည်ကား သူ့စီးပွား သူရှာ၊ သူ့ဖာသာ လစာပေး။ ဪ၊ ဒီလိုဖြင့် ခက်တော့ခက်ချေသေး။
   ‌'မြို့နယ်စုပေါင်းရုံး'မှာ မြို့အရှေ့ဖျား၊ တက္ကသိုလ်တောင်ဖက်၌ တည်ရှိရကား၊ အိုးဝေငှား,ဆိုင်ကယ်ငှား၊ အနဲဆုံး ၅ထောင်။ ကိုယ်ပိုင်ဆိုင်ကယ်နှင့်သွား၊ မသကာ ပရုပ်လုံးနဲ့တွေ့၊ ၅ သောင်း ၇ သောင်း။ ကလစ်ဘီးအကောင်းဆို သိန်းချီတောင်း။ ဒါတောင် တောင်းတောင်းပန်ပန်။
   ရုံးနားက မိတ္တူဆိုင်မှာလည်း အိမ်ထောင်စုဇယား မိတ္တူကူးသူတွေနှင့် လက်မလည်အောင် ဖြစ်၏။ မီးက မလာ။ မီးစက်မောင်းကာ မိတ္တူဆွဲရ၏။ ကျောဖက်ပါ မိတ္တူတစ်စောင် ၆၀၀။ အိမ်ထောင်စုဇယား အတိုးအနှုတ်တွေ ပေါများကြောင်း သတိပြုမိစရာ ဖြစ်၏။ တနည်း၊ စစ်မက်ဘေး၊ စခတို့၏ လူသတ် မီးရှိူ့ ဗုံးကြဲဘေး တို့ကြောင့် မိုက်ဂိတ်ထရီ-ရက်ဖျူဂျီ၊ ရွှေ့ပြောင်းနေထိုင်သူတွေ များပြားလာသည့် သဘောလည်း ဖြစ်ပါ၏။ တကယ်တမ်း ယခုလို ဝါမကျွတ်သေးမီ မိုးတွင်းကာလကြီး၊ အိမ်ယာရွှေ့ပြောင်း နေထိုင်ကြခြင်းက သဘာဝတော့ မကျလှ။ သေရေးရှင်ရေးမို့သာ ရွှေ့ကြရ ပြောင်းကြရသည် ဖြစ်ပါ၏။ စစ်အာဏာသိမ်းအစိုးရ လက်အောက် ပြည်သူများဘဝ၊ 'မိုက်ဂရိတ်ထရီ-ဘတ်တ်စ်' ခေါ် ဆောင်းခိုငှက် တွေလောက်တောင် ချမ်းသာမှူ မရကြချေ။

   လွန်ခဲ့သော ၃ နှစ်က ပင်စင်စမတ်ကဒ်ကိစ္စနှင့် ဤရုံးသို့ ရောက်ဖူးခဲ့၏။ ထိုစဉ်က ရုံးတွင်းသို့ ကား,ဆိုင်ကယ် မယူကြရ။ ရုံးအပြင်ဖက်မှာပဲ ထားခဲ့ကြရသည်။ ရုံဝင်း တံခါး၏ လူဝင်ပေါက်မှ ဝင်ကြရသည်။ ဝင်ဝင်ချင်း သွားလိုသည့် ရုံးသို့ တခါတည်း တန်းသွား၍ မရ။ ဝင်ပေါက်အရှေ့နားက ရပ်ကွက်-နန်းအုပ်ကြီး ၃-၄ ယောက် ထိုင်နေသည့် ကင်းတဲသို့ ဦးစွာ သတင်းပို့ လက်မှတ်ထိုး ရသည်။ 'ဘယ်သွားမှာလဲ? ဘာလုပ်မလို့လဲ? မေးခွန်းကို ဖြေကြားပြီးမှ စာအုပ်ရှည်ကြီးထဲတွင် မိမိအမည်၊ အဘအမည်၊ မှတ်ပုံတင်နံပါတ်၊ ရပ်ကွက်အမည်၊ ဖုန်းနံပါတ်၊ သွားရောက်မည့်ဌာန စသည် ရေး၍ လက်မှတ်ထိုးကာ ဝင်ကြရသည်။ အပြန်တွင်လည်း ပြန်ပြီဖြစ်ကြောင်း ထပ်လောင်းကာ သတင်းပို့ရပါသေး၏။
   စခ,ရခတို့၏ နေအိမ်မီးရှိူ့သည့်အထဲ ပါသွားသော စမတ်ကဒ် ပြန်လျှောက်ရန်အတွက် ရုံးလုပ်ငန်းအဆင့်ဆင့်အတိုင်း သွားလုပ်ပါက 'ဦးစီးက စည်းဝေးနေလို့', 'ဒုဦးစီး ခရီးလွန်နေလို့'၊ စသည်ဖြင့် တလကိုးသီတင်း မပြီးစီးနှိုင်။ ပွဲစားက တဆင့်လုပ်မှ အမြန်ရသည်။ ပင်စင်နာ၂ ဦး၏ ထောက်ခံလက်မှတ်ပင် မလို။ ဒါကတော့ ကညနရုံးမှာ ကတည်းက စာတတ်သွားပြီဖြစ်၍၊ သွားလမ်းလာလမ်း သိပြီးဖြစ်သည်။
   သွားလမ်းလာလမ်းအတိုင်း ပေးကမ်း၍ သွားပေမင့်၊ ဒီတခါ လဝကရုံး သွားရသည်ကတော့ ကြာမည့်ပုံ ရှိသည်။

   "... သန်းကောင်စာရင်းနဲ့ ဆုံနေလို့၊ ပြီးတော့ သန်းကောင်စာရင်းက အခု အောက်တိုဘာ ၁ရက်ကနေ ၁၉ရက်အထိ ဖြစ်လိမ့်မယ်တဲ့ ရှင့်။ ဒါမို့ ၁၉ရက်နောက်ပိုင်းမှပဲ ရ,မရ အကြောင်းပြန်ပါ့မယ်...။"
   ပွဲစားမလေး၏ စကား။ ဘာ တတ်နှိုင်တော့မည်နည်း။ ငွေ ၃ သောင်း ဝင်သွားပြီလေ။ စောင့်ရုံပ။ 'သားရေကြိုး တင်းအောင်ကိုင်'-'မေနိုး မင်းအောင်လှိုင်'အတွက် သန်းခေါင်စာရင်း ကောက်ယူပေးနေကြသည်ကိုး။

   သန်းခေါင်စာရင်းဆို၍၊ ရွေးကောက်ပွဲဖြင့် နိုင်ငံရေး ထွက်ပေါက် ရှာနေသော စစ်ရှုံးကောင်စီသည် ယခုအောက်တိုဘာလ ၁ ရက်နေ့က စ,ပြီး မြို့ပေါ်ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူနေလေသည်။ သည့်အရင် သန်းခေါင်စာရင်းတွေတုန်းက တော့၊ ဆေးခန်းနားကအိမ်တွေမှ ကလေးတွေ၊ 'သန်းခေါင်စာရင်းကောက်-လိုဂို'ပါ ဦးထုပ်ဖြူလေးတွေ ဆောင်းထားကြတာကို မြင်ယောင်မိသည်။ နေ့တွက်ပေး,မပေးတော့ မသိ။ မနက်စာထမင်းကျွေးပြီး ခေါ်သွားသည်။ ဦးထုပ်ဖြူလေးတစ်လုံး ရလာသည်။ ကျန်တာကိုတော့ အုပ်စုစာရေး၊ အုပ်ကြီး၊ လဝကတို့က 'ဝိုက်'သွားမည် ထင်သည်။ ထားတော့။
   "မနေ့က သန်းခေါင်စာရင်း လာကောက်သွားတယ်။ အိမ်ရှိလူဦးရေ၊ အသက်၊ ပညာအရည်အချင်း။ ဒါလေးလောက်ကိုဗျာ။ ကျီးကြည့် ကြောင်ကြည့်၊ ကြောက်ကြောက်လန့်လန့်။ ဝတ်ကျေတန်းကျေ အမှန်ခြစ်အကွက်လေးတွေထဲခြစ်ပြီး မှတ်သွားတာဗျ။ ဝရံတာနဲ့ အိမ်ခြံဝင်းပေါက်မယ်က လက်နက်ကိုင် ခွေး၂ ကောင်ပါတယ်ဗျ။ လမ်းထိပ်ကတော့ အစောင့်တွေရှိမှာပေါ့လေ...။"
   မိတ်ဆွေတဦးက ပြောသည်။ သန်းခေါင်စာရင်း လာကောက်သူများတွင် နန်းစီ-ပညာရေးဝန်ထမ်းက အများဆုံး၊ ထွေအုပ်ဝန်ထမ်းက ဒုတိယအများဆုံးဟုလည်း ဆိုသည်။
   နိုင်ငံအနှံ့ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာနေကြရခြင်းအပြင်၊ စစ်တပ်၏ နေအိမ် မီးရှိူ့သည့်ဘေး၊ ရေဘေးတို့ကြောင့်ပါ ပုံမှန်အနေအထားသို့ မရောက်နိုင်သေးသည့် အခြေအနေတခု၌ ဇွတ်အတင်းအဓမ္မ သန်းခေါင်စာရင်းကောက်ခြင်း၏ နောက်ကွယ်တွင် အလွန်ကြီးမားလှစွာသော အကြံအစည်ဆိုးကြီး ပါဝင်နေမည်ကတော့ မြေကြီးလက်ခတ် မလွဲပင် ဖြစ်မည်။
   ပြည်သူ့အတွက် ကောင်းရာကောင်းကျိုးဟူ၍ ဆန်ခြည်တစ်ဆစ် ဆန်ကွဲတစ်ချိုးစာမျှ မလုပ်ခဲ့ဘူးသော စကစ အဖို့၊ ဒါကိုပင် ဦးစားပေးလုပ်ငန်းစဉ်တခုအဖြစ် စာရင်းကောက်ယူနေသည်ကလည်း အထင်လွဲစရာ။ ပြီးတော့ လူနေရပ်ကွက်ကို ဗုံးက ကြဲလိုက်သေးသည်။ တခါမယုံ ဆယ်ခါ။ စစ်အုပ်စုတို့ ပြည်သူတွေအပေါ် ညစ်ပတ်ယုတ်မာ ခဲ့သည်မှာ တခါလည်းမက နှစ်ခါလည်းမက။ တနှစ်လည်းမက နှစ်နှစ်လည်းမက။ နှစ်ပေါင်း ၆၀ကျော် ညာခဲ့,ညစ်ခဲ့,လိမ်ခဲ့၊ ယုတ်မာခဲ့ပြီးပြီလေ။
   "သန်းခေါင်စာရင်းထဲက အချက်အလက်တွေကို မှန်မှန်ကန်ကန် ဖြေဆိုပေးကြဖို့"၊ အာဏာသိမ်းစစ်ခေါင်းဆောင်က၊ ၎င်းတို့၏ မီဒီယာမှတဆင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ပြောခဲ့သည်။ ဖြေဆိုမည့်သူ၏ နံဘေးတွင် သေနတ်ကြီးတချိန်ချိန်၊ သေနတ်ကြီးတကားကားနှင့်၊ အမှန်အကန် ဖြေဆိုရဲကြမည့်အစား၊ ကြောက်လန့်တကြား အယောင်ယောင်အမှားမှား ဖြေဆိုမည့် အဖြေများကိုသာ ရရှိမည်ဖြစ်သည်။

   '၂၀၁၃ ခုနှစ် သန်းခေါင်စာရင်းဥပဒေအရ၊ သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိသည့် အချက်အလက်များကို သန်းခေါင်စာရင်းနှင့် သက်ဆိုင်သည့် ကိစ္စမှ လွဲ၍၊ အခြားသော ကိစ္စများတွင် အသုံးပြုခြင်း၊ သို့မဟုတ် စစ်ဆေးခြင်းကို လုံးဝခွင့်မပြု'ဟု မည်သို့ပင် ဆိုထားငြား၊ စစ်ကောင်စီကတော့ သန်းခေါင် စာ ရင်းက ရသည့်အချက်အလက်များကို အခြားနေရာများတွင် သေချာပေါက် အသုံးချပါလိမ့်မည်။ ၎င်းအပြင် 'သန်းခေါင်စာရင်းမေးခွန်းတွင် မပါဝင်သည့် အချက်အလက်များ၊ အခြား ဖြည့်စွက်မေးခွန်းများကို စာရင်းကောက်ယူသူတွေအနေဖြင့် မေးမြန်းခွင့်မရှိ'ဟု ၂၀၁၃ ခုနှစ်သန်းခေါင်စာရင်းဥပဒေ၌ ဖော်ပြထားပါငြား၊ သေနတ်ကြီးတကားကားနှင့် မသက်ဆိုင်တာတွေကိုလည်း မေးမြန်းသွားမည်ကတော့ အသေအချာပဲ ဖြစ်သည်။
   သန်းခေါင်စာရင်းတွင် အောက်ပါမေးခွန်း အကြောင်းအရာများ ပါဝင်သည်။

၁- လူဦးရေဆိုင်ရာအချက်အလက်များ၊
၂- ပြည်တွင်းရွေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊
၃- ပညာရေး အကြောင်းအရာ၊
၄- လုပ်သားအင်အားအကြောင်းအရာ၊
၅- မွေးဖွားခြင်း ဆိုင်ရာ အကြောင်းအရာ၊
၆- မသန်စွမ်းမှုအကြောင်းအရာ၊
၇- ပြည်ပ ရွေ့ပြောင်းသွားလာခြင်းအကြောင်းအရာ၊
၈- အိမ် အကြောင်းအရာ၊
၉- သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း အကြောင်းအရာ၊စသည်ဖြင့် ခေါင်းစဉ်ခွဲ ၉ ခု။ စုစုပေါင်း အိမ်ထောင်စု မေးခွန်း ၆၈ ခု အထိ ပါဝင်ပြီး၊ ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းတွင်မူ အိမ်ထောင်စု မေးခွန်း ၆၈ ခုသာမက၊ အဖွဲ့အစည်းမေးခွန်း ၁၈ ခုအထိ ပါဝင်သည်ဟု သိရသည်။ တနည်းအားဖြင့် သမားရိုးကျ အိမ်ထောင်စုအဖြစ် နေထိုင်သူတွေကိုသာမက၊ အဖွဲ့အစည်းများဖြစ်သည့် ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကျောင်း၊ ဘုန်းကြီးကျောင်း၊ အကျဉ်း ထောင်၊ ဘော်ဒါဆောင်၊ ဆေးရုံ၊ တပ်ရင်းတပ်ဖွဲ့စသည်တို့၌ နေထိုင်သူများ၊ အိမ်မဲ့ယာမဲ့များပါ မကျန် အားလုံးကို စာရင်းကောက်ယူမည်ဟု အဓိပ္ပါယ်ရသည်။

   ခန့်မှန်းလူဦးရေ ၅၆ သန်း။ ခန့်မှန်းအိမ်ထောင်စုပေါင်း ၁၃ သန်းခန့် ကို အခြေခံ၍ တွက်ချက် ကောက်ယူမည့်ပုံ ဖြစ်သည်။
   စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်ကို၊ စာရင်းစစ်၊ စာရင်းကောက်၊ စုစုပေါင်းအင်အား ၄၂,၀၀၀ ခန့်ဖြင့် ကောက်ယူရန် လျာထားသည်ဟု စစ်ကောင်စီက ကြေငြာထားသည်မှာ၊ မရအရ အတင်းဇွတ်တိုး လုပ်တော့မည့်သဘောပင် ဖြစ်သည်။
   သန်းခေါင်စာရင်းကောက်ယူပြီးသည်နှင့် လာမည့် ၂၀၂၅ ခုနှစ်ထဲတွင် ရွေးကောက်ပွဲ ကျင်းပသွားနိုင်ဖို့အတွက်လည်း ပြင်ဆင်နေပုံရပေသည်။
   သန်းခေါင်စာရင်းကောက်ယူသည့်အခါ၊ 'မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေဆိုရန်'နှင့်၊ 'သိလျှက်နဲ့ မှားယွင်းဖြေဆို ဖြည့်သွင်းခြင်း မပြုရ'ဟု ဥပဒေပြဋ္ဌာန်းထားသည့်အတွက် ဖြေဆိုသူအနေဖြင့် မိမိ၏ အခြေအနေကိုယ်လည်း ကြိုတင် တွက်ဆထားရန် လိုအပ်နေပေသည်။
   သန်းခေါင်စာရင်းမေးခွန်းပါ အကြောင်းအရာတချို့တို့မှာ စကစအတွက် စစ်မှုထမ်းလူငယ် အရေအတွက်၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်ကြသော စီဒီအမ်ဝန်ထမ်းများနှင့်၊ ကျောင်းသားလူ ငယ် အချက်အလက်များအပြင်၊ တော်လှန်ရေး အင်အားစုတို့၏ အချက်အလက်များ၊ ပြည်ပရောက်သူတို့၏ အချက်အလက်များ၊ စသည်ဖြင့် 'ဟင့်စ်' များစွာ ရသွားနိုင်စရာ အခြေအနေ ရှိမည်ထင်သည်။

   "×သန်းခေါင်ကို ×နေ့မှတ်ပါလို့×
    ×(အရပ်ကလေး တဲ့ မှ/ကိုတဲ့မှ အားမနာ ပါးမနာ) ၂ ×"

   ဇာတ်ပွဲများတွင် ပွဲဦးအစ နတ်ကတော် က,ရာတွင် အမြဲသီဆိုလေ့ ရှိသည့် သီချင်းဖြစ်သည်။ ညဉ့်နက်သန်းခေါင်၊ တပါးသူတို့ အိပ်စက်အနားယူ ကြရသည့်အချိန်ကိုပင် နေ့ခင်းကြောင်တောင် အမှတ်ဖြင့် မူးကြောင်ကြောင် ထင်ရာလုပ်သော အရက်သမား-နတ်အကြောင်း ဖြစ်ပါ၏။
   ယခုလည်း၊ စစ်မက်ဘေး၊ ရောဂါက ထူပြော၊ ဆေးဝါးများရရှိရန်က ခက်ခဲ၊ အစစ ကုန်ဈေးနှုန်းကြီးမြင့်ကာ ငတ်မွတ် ခေါင်းပါးသော ဘေး၊ ရေကြီးမြေပြို သဘာဝဘေး၊ စသည်တို့ကို ခါးစည်းကာ ခံနေကြရသော တိုင်းသူပြည်သား အရပ်ကရို့ကိုမှ အားမနာ။ မငဲ့ညှာ။ လှည့်မကြည့်။ မိမိတို့၏မတရားသိမ်းယူထားသော စစ်အာဏာလေး မပျက်စီးရအောင်သာ၊ ရူးကြောင်မူးကြောင်ဖြင့်၊ သန်းကောင်စာရင်းကို အာဂျင်း ကောက်ကြပေဦးမည်။
   မည်သို့ပင်ဖြစ်စေ၊ ဇွတ်ကောက်၍ မရစေအောင်၊ လိုက်ပါကူညီ ပံ့ပိုသူများကိုပါ မှတ်လောက်သားလောက်အောင် ဆုံးမပေးဖို့ အချိန်တန်ပြီ ထင်သည်။

   စကားမစပ်၊ ဤနေရာ၊ ကြားညှပ်၍ သာဓက ထုတ်ပြချင်ပါသေးသည်။
   ဘုရားလက်ထက်၊ နန္နောပနန္ဒနဂါးမင်းသည် မြင့်မိုရ်တောင်ကို ခွေရစ်ပတ်လျှက် ပြည်သူတွေကို အမှောင်ဖုံးစေကာ ညစ်ပတ်စုတ်ပဲ့ ဒုက္ခရောက်စေလေသော အချိန်တွင်၊ ဘုရား၏နောက်ပါ တန်ခိုးကြီးရဟန်းတို့မှာ သူနှိမ်နင်းမည် ငါနှိမ်နင်းမည်၊ သူ့ထက်ငါ လျှောက်ထားကြစေကာမူ၊ ဘုရားရှင်က ခွင့်ပြုတော် မမူ။
   မသကာ ထိုနဂါးက၊ 'ကြောက်ပါပြီဗျ' တစ်ခွန်းတစ်ပါဒ အော်ရုံမျှနှင့် အသနားဖက်ကာ အလျော့ပြန်ပေး၊ ထိုနဂါးအဖို့ ဆက်လက်၍ ဆိုးသွမ်းနေဦးမည့် ဘေး၊ ထပ်ချည်းတလဲလဲ နှိမ်နင်းနေရမည့် အရေးကို ဘုရာရှင် မြင်တော်မူ၍ ဖြစ်သည်။

   ရှင်မဟာ မောဂ္ဂလာန်။
   သူသည်ကား မဲမဲ ကြမ်းကြမ်း။ စိတ်ကလည်း ခပ်ထန်ထန်၊ ခပ်မှန်မှန်။ တန်ခိုးအရာမှာလည်း ဧတဒဂ်။ ဟိုးရှေး ဘဝဘဝများစွာ၊ ၌မှာကလည်း မိဘကိုပင် အညှာအတာ မပေး။ ကြိုးကြာဥ-သံပုရာသီးလေး အကြောင်းပြု၍ မိဘ၂ ပါးကို တောနက်ထဲ ခေါ်ကာ အရိုးတွေ စိစိညက်ညက်ကြေသည်အထိ ရိုက်သတ်ခဲ့ဖူးသူ။
   အထူးထူး ဉာဏ်များ ထိုနဂါး။ ကြောက်ပါပြီပြောလည်း အခွေကြီးကြီးဖန်ဆင်း၍ ဆက်ညှစ်။ နောက်တခါထပ်ပြောလည်း သည့်ထက်အခွေကြီးကြီး ဖန်ဆင်း၍ ဆက်ညှစ်။ ညစ်ပတ်လှသည့် နဂါး၊ မာန်စွယ်များကျလေမှ ဘုရားထံခေါ်လာ။ 'အောင်ခြင်း ၈-ပါးထဲမှာ၊ အပြတ်အသတ်နိုင်အောင် 'ရန်-ငါပြတ်တာ' ဤတစ်ပါး။ သက်သေအရာ ထားကြဖို့။

   တဖက်က သူ့အလုပ်သူ တစိုက်မတ်မတ်လုပ်နေသည်ဆိုတော့၊ မိမိတို့ ပြည်သူဖက်ကလည်း 'မိမိတို့မှာ မိမိတို့ပဲ ရှိသည်' ဟူသော စလိုဂန်နှင့်အညီ တော်လှန်ရေးအရှိန်အဟုန်ကို မလျော့ပဲ တစိုက်မတ်မတ် တော်လှန်ကြရုံသာ ရှိတော့သည်ပ လေ။
   သန်းကောင်စာရင်း၊ ကောက်ချင်ကောက် မကောက်ချင်နေ။ တို့တတွေ၏ ရွေးချယ်မှူသည်ကား၊ စစ်အာဏာရှင်မျိုးဆက် လက်စ,တုံး၊ မျိုးပြတ်သည်အထိ ချေမှူန်းဖျက်ဆီးပစ်ရန်သာ။


နွေဦးတော်လှန်ရေးသူရဲကောင်းအပေါင်း၊
သုခိတာ ဟောထ၊
ချမ်းသာ ကြပါစေ။
မောင်ဘဦး (၈၆၊ကျွတ်ဆန်း ၄)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar