လှကျော်ဇော - တို့တတွေ ဆက်ချီတက်မယ်
လှကျော်ဇော - တို့တတွေ ဆက်ချီတက်မယ်
(မိုးမခ) အောက်တိုဘာ ၁၁ ၊ ၂၀၂၄
--- လီရှန်--လီရှန်-- ကြားလား-ကြားလား----
-- ကျန်တဲ့ရဲဘော်တွေ စုစည်းပြီး၊ ပြန်လာတော့--
-- မင်းတို့ တာဝန်ကျေသွားပြီ--
-- ရေကာတာ ဖောက်ချလိုက်ပြီ၊ ရန်သူတွေ အကုန်ရေနစ်ကုန်ပြီ---
စစ်ဆင်ရေးမှူးက ကြေးနန်းစက် ကိုင်ပြောနေတာ။ တကိုယ်လုံး သွေးတွေဒဏ်ရာတွေနဲ့ ရဲဘော်က ကြေးနန်းစက်ကိုင်ထားပြီး—
--- စစ်ဆင်ရေးမှူး---
--- ကျွန်တော် လီရှန်ပါ---
-- ကျွန်တော်တို့ ပြန်မလာနိုင်တော့ဘူး--
-- တပ်ရင်းတရင်းလုံး ကုန်ပြီ---
--- ခင်ဗျားတို့ပဲ ဆက်ချီတက်ကြပါ----
ဒါတွေကတော့ ဒီနှစ် ၂၀၂၄ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်တဲ့ (၇၅) နှစ်မြောက်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ (ကိုးရီးယားစစ်ပွဲ-၁၉၅၀-၅၃တွင်းက) တရုတ်ဗော်လံတီယာတပ်ရဲ့ တိုက်ပွဲစဉ်များထဲက တိုက်ပွဲကားထဲက ဇာတ်ဝင်ခန်းတခန်းပါ။ ဒီကားဟာ ရုံတင်ပြသတဲ့နေ့ (၁-၁၀-၂၀၂၄) ကစလို့ ဝင်ငွေစံချိန်ကျိုးရနေပြီး၊ အပေါ်မှာ ဖော်ပြထားတဲ့ ဇာတ်ဝင်ခန်းလိုမျိုးတွေ (ဗွီဒီယိုခွေအစအနလေးတွေ)နဲ့ မှတ်ချက်အများအပြားတွေလဲ သတင်းမီဒီယာတွေမှာ ပျံ့နေတာပါ။
သူတို့တတွေ အသက်တွေ၊ သွေးတွေနဲ့ရင်းပြီး တို့တတွေ အခုရရှိထားတဲ့ ငြိမ်းချမ်းတည်ငြိမ်ချမ်းသာတဲ့ဘဝတွေကို တည်ဆောက်ပေးသွားတာ။
တို့တတွေကလဲ သူတို့လိုပဲ အသက်နဲ့ရင်းပြီး နောင်အနာဂတ်တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်သွားကြမယ်' ဆိုတဲ့ မှတ်ချက်နဲ့ သန္နိဋ္ဌာန်များပါ။
ဒါ့အပြင် အထက်ပါဗွီဒီယိုအခွေ အဆုံးသတ်လေးမှာ—
- ခင်ဗျားတို့ပဲ ဆက်ချီတက်ကြပါ-
ဆိုတဲ့ အခန်းအရောက်မှာတော့ ရုပ်ရှင်ရုံထဲ ရောက်နေတဲ့ ပရိသတ်ကြီးက မတ်တတ်ရပ်လိုက်ပြီး
- တို့တတွေ ဆက်ချီတက်မယ် -
သုံးကြိမ် သုံးခါ ဆိုပြီး လက်သီးလက်မောင်းတန်း ကြွေးကြော်လိုက်ကြတာ ကြက်သီးထစရာပါပဲ။
အဲဒီကားအစအနလေးတွေ ကြည့်ပြီး မျက်ရည်မဆည်နိုင်ဖြစ်နေတဲ့ ကာလမှာပဲ ၆-၁၀-၂၀၂၄-ည ပိုင်းမှာ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေလို့ အသက်ကယ်အခန်းထဲ ရောက်ပြီးသတိလစ်နေတဲ့ ဒေါက်တာဇော်မြင့်မောင်ကို စကစက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သတင်းတက်လာပါတယ်။
၇-၁၀-၂၀၂၄ မနက်အစောမှာတော့ ကွယ်လွန်သွားပြီ ဆိုတဲ့ သတင်း။
၈-၁၀-၂၀၂၄ ဈာပန ကျင်းပတဲ့ လမ်းတလျှောက် ပြည်သူတွေ သောင်းနဲ့ချီ လိုက်ပါပို့ဆောင်တဲ့ သတင်းများ ဆက်တိုက်တက်လာနေပါတယ်.။
ကျွန်မတို့ ဗမာပြည်သူများလဲ 'တို့တတွေ ဆက်ချီတက်မယ်'လို့ ကြွေးကြော်ရမှာပါ။
တကယ်တော့ ဒေါက်တာဇော်မြင့်မောင်တို့ မိသားစုရဲ့ပုံရိပ်ဟာ စစ်အာဏာရှင်အောက်က ထကြွရုန်းကန်တိုက်ပွဲဝင်နေတဲ့ ဓမ္မဘက်သားများရဲ့ တနည်း တော်လှန်ရေးသမားများ၊ နိုင်ငံရေးအကျဉ်းသားများနဲ့ သူတို့မိသားစုများရဲ့ ပုံရိပ်ပါပဲ။ တနိုင်ငံလုံးက အဖိနှိပ်ခံ၊ အနှိပ်စက်ခံ ပြည်သူများကို ကိုယ်စားပြုတဲ့ ပုံရိပ်တွေပါပဲ။
ဗမာပြည်ကြီး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပြီးရင်တော့ ဒေါက်တာဇော်မြင့်မောင်တို့မိသားစုအကြောင်း ရုပ်ရှင်ရိုက်ပြီး ဘယ်လိုလူတွေ ဘယ်လို စွန့်လွှတ်ခဲ့တယ်။ ဒါကြောင့် ဒီလူတွေရဲ့ ကျေးဇူးကို မမေ့သင့်ဘူး ဆိုပြီးနှောင်းလူတွေကို ပညာပေးရမယ်။
ဒီနေရာမှာ စပ်မိလာလို့ သတိရတဲ့ အကြောင်းအရာလေးတခု ပြောပြချင်ပါသေးတယ်။
ဒေါက်တာဇော်မြင့်မောင် အစောပိုင်း (၁၉၉၀)ခုနှစ်များအတွင်း (နအဖခေတ်) ထောင်ကျနေတုန်းက သူ့ဇနီး ဒေါက်တာယုယုမေ နဲ့ ဒီ-ဗွီ-ဘီသတင်းဌာန မေးမြန်းခန်းတွေ လာတတ်ပါတယ်။ ဒေါ်ယုယုမေ ပြောတာတွေကို ဖေဖေက သိပ်သဘောကျတာ။ ဒီလိုလဲ ပြောတတ်ပါတယ်။
"ဒီကောင်တွေ (နအဖ ဗိုလ်ချုပ်တွေ)တော့ ကျေးဇူးတင်ရတော့မှာပဲ။ သူတို့ကြောင့် ဗမာပြည်သူတွေ နိုင်ငံရေးသမားတွေ ဖြစ်ကုန်ပြီ။ ကြည့်စမ်းပါဦး။ ဒီဆရာ၀န်မလေးက ပြောသွားတာများ၊ တကယ့်နိုင်ငံရေးသမားကြီးကျနေတာပဲ"တဲ့။
ကဲ- ကျန်ရစ်သူမိသားစုများကို ပြောလိုက်ပါရစေ။
ကျွန်မတို့တတွေ ဆက်ချီတက်ကြမယ်။
လှကျော်ဇော
၁၀-၁၀-၂၀၂၄။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar