Breaking News

နေသွင်ညိဏ်း - အပြောင်းအလဲ စတင်ချိန်

နေသွင်ညိဏ်း - အပြောင်းအလဲ စတင်ချိန်

(မိုးမခ) အောက်တိုဘာ ၄ ၊ ၂၀၂၄


အပြောင်းအလဲစတင်ချိန် critical juncture ကို ကျနော်ကတော့ ‘သံဝေဂရချိန်’ လို့ ယူရင် မြန်မာဆန်မလားလို့ ထင်မိတယ်။  ဗုဒ္ဓဘာသာ ဇာတ်တော်တွေ၊ ဇာတကတွေထဲမှာ ဒီလို ဇာတ်လမ်းတွေ ရှိတတ်ပါတယ်။ ဘုရားအလောင်းတော်ဟာ နိမိတ်ကြီးလေးပါးကို တွေ့ပြီးနောက် သံဝေဂနဲ့ တောထွက်တယ်။ ဘုရားအဖြစ်ကို ရောက်တယ်။ ပဋာစာရီ ဆိုတဲ့ အမျိုးသမီးဟာလည်း လင်သေ၊ သားသေ၊ မိဘတွေ စီးပွားပျက်တာ ဆိုးဆိုးရွားရွားတွေ ကြုံပြီးနောက် သံဝေဂရ၊ သာသနာဘောင်မှာ ငြိမ်းချမ်းရာ ရှာတွေ့သွားတယ်။ စိတ္တဇ လူသတ်သမားကြီး အင်္ဂုလိမာလဟာလည်း မွေးမိခင်ကို သတ်ခါနီးမှာ ဘုရားနဲ့တွေ့ပြီး အရိပ်အမြွက် တရားစကားကြားရုံနဲ့ သံဝေဂရတယ်။ စစ်ပွဲတွေအများကြီးတိုက်ခဲ့တဲ့ အာသောက ဘုရင်ဟာ လူတွေ သေကျေတာကို ကြည့်ရင်း သံဝေဂရပြီး စစ်ပွဲတွေကို ကျောခိုင်းခဲ့တယ်။ ဒီလို အဖြစ်အပျက်တွေကို ပြောတဲ့အခါမှာ Critical Juncture  ဆိုတာကို သံဝေဂရချိန်လို့ ယူရင်ရနိုင်ပါတယ်။ 

ဒီလို အပြောင်းအလဲတွေဟာ တခါတလေ လူတယောက်ရဲ့ ဘဝအလှည့်အပြောင်းနဲ့ သက်ဆိုင်ပြီး တချို့ဖြစ်ရပ်တွေဟာ လူ့သမိုင်းနဲ့ သက်ဆိုင်ပါတယ်။ 

ဂျိမ်းဝပ် ဆိုတဲ့လူက ရေနွေးငွေ့ရဲ့ စွမ်းအင်ကို တွေ့ရှိခြင်း၊ စက်မှုတော်လှန်ရေး၊ ကမ္ဘာစစ်၊ ဘာလင်တံတိုင်းပြိုခြင်း၊ ဥက္ကဋ္ဌမော် ကွယ်လွန်ခြင်း၊  အာရှစီးပွားကပ်၊ ဆူနာမီ၊ ကိုဗစ် ကပ်ဘေးကြုံခြင်း စသည်ဖြင့် သမိုင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲများ စတင်ချိန် critical juncture တွေ များစွာရှိပါတယ်၊။ 

မြန်မာပြည်မှာ ပြန်ကြည့်တဲ့အခါ ပါတော်မူခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရခြင်း၊ ၈ လေးလုံးအရေးတော်ပုံ စသည်တို့ဟာလည်း စနစ်အပြောင်းအလဲတွေကို ဦးတည်စေတဲ့ အပြောင်းအလဲ စတင်ချိန်တွေပါပဲ။ ၂၀၁၀ အပြောင်းအလဲရဲ့ critical juncture က ဘာပါလဲလို့ စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေက အာဘော်ရေးကြတဲ့အခါ တချို့က ရွှေဝါရောင်တော်လှန်ရေး၊ တချို့က နာဂစ်လို့ ရေးကြတာလည်း ဖတ်ခဲ့ရတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ သံဝေဂရချိန် ဆိုပါတော့။ 

အခု ကျနော် တွေးနေတာက ဒီအပြောင်းအလဲတွေ ဖြစ်စေခဲ့တဲ့ အစတွေ မဟုတ်ပါဘူး။ အဲ့ဒီအစတွေရဲ့ အစတွေကိုပါ။ ဘယ်လိုလဲဆိုရင် အင်္ဂုလိမာလ ဆိုတဲ့ လူသတ်သမားဟာ ဘုရားဆီက အရိပ်အမြွက်စကား ကြားရုံနဲ့ပဲ သံဝေဂရခဲ့ပါတယ်။ သူ့ရဲ့ သင်ယူနိုင်စွမ်းနဲ့ ဉာဏ်ရည်ကို စိတ်ဝင်စားမိတာပါ။ တခြားပုဂ္ဂိုလ်များရဲ့ ပြောင်းလဲနိုင်စွမ်းဟာလည်း သူတို့ သင်ယူနိုင်စွမ်းနဲ့ဆိုင်ပါလိမ့်တယ်။ ဒါပေမဲ့ အသောကလို စစ်ဘုရင်ဟာ စစ်ရှုံးလို့ သံဝေဂရတာ မဟုတ်ဘဲ စစ်နိုင်လို့ သံဝေဂရတာမျိုးကတော့ အကြိမ်ကြိမ် ဦးညွှတ်ထိုက်တဲ့ဉာဏ်ရည်ပါ။ 

အဖြစ်အပျက်တွေဟာ ဒီလိုပဲ ရှိနေတာပါပဲ။  ပန်းသီး ကြွေတာကို ကမ္ဘာမြေဆွဲအားကြောင့်လို့ သိဖို့ကတော့ နယူတန်လို ဉာဏ်ရည်လိုပါတယ်။ ဆိုလိုတာကတော့ အပြောင်းအလဲဖြစ်ဖို့ ဉာဏ်ရည်လိုပါတယ်။ အစရဲ့ အစဟာ လူသားရဲ့ ဉာဏ်ရည်သာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဉာဏ်ရည်နိမ့်နေတဲ့ လူတွေကို အကြောင်းပြုလို့ ကောင်းတဲ့ အပြောင်းအလဲ ဖြစ်ဖို့ အခွင့်အလမ်း နည်းပါတယ်။ ဉာဏ်ရည်မြင့်ပေမယ့်လည်း လောဘ၊ ဒေါသ၊ မောဟ အမိုက်ကြီးစိုးလွန်းနေပြန်ရင်လည်း အမှန်တရားနဲ့ မနီးစပ်နိုင်ပါဘူး။ ထိုသူတို့အတွက် သံဝေဂရချိန် ဆိုတာ သူနဲ့ သူ့ပတ်ဝန်းကျင် အလုံးစုံပျက်သုဉ်းချိန်ရောက်ရင်တောင် မသေချာပါဘူး။ 

ဒေဝဒတ်ဟာ ဒီလိုနဲ့ မြေမျိုခြင်းအထိ ရောက်ခဲ့တယ်။ ဟစ်တလာလို အာဏာရှင်ဟာ သူ့ကိုယ်သူ သတ်သေခဲ့ပြီး ဆာဒမ်ဟူစိန်၊ အိုစမာဘင်လာဒင်၊ ကဒါဖီတို့ ကျနော်တို့ အားလုံးသိပြီးကြတဲ့အတိုင်း ဇာတ်သိမ်းခဲ့ရတဲ့ အကြောင်းဟာ သူတို့ ဉာဏ်ရည်၊ သူတို့ မောဟနဲ့ တိုက်ရိုက်အချိုးကျပါလိမ့်မယ်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar