Breaking News

ဒေါက်တာဇော်မြင့်မောင် ၇၃ နှစ်၊ မြန်မာပြည်သူတွေအတွက် မဆုံးနိုင်တဲ့ ဆုံးရှုံးမှုတွေ

⁨⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၆ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨


ဒေါက်တာဇော်မြင့်မောင် ၇၃ နှစ်၊ မြန်မာပြည်သူတွေအတွက် မဆုံးနိုင်တဲ့ ဆုံးရှုံးမှုတွေ 

၂၀၂၁  ဖေဖော်ဝါရီ မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင်များ အစိုးရအဖွဲ့ဝင်များကို ဖမ်းချုပ် အကျဉ်းချခဲ့ပါတယ်။ အဲသည်ထဲမှာ NLD ခေါင်းဆောင်များ ပါတီဝင်များစွာ စစ်တပ်၏ အကျဉ်းထောင်အတွင်း၊ ထောက်လှမ်းရေးစခန်းများမှာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအောက်မှာ ကျဆုံးခဲ့ကြရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များအနက် ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ စာရေးဆရာ မုံရွာအောင်ရှင်တို့ ကျဆုံးခဲ့ကြပြီး ဖြစ်ပါတယ်။ ယခု ဒီနေ့မှာတော့ NLD ပါတီ၏ ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်တွင်းမှာ ကောင်းစွာ ဆေးကုသခွင့်မရရှိဘဲ ရောဂါဝေဒနာများ ဆိုးဝါးစွာ ခံစားရပြီး ကျဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ 

သတင်းများကတော့ ကျဆုံးရခြင်း မျက်မှောက်ဖြစ်စဉ်ကို အခုလို မှတ်တမ်းပြုထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၃ နာရီမှာ ကွယ်လွန်သွားပြီလို့ သိရှိရပါတယ်။ စစ်ကောင်စီက ‌မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေသူဖြစ်လည်းဖြစ်ပါတယ်။ ‌ဒေါက်တာဇော်မြင့်မောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျန်းမာရေး အ‌ ခြေ အနေ ဆိုးရွားလာတာကြောင့် ဒေါက်ဝာာဇော်မြင့်မောင်ကို မန္တလ အိုးဘိုထောင်ကနေဆေးရုံကြီး အထူးကြပ်မတ်ဆောင် (ICU) ကို ပြောင်းရွှေ့ထားရတာဖြစ်တယ်လို့သိရပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့‌မှာတော့ စစ်ကောင်စီတပ်ဟာ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက် ဆိုတဲ့ စာကို ဆေးရုံမှာ လာဖတ်သွားတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် အောက်တိုဘာလ ၇ မနက်အစောပိုင်း ၃နာရီ မှာ မန္တလေးဆေးရုံအထူးကြပ်မတ်ဆောင်မှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းမှာကတည်းက ဖမ်းဆီးခံခဲ့ရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှု၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲမသမာမှု၊ ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးမှု စတဲ့ မတရားတဲ့ စွဲချက်တွေနဲ့ စစ်ကောင်စီက ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခဲ့ပါတယ်။

ဆရာ၏ ဘ၀အကျဉ်းကို သတင်းဌာနများက အခုလို ဖော်ပြကြတာ ဖတ်ရှုရပါတယ်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှနေ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြုအမတ်အဖြစ် ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသော်လည်း ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးကာ ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ပါသည်။ ၂၀၁၂ ခုနှစ်  ကြားဖြတ် ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၂၀၁၅ နဲ့ ၂၀၂၀  အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါသည်။ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်က မတရားအာဏာလုယူရန် စတင်ကြိုးစားခဲ့သည့်နေ့တွင် မိသားစုနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အကြမ်းဖက်စစ်တပ်က မတရားပုဒ်မ အမျိုးမျိုးတပ်ကာ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့ပြီး ကွယ်လွန်ချိန်အထိ မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။

ဆရာမကွယ်လွန်မီ ရက်ပိုင်းအတွင်းမှာ စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးတယ်လို့ ဆိုပေမယ့် စစ်တပ်၏ မတရားဖမ်းဆီးနှိပ်စက်မှုကြောင့် ကျဆုံးသွားရခြင်း ဖြစ်တယ်ဆိုတာကိုတော့ ဖုံးကွယ်လို့မရတဲ့ အကျည်းတန် သမိုင်းမှတ်တမ်း ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမမျိုးဆက်ခေါင်းဆောင်များဖြစ် သည့် စာရေးဆရာ မောင်သော်က၊ ခရမ်း ဦးစိန်ဝင်း၊ ဦးတင်မောင်ဝင်း၊ ရှေ့နေ ဦးတင်ရွှေတို့ ထောင်တွင်း ဆေးကုသမှု ကောင်းစွာ ခံယူခွင့်မရ၍ ကွယ်လွန်ခဲ့ရတဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

ဆရာက ၈၈ အရေးတော်ပုံနောက်ပိုင်း အင်န်အယ်ဒီပါတီ ထူထောင်ကတည်းက တစိုက်မတ်မတ် ရပ်တည် တိုက်ပွဲဝင်ခဲ့သူ  ဖြစ်တယ်ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ပထမထောင်သက်တမ်း ၁၉ နှစ် ကျပြီး ဆရာဦးဝင်းတင်တို့နဲ့ မရှေးမနှောင်း ထောင်က လွတ်လာတော့ ပါတီနီုင်ငံရေးမှာပဲ ဆက်လက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

 (နအဖ)က ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတ်ပုံတင်ရေး မတင်ရေးနှင့် ပတ်သက်၍ ဦးဝင်းတင်၊ ဦးဉာဏ် ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်တို့ ဦးဆောင်သည့် ရွှေဂုံတိုင်ကြေညာစာတမ်း ဆက်လက် ကိုင်စွဲလိုသူများနှင့် ရွေး ကောက်ပွဲ ဝင်လိုသည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွှန့်၊ ဦးစိန်လှဦးတို့ကြား အယူအဆ ကွဲလွဲမှုတွင် ဦးဝင်းတင်တို့နှင့်အတူ ရပ်တည်ခဲ့သူ ဖြစ်ါပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းမှ ဒေါက်တာ ဇော်မြင့်မောင်သည် ဦးသိန်းတန်အပါအဝင် တခြားသော ပါတီဝင် များနှင့်အတူ NLD ပါတီဘက်မှ ခိုင်မာစွာ ရပ်တည်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက်  ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲတွင်မူ NLD ပါတီသဘောထားအတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။  ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖြစ်ခဲ့ပါတယ်။ 

NLD ပါတီ၏ ခေါင်းဆောင်များ၏ ထိပ်သီးစာရင်း သို့မဟုတ် CEC အဖွဲ့ဝင်တွေကို တန်းစီရေးမယ်ဆိုရင် - ဒေါက်တာဇော်မြင့်မောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ပြီးနောက် အမှတ်စဉ် ၃ ဖြစ်ပါတယ်။ အဲသည်နောက် အမှတ်စဉ် ၄ ဦးဉာဏ်ဝင်း (ကွယ်လွန်) ဖြစ်ပါတယ်။ အဲသည်ထဲက CEC အထက်က သဘာပတီအဖွဲ့ဝင် ဦးဝင်းထိန်ကိုလည်း စစ်တပ်က ဖမ်းဆီးထောင်ချထားဆဲဖြစ်ပါတယ်။

 ၂၀၂၁ စစ်တပ်အာဏာမသိမ်းမီက NLD ပါတီ၏ CEC စာရင်းမှာ ပါရှိသူတွေကို ဖော်ပြရမယ်ဆိုရင် - ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေဝင်းမြင့်၊ နန်းခင်ထွေးမြင့်၊ ဒေါက်တာအောင်မိုးညို၊  ဒေါ်ခင်ဌေးကြွယ်၊ ဒေါက်တာမျိုးအောင်၊  ဦးညီပု၊  ဦးအောင်ကြည်ညွန့်၊  ဦးသိန်းဦး၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမျိုးညွန့်၊  ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာမြင့်နိုင်၊   ဦးအင်ထုံးခါးနော်ဆမ်၊  ဦးတင်ထွဋ်ဦး၊ ဦးအောင်စိုး (၂၀၁၉ တွင် နှုတ်ထွက်ဟု မှတ်တမ်းရှိ) တို့ဖြစ်ကြပြီး အဲသည် CEC တွေထဲမှာ - အကျဉ်းထောင်ထဲ ရောက်နေသူတွေ၊ စစ်တပ်ကို မလွန်ဆန်နိုင်သူတွေ၊ ပြည်ပကို ထွက်ခွာသွားသူတွေ၊ တိမ်းရှောင်နေသူတွေ စသည်ဖြင့် အမျိုးအစားတွေ ကွဲပြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် NLD ပါတီ၏ ရပ်တည်ချက်များ လှုပ်ရှားမှုများ မြန်မာပြည်တွင်းမှာ အကန့်အသတ်ရှိနေချိန် နယ်စပ်ဒေသနဲ့ ပြည်ပအခြေစိုက်ပြီး ထူထောင်ထားတဲ့ NLD - CWC အဖွဲ့ဝင်များထဲမှာ NLD CEC တွေထဲက  ဒေါ်မေဝင်းမြင့် ၊ ဦးတင်ထွဋ်ဦးနှင့် ဦးအောင်ကြည်ညွန့်တို့က ဆက်လက်လှုပ်ရှားနေတယ်လို့ ဆိုနိုင်ပါတယ်။ 

ဆရာ ကွယ်လွန်ခြင်းအတွက် ပါတီဝင်နဲ့ ပြည်သူအမြောက်အများက ဝမ်းနည်းခြင်း မှတ်တမ်းတွေ အမှတ်တရစကားတွေ ထုတ်ပြန်ကြပါတယ်။ အဲသည်ထဲမှာ နွေဦးတော်လှန်ရေးအတွင်း လက်ရှိ ထင်ရှားသူ ခေါင်းဆောင်အချို့၏ ရေးသားချက်တွေကို သည်မှာ မှတ်တမ်းတင် ဖော်ပြလိုက်ပါတယ်။

ဒေါက်တာတေဇာဆန်းကတော့ သည်လို ဆိုထားပါတယ်။ 

ဆရာဇော်နဲ့ပတ်သတ်ရင် ဘဘ ဦးဝင်းတင်က "ဘာလဲဟဲ့ လူ့ငရဲ" ထဲမှာ ဆရာ့အကြောင်း ထည့်ရေးထားတာလေးတခုကိုလည်း အမြဲသတိရမိ။ မအေနဲ့အတူ ထောင်ဝင်စာ လာတွေ့ရင်း ပါလာပြီး အကျဉ်းကျ ဖအေကို မမှတ်မိတဲ့ လူမမယ် ဆရာ့သမီးငယ်နဲဲ့ ဆရာတို့ ဆုံတဲ့အဖြစ်အပျက်။ အဲ့ဒီစာကို ဖတ်ရင်း မျက်ရည်စို့ခဲ့ရဖူးတာလည်း အခါခါ။ တိုက်ဆိုင်တာက အဲ့ဒီက ဆရာ့သမီးလေးက အချိန်တန် အရွယ်ရောက်လာတော့ ဆေး-မန်းမှာ ကျနော်တို့တွေ အတန်းအတူတူ။ ဆေး-မန်း အပတ်စဉ် (၂၀၀၅ Intake)။

ဆရာ့ကို ကျနော် အပြင်မှာ လူချင်းစဆုံဖူးတာက ၂၀၀၉ ခု၊ ဆရာ ထောင်က လွတ်ပြီး လပိုင်းလောက်က ဖြစ်မယ် ထင်ပါတယ်။ အဲ့ဒီတုန်းက တက္ကသိုလ် စတုတ္ထနှစ် ကျောင်းသား၊ တိုင်းပြည်အရေး၊ နိုင်ငံရေးကို အလွန်စိတ်ဝင်စားနေပြီဖြစ်တဲ့ ကျနော့်အတွက် ဆရာက အာဏာရှင်ကို "ငုံ့မခံဘဲ တုံ့ပြန်" တဲ့ လေးစားအပ်တဲ့ ပုဂ္ဂိုလ်ကြီးတဦးပါပဲ။ လို့ ရေးသားထားပါတယ်။ 

လက်ရှိ NUG နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားတဲ့ NLD ပါတီဝင်တဦးလည်း ဖြစ်တဲ့ ဒေါ်ဇင်မာအောင်ကတော့— 

ကျမတို့ တာဝန်မကျေသေးဘူး ဆိုတဲ့အသိနဲ့ တောင်းပန်ပါရစေ ဆရာ လို့ ရေးသားထားပါတယ်။  နောက်ဆုံးအချိန်အထိ ယုံကြည်ရာ ရဲဝံ့စွာ - ရပ်တည်ပြခဲ့တဲ့ နိုင်ငံရေးသမားတယောက် ၊ ခေါင်းဆောင်တစ်ယောက်ကိုတော့ ဆုံးရှုံးရတယ်လို့ လက်မခံချင်သေးဘူး ဆရာ ၊  အနက်ရောင် ပရိုဖိုင်း မပြောင်းချင်တော့ဘူး ။  “မန္တလေး ရောက်ရင်” မတွေ့ ရတော့ဘူး ။ သို့သော် - ဆရာ့လက်ထက်က တောက်ပခဲ့တဲ့ မန္တလေးကိုတော့ မေ့ကြလိမ့်မယ် မထင်ဘူး။  နောက်ဆုံးအချိန်အထိ မတရားမှုကို မထေ့ပြုံးနဲ့ အန်တုသွားခဲ့မယ်ဆိုတာ အသေအချာ ယုံတယ် ဆရာလို့လည်း ဖြည့်စွက်ရေးသားသွားပါတယ်။ 

NLD လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ CRPH အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းကတော့ အခုလိုမျိုး ဆိုပါတယ်။

ဒီကာလက ဝမ်းနည်းနာကြည်းစရာအပြည့်နဲ့မို့ ခံစားချက်တွေလည်း ထုံအနေပါပြီ။  ဆရာနဲ့ အဘဦးဝင်းတင်တို့က ဒီကံဆိုးတိုင်းပြည်ကြီးကို  နောက်ဆုံးချိန်ထိ အောင်လံမလှဲပဲ  ကြိးပမ်းခဲ့ကြတာ  ကျမတို့ လေးစားအားကျနေခဲ့ရတာပါ….။  ကျမတို့ ဆရာဇော်တို့လို လူမျိုးတွေအတွက် အားကုန်ရုန်းကြပါစို့လို့လည်း တောင်းဆိုချင်ပါတယ်။  ဆရာတို့ မျှော်မှန်းတဲ့ ဒီမိုကရေစီအရေးကို ရရှိသည်အထိ ကြိုးစားဆောင်ရွက်သွားပါ့မယ်လို့ ကတိပြု ပြောကြားရင်း နောက်ဆုံးအနေနဲ့ ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ် လို့ ရေးထားပါတယ်။ 

မြန်မာပြည်၏ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ စစ်တပ်၏ ခွင့်ပြုချက်နဲ့ နိုင်ငံရေးပါတီတွေ ထူထောင်ပြီးနောက် စစ်တပ် ကျင်းပပေးတဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ၏ သောင်ပြိုကမ်းပြို ထောက်ခံမှုတွေရပြီး အနိုင်ရကြတဲ့  အတိုက်အခံခေါင်းဆောင်များစွာဟာ နိုင်ငံရေးနည်းလမ်း၊ အကြမ်းမဖက်တဲ့နည်းလမ်း၊ အာဏာဖီဆန်ရေးလမ်းကြောင်းများနဲ့ စစ်တပ်နဲ့ စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်ရင်း နှစ်ရှည် ထောင်ဒဏ်များ၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုများ၊ မတရားဖိနှိပ် ကန့်သတ်ခံရမှုများစွာကို ခံစား၊ ရင်ဆိုင်၊ ပေးဆပ်၊ စတေး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ယခုလည်း အဲသည်နိုင်ငံရေးသံသရာထဲမှာ ဆရာဇော် လို့ ခေါ်ကြတဲ့ ဒေါက်တာဇော်မြင့်မောင်ကို မြန်မာပြည်သူတို့ ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင် ချမှတ်လည်ပတ်နေတဲ့ နိုင်ငံရေးအဆိုးသံသရာထဲက ဖောက်ထွက် ချေဖျက်နိုင်ကြဖို့အတွက် မြန်မာပြည်သူတွေ၏ ပိုင်းဖြတ် ခိုင်ကျဉ်မှု သန္နိဋ္ဌာန်ကိုသာ ကျနော်တို့ တောင်းဆိုလိုပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar