သီအိုဇော် - (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ Credentials Committee အကြောင်း ( ၂- နိဂုံး)
သီအိုဇော် - (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ Credentials Committee အကြောင်း ( ၂- နိဂုံး)
မိုးမခ ၊ စက်တင်ဘာ ၁၂ ၊ ၂၀၂၆
အာဏာသိမ်းပြီးနောက်ပိုင်း ၇၆ ကြိမ်ကနေ အခု ၈၁ ကြိမ်မြောက် ညီလာခံအထိ နှစ်စဉ် ရွေးချယ်ခဲ့တဲ့ အလှည့်ကျ ၆ နိုင်ငံစာရင်းထဲမှာ ‘ဘဟားမား’နိုင်ငံကပဲ ၇၆ ကြိမ်နဲ့ ၈၁ ကြိမ်အတွက် ၂ ခါ ပြန်ပါဖူးပါတယ်။ ဒါ့ကြောင့် ဒီနှစ်အတွက် ကျန်တဲ့အလှည့်ကျ ၅ နိုင်ငံကတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားပြုနေရာအတွက် ရွေးချယ် စိစစ်ရေးလုပ်ငန်းစဉ်ကို ပထမဦးဆုံး ကြုံတွေ့ရတာလို့ ပြောနိုင်ပါတယ်။
Credentials Committee တွေကို ဦးဆောင်ဖို့ ကော်မတီသဘာပတိ (Chair of the Committee) တဦး အဖွဲ့တွင်း ရွေးချယ်မှာ ဖြစ်ပြီး၊ အဲဒီနေရာကလည်း အရေးကြီးတယ်လို့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့်ကတော့ ကော်မတီတွင်း ပထမဆုံးအကြိမ် အစည်းအဝေး ပြုလုပ်တဲ့အခါ ဘယ်အဖွဲ့ဝင်နိုင်ငံက ခန့်အပ်ခံရတယ်ဆိုတာ သိကြရပါတယ်။
ပြီးခဲ့တဲ့ အထွေထွေညီလာခံသက်တမ်း ၁၀ ခုရဲ့ ကော်မတီသဘာပတိ ခန့်အပ်ခံရသူတွေကို ပြန်လေ့လာကြည့်ရင် အလှည့်ကျအဖွဲ့ဝင်တွေထဲကသာ ရွေးချယ်လေ့ရှိတာကို သတိပြုမိပါတယ်။ အမြဲတမ်းအဖွဲ့ဝင် ၃နိုင်ငံဖြစ်တဲ့ အမေရိကန်၊တရုတ်၊ရုရှားတို့ ဒီရာထူးကို ယူလေ့မရှိပါဘူး။ ကိုယ်စားလှယ် စိစစ်ရွေးချယ်ရေး လုပ်ငန်းစဉ်ကို ဦး ဆောင် ဆွေးနွေးခွင့်ရှိတဲ့ တာဝန်ကိုယူရတဲ့ ဒီနေရာဟာ အလွန်အရေးပါပါတယ်။ ဒါ့ကြောင့် ဒီနှစ်အတွက် ဘယ်နိုင်ငံ ခန့်အပ်ခံရမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
ပြီးခဲ့တဲ့ ညီလာခံ ၁၀ နှစ်စာအတွက် အနီးဆုံးမနှစ်ကစပြီး နောက်ပြန်ရေတွက်ကြည့်ရရင် ‘အာဖရိက၊ ကာရစ်ဘီယံ၊ အာရှ-ပစိဖိတ်ကျွန်းစု၊လက်တင်မေရိက/ကာရစ်ဘီယံ၊ ဥရောပ၊ အာဖရိက၊ ကာရစ်ဘီယံ၊ အာရှ-ပစိဖိတ်ကျွန်းစု၊ ဥရောပ၊ အာဖရိက’လို့ တွေ့နိုင်ပါတယ်။ လောလောလတ်လတ် အာဖရိကနိုင်ငံက တာဝန်ယူခဲ့တော့ ကျန်တဲ့အုပ်စုတွေရဲ့ အလှည့် ဖြစ်လာနိုင်တယ်လို့ မှန်းဆမိပါတယ်။
တကယ်လို့သာ တာဝန်မယူရတာ အတော်လေးကြာနေပြီဖြစ်တဲ့ ဥရောပနိုင်ငံကသာ ရွေးချယ်ခံရရင်တော့ အာဏာသိမ်းစစ်အုပ်စုအပေါ် ပြတ်သားတဲ့ သဘောထားရှိတဲ့ အီးယူထဲက ‘ဘယ်လ်ဂျီယံ’ ဖြစ်လာနိုင်ပါတယ်။ တချို့ညီလာခံတွေမှာတော့ နှစ်သိပ်မခြားဘဲ ပြန်အရွေးခံရတာတွေရှိတဲ့အတွက် ကျိန်းသေခန့်မှန်းပြောဖို့က ခက်ပါတယ်။ အထူးသဖြင့် Credentials Committee မှာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်လေးတွေကို ဦးစားပေးတတ်တာကိုလည်း ထည့်စဉ်းစားရပါလိမ့်မယ်။ ညီလာခံ ၁၀ ကြိမ် ရွေးချယ်ထားခဲ့တဲ့ ပုံစံအရ ပြောနိုင်တာတော့ ကျောချင်းကပ် ၂ နှစ် ဆက်တိုက်အတွက် ဒေသအုပ်စုတခုတည်းကို ခန့်အပ်လေ့မရှိဘူး ဆိုတာကိုပါ။
ဒီ Credentials Committee အဖွဲ့ဝင်တွေဟာ ကုလသမဂ္ဂဥပဒေအကြံပေးအဖွဲ့- The Office of the Legal Counsel(OLC) ရဲ့ အကြံပေးပြုစုထားချက်တွေကို လေ့လာသုံးသပ်ပြီး ကိုယ်စားလှယ် စိစစ်ရွေးချယ်မှုကို ဆွေးနွေးဆုံးဖြတ်ကြပါလိမ့်မယ်။ တဆက်တည်း သတိချပ်ရမှာက သက်ဆိုင်ရာ အစိုးရများရဲ့ သဘောထားကို ထင်ဟပ်တဲ့ ဆွေးနွေးမှု၊ မဲပေးမှုတွေ ပြုလုပ်လာနိုင်တယ် ဆိုတာကိုပါ။
နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အင်စတီကျူးရှင်းတွေဟာ နိုင်ငံအသီးသီးကို နိုင်ငံသားလွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာတန်ဖိုးထားမှု၊ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး လွတ်လပ်မှု၊ သတင်းလွတ်လပ်မှု၊ ဒီမိုကရေစီကျင့်သုံးမှု အစရှိတာတွေအပေါ် မူတည်ပြီး ဆန်းစစ်လေ့လာကြပါတယ်။ အမှတ်တွေ ပေးကြပါတယ်။ အဲဒီအချက်အလက်တွေကတဆင့် အုပ်ချုပ်သူအစိုးရဟာ ဘယ်လိုဘယ်ပုံဆိုတာကို ခန့်မှန်းကြည့်လို့ ရပါတယ်။ အဲဒါကြောင့် အခုနှစ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေမှာ ဘယ်လိုအနေထား ရှိသလဲဆိုတာကို အကြမ်းဖျင်း လေ့လာကြည့်ရအောင်ပါ။
ဒီအဖွဲ့အစည်းတွေရဲ့ သုံးသပ်သုတေသနပြုပုံတွေဟာ တဖွဲ့နဲ့တဖွဲ့ ချဉ်းကပ်တဲ့ နည်းနာတွေ တထပ်တည်းမကျ၊ လေ့လာတဲ့ အကြောင်းအရာတွေ ကွဲပြားနိုင်သလို သုတေ သနပြုတဲ့ နိုင်ငံအရေအတွက်တွေ မတူညီတာကိုလည်း သတိထားမိပါတယ်။ ဒါ့ကြောင့် ‘အီးယူ’ ရဲ့ EU Commission ကိုယ်တိုင်က ရည်ညွှန်းဖော်ပြပြီး၊ အခုနှစ် Credentials Committeeက နိုင်ငံတိုင်း ပါဝင်တဲ့ Freedom House- Freedom in the World အစီရင်ခံစာကိုပဲ ရွေးချယ်ထားပါတယ်။
Freedom House အဖွဲ့ဟာ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး လွတ်လပ်မှု ဘယ်လောက်ရှိသလဲ ဆိုပြီး အမှတ်ပေးဆန်းစစ်မှုကို နှစ်ပေါင်း ၅၀ ကျော် ပြုလုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ဦးဆောင်ပုံဖော်ခဲ့သူတဦးအဖြစ် အသိအမှတ်ပြုခံရသူ သမ္မတကတော် ‘အဲလနော ရို့စဗဲလ်’ (Eleanor Roosevelt) လည်း Freedom Houseရဲ့ ဂုဏ်ထူးဆောင်ပူးတွဲဥက္ကဋ္ဌ လုပ်ခဲ့ဖူးပါတယ်။
၂၀၂၅ ခုနှစ်အတွက် စုစုပေါင်း ၁၉၅နိုင်ငံ အစီရင်ခံစာထဲက Credentials Committee နိုင်ငံတွေ ရရှိခဲ့တဲ့ သတ်မှတ်အဆင့်၊ ရရှိအမှတ် (အမြင့်ဆုံး ၁၀၀)ကို ဇယားပြုလုပ်ထားပါတယ်။ လေ့လာထားတဲ့ ကဏ္ဍတခုချင်းစီကို မဟုတ်ဘဲ၊ နောက်ဆုံး အနှစ်ချုပ်ရလဒ်ကိုပဲ အကျဉ်းချုပ်ပြီး ဖော်ပြလိုက်ပါတယ်။ နှိုင်းယှဉ်ကြည့်လို့ရအောင် မြန်မာနိုင်ငံကိုလည်း ထည့်ပေးထားပါတယ်။
သုတေသနစစ်တမ်းတွေမှာ အကန့်အသတ်တွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ လျှပ်တပြက် ကြည့်ရုံနဲ့ အဲဒီနိုင်ငံတွေမှာ လွတ်လပ်မှုနဲ့ အခွင့်အရေးရရှိမှု အခြေအနေကို သိမြင်နိုင်ပြီး၊ ဘယ်လိုအစိုးရတွေ ဦးဆောင်နေတယ်၊ ဘယ်လို ပေါ်လစီတွေ ကျင့်သုံးနိုင်ပြီး၊ ဘယ်လို မိတ်ဖက်နိုင်ငံတွေ ရှိနိုင်တယ်ဆိုတာ အကြမ်းအားဖြင့် မြင်သွားနိုင်ပါတယ်။
ဒီအစီရင်ခံစာရဲ့ တွေ့ရှိချက်တွေအရဆိုရင် အလှည့်ကျ အဖွဲ့ဝင် ၆ နိုင်ငံထဲမှာ အာဖရိကနိုင်ငံတွေဖြစ်တဲ့ ‘ဘီနင်နဲ့ ယူဂန်ဒါ’ဟာ အမှတ်အနည်းဆုံး၊ သတ်မှတ်အဆင့် အနိမ့်ဆုံးလို့ ပြောနိုင်ပါတယ်။ အဖွဲ့ဝင် အလှည့်ကျ ၆ နိုင်ငံအနက် ‘ဘီနင်နဲ့ ယူဂန်ဒါ’နိုင်ငံတွေမှာပဲ အာဏာသိမ်းစစ်အစိုးရတွေ အုပ်ချုပ်ခဲ့ဖူးပါတယ်။ ကျန် ၄ နိုင်ငံမှာ အာဏာသိမ်း စစ်အစိုးရ မရှိခဲ့ဖူးပါဘူး။
‘ဘီနင်’မှာ ဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတောင် မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။ မျက်မှောက်ကာလမှာ ‘ယူဂန်ဒါ’နိုင်ငံက ရွေးကောက်ပွဲစနစ်နဲ့ သွားတဲ့ အစိုးရစနစ်ပါ။ ဒါပေမဲ့ သမ္မတ ‘ယူဝယ်ရီ မူဆဲဗင်းနီ’ (Yoweri Museveni) က ၁၉၈၆ ခုနှစ် က စပြီး အခုအချိန်ထိ နှစ်ပေါင်း ၄၀ ကြာ သမ္မတရာထူးယူထားသူတဦး ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားတဲ့ နိုင်ငံပေါင်း ၁၂၇ နိုင်ငံ ရှိပါတယ်။ ဒီနှစ် Credentials Committee ထဲမှာပါတဲ့ ‘ဘဟားမား’နဲ့ ‘ယူဂန်ဒါ’တို့က လက်ရှိအချိန်အထိ သံတမန်အဆက်အသွယ် မထားရှိရသေးပါဘူး။ ‘ယူဂန်ဒါ’နဲ့ သံတမန်ဆက်ဆံရေး ပြုလုပ်ဖို့ နှစ်နိုင်ငံ ကြိုးစားနေကြတယ်လို့လည်း ကြားသိထားရပါတယ်။
Credentials Committee ရလဒ် ဘယ်လို ထွက်လာနိုင်သလဲ
ဒီတကြိမ်မှာ အာဆီယံ ဒေသနဲ့ တောင်အာရှ အပါအဝင် မြန်မာ့နိုင်ငံရေးနဲ့ရော ပထဝီဝင်အနေအထားနဲ့ပါ ဆက်စပ်တဲ့ နိုင်ငံတွေက အလှည့်ကျအဖွဲ့ဝင်အဖြစ် ပါမလာကြပါဘူး။ တကယ်တော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာအတွက် တရုတ်နဲ့ ရုရှားတို့ဘက်က ဘယ်လောက်အထိ တွန်းတွန်းတိုက်တိုက် အပြိုင်လုပ်ဆောင်လာနိုင်သလဲ ဆိုတဲ့ မေးခွန်းကြောင့်သာ ဒီနှစ်မှာ စိုးရိမ်မှုတွေ များပြားလာရတာလို့ ဆိုနိုင်ပါတယ်။
ရုရှားအနေနဲ့ကတော့ အာဏာသိမ်းစစ်အုပ်စုနဲ့ နီးကပ်မှုအပြင် မြန်မာနိုင်ငံက ရုရှားတို့ရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်တဲ့ မဲပေးမှုတွေကို ကြည့်ပြီး ဒီနေရာမှာ ဦးကျော်မိုးထွန်းကို ဆက်မရှိစေချင်မှာ သေချာပါတယ်။
အမေရိကန်အပြင် ‘ဘယ်လ်ဂျီယံ’လည်းပါရှိနေတဲ့အတွက် ကိုယ်စားပြုသူ မထားရှိဘဲ နေရာလွတ် သတ်မှတ်ဖို့ ကော်မတီတွင်းမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေရှိပြီး၊ တူညီဆန္ဒရနိုင်မှာ မဟုတ်ဘူးလို့ ယူဆထားပါတယ်။ Committeeတွင်း တူညီသဘောထား မရလို့ မဲခွဲပြီး ကိုယ်စားလှယ် အဆိုပြုဖို့ ဆိုတာကလည်း အထွေထွေညီလာခံမှာ မဲခွဲအတည်ပြုဖို့ ဆက်လိုအပ်နေပါတယ်။ ဒါတွေကို ရုရှားအနေနဲ့ တရုတ်နိုင်ငံရဲ့ ပူးပေါင်းမှုမပါဘဲ ဆောင်ရွက်ဖို့ မလွယ်ကူပါဘူး။
အထွေထွေညီလာခံမှာ မဲခွဲကြရင်လည်း ဒေသတွင်းအာဆီယံ အဖွဲ့ရဲ့ ကျောထောက်နောက်ခံကိုလည်း ရမထားတဲ့အပြင်၊ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ‘ဂျူလီဘစ်ရှော့ပ်’၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အစရှိသူများရဲ့ ရှုမြင်သုံးသပ် အစီရင်ခံမှုများက စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထင်ထင်ရှားရှား ထောက်ပြထားခဲ့ပြီး ဖြစ်လို့၊ စစ်အုပ်စု လိုချင်တဲ့ရလဒ်အတွက် ထောက်ခံမဲအများစု ရဖို့လွယ်မှာ မဟုတ်ဘူးလို့ ရှုမြင်နိုင်ပါတယ်။
ဒီနေရာမှာ စစ်အုပ်စုကိုယ်စားလှယ်နဲ့ လော်ဘီနိုင်ငံတွေ ကျော်ဖြတ်ရမဲ့ နောက်တံတိုင်းတခုကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ‘အိုအိုင်စီ’ ၅၇ နိုင်ငံအနက် ၅၆ နိုင်ငံဟာ ညီလာခံမှာ မဲပေးခွင့်ရှိတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်တယ် ဆိုတဲ့အချက်ကိုပါ။
တရုတ်နိုင်ငံတည်ထောင်ခြင်း နှစ်တစ်ရာပြည့် ဖြစ်တဲ့ ၂၀၄၉ ခုနှစ်မှာ အခုနေရာထက် ပိုမြင့်မားတဲ့ ချမ်းသာကြွယ်ဝ တိုးတက်တဲ့ ‘ခေတ်မီဆိုရှယ်လစ်နိုင်ငံတော်ကြီး’ အဖြစ်ရောက်ရှိဖို့ ‘ရှီကျင့်ဖျင်’က ချမှတ်ထားပါတယ်။ လာမဲ့ ဆယ်စုနှစ် ၂ စုကျော် ကျော်လေးအတွင်း ဒီရည်မှန်းချက် ပြည့်မီဖို့အတွက်က နိုင်ငံတကာ မျက်နှာစာမှာလည်း မျက်နှာပန်းလှပြီး၊ မိတ်ဆွေနိုင်ငံတွေ များနေဖို့ လိုအပ်ပါတယ်။ အခုလို တရုတ်နိုင်ငံအတွက် အရေးကြီးတဲ့ ကာလမှာ၊ စစ်အုပ်စုအတွက် ကုလသမဂ္ဂစင်မြင့်မှာ မျက်နှာပျက်ခံ ဆောင်ရွက်ပေးပါ့မလားလို့လည်း တွေးကြည့်စရာပါ။ တရုတ်ခေါင်းဆောင်တွေဟာ ရေရှည်ကြည့်လေ့ရှိပြီး အကျိုးအမြတ် မသေချာတဲ့ အလုပ်တွေကို လုပ်လေ့သိပ်မရှိပါဘူး။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ဝင်စွက်လေ့ရှိပါတယ်။ တချိန်တည်းမှာလည်း မြန်မာနိုင်ငံသားတွေရဲ့ သည်းခံနိုင်စွမ်းအားကို တွက်ချက်ထားတဲ့ပုံ ရပါတယ်။ တရုတ်နိုင်ငံအပေါ် အမြင်မကြည်လင်ကြတာကိုလည်း သတိလွတ်ကြမှာ မဟုတ်ပါဘူး။ ၁၉၆၇ ခုနှစ် တရုတ်-ဗမာ အရေးအခင်းအတွင်း တရုတ်သံရုံးထဲ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ချိန်က လက်ရှိ တရုတ်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးလုံးဟာ ကောင်းစွာ သိတတ်တဲ့ အသက် ၁၄ နှစ်အရွယ် ရှိနေပါပြီ။ တရုတ်နိုင်ငံကြောင့်သာ ကုလသမဂ္ဂ နိုင်ငံကိုယ်စား ပြုနေရာ အပြောင်းအလဲ ရှိသွားခဲ့ရင် နောက်ဆက်တွဲ ပြဿနာတွေ ဘယ်လောက်ကြီးမားရှုပ်ထွေးသွားနိုင်မလဲ ဆိုတာကိုလည်း တွက်ဆမိ ကြပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ဒီကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုနေရာဟာ မြန်မာပြည်သူတွေ တားထားတဲ့ စည်းအနီရောင်လိုင်းပါပဲ။
လက်ရှိအနေအထားမှာ တရုတ်နိုင်ငံရဲ့ ဘက်လိုက်ဆက်ဆံမှုတွေက သိသာထင်ရှားပါတယ်။ တော်လှန်ရေးဘက်က အနိုင်ရသွားခဲ့ရင် ကုလသမဂ္ဂမှာ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ လက်ရှောင်ပေးထားတယ် ဆိုပြီး၊ ပြန်အဖတ်ဆယ်ဖို့ အကြောင်းပြချက်တခုအနေနဲ့လည်း အသုံးချနိုင်တာကို သူတို့ တွက်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ညီလာခံအထိလည်း ဆိုင်းငံ့ ဆုံးဖြတ်ချက်အတွက် တသဘောတည်း ပြခဲ့ပါတယ်။
ဒီအချက်တွေကြောင့် ဒီနှစ်မှာ တရုတ်တို့က ကုလ သမဂ္ဂနေရာအတွက် ပေါ်ပေါ်ထင်ထင် လော်ဘီလုပ်ပေးလာမယ်လို့ မယူဆမိသေးပါဘူး။ Career Diplomat တယောက်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ‘ဝမ်ယိ’ရဲ့ ဆယ်စုနှစ်ပေါင်း များစွာ ရရှိထားတဲ့ နိုင်ငံခြားရေးရာမူဝါဒ အတွေ့အကြုံက ကောင်းစွာချိန်ထိုး ဆုံးဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီနှစ်အလှည့်ကျ အဖွဲ့ဝင်တွေထဲမှာက တရုတ်နိုင်ငံအတွက် ပြီးခဲ့တဲ့ (၇၉) ကြိမ်မြောက်တုန်းက ‘လာအို’နိုင်ငံလိုမျိုး လုံးဝဩဇာညောင်းတဲ့ နိုင်ငံတွေ မပါဝင်ပါဘူး။ အခုပါတဲ့ နိုင်ငံတွေ အနေနဲ့ တရုတ် ၊ရုရှားတို့ဘက်ကသာ အစမပြုခဲ့ရင် လက်ရှိအနေအထားအတိုင်းပဲ ဆက်ရှိနေဖို့၊ မြန်မာနိုင်ငံအတွက် စိစစ်ရွေးချယ်မှုလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားဖို့ပဲ သဘောဆန္ဒ ပေးကြမှာပါ။
တရုတ်နဲ့ ရုရှား ဆိုတာကလည်း နေရာတကာမှာ ရာနှုန်းပြည့် သဘောထား တိုက်ဆိုင်ကြသူတွေ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲပေးပုံစံက ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ၇၇ ဒသမ ၁ ရာခိုင်နှုန်းပဲ ကိုက်ညီကြတယ်လို့ Lowy Institute ရဲ့ ဆန်းစစ်ထားချက်အရ သိထားရပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းကိုယ်တိုင်က ဒီမိုကရေစီကို စံတန်ဖိုးတခုအဖြစ် သတ်မှတ်ထားသလို၊ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ပြီး လူသားမျိုးနွယ်စုတရပ်လုံး လူ့ဂုဏ်သိက္ခာရှိရှိနဲ့ လူ့အခွင့်အရေးအပြည့် ခံစားရရှိနိုင်စေရေးကို တွန်းအားပေး ဆောင်ရွက်နေပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံဆိုတာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်ကို လူသားတိုင်း ခံစားနိုင်ဖို့အတွက် အကူအညီပေးရမယ်လို့ ကုလသမဂ္ဂပဋိညာဥ် စာတမ်း အခန်း (၄)၊ အပိုဒ် (၁၃) မှာ အတိအလင်း ဖော်ပြတာဝန်ပေးအပ်ထားပြီးသားလည်း ဖြစ်ပါတယ်။
မပြုလုပ်သေးတဲ့ Credentials Committee အစည်းအဝေးမှာ ဘာရလဒ် ရလာနိုင်တယ် ဆိုပြီး ခန့်မှန်းရတာ သိပ်လက်တွေ့မကျပေမဲ့၊ Credentials Committee အဖွဲ့ဝင်တွေအနေနဲ့ကလည်း ကုလသမဂ္ဂရဲ့ စံတွေကို အလေးအနက်ထားကြမယ်ဆိုရင်၊ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ပိုနေမြဲ ကျားနေမြဲ ဆက်ထားရှိကြမယ်လို့ ယုံကြည်ထားမိပါတယ်။
ချုပ်ပြောရရင် ဆောင်းပါးတလျှောက် ကိုးကားစဉ်းစားခဲ့တာတွေ၊ အခုအချိန်မှာ ကဏ္ဍစုံကနေ ပြည်တွင်း ပြည်ပ ကုလသမဂ္ဂ အတွင်း အပြင် တက်တက်ကြွကြွ ကမ်ပိန်းလှုပ်ရှားနေကြတာတွေ၊ နယ်မြေစိုးမိုး ထိန်းချုပ်မှုပိုင်းဆိုင်ရာ အနေအထားတွေ အားလုံး ပေါင်းစပ်လိုက်ရင်တော့၊ အရင်နှစ်တွေထက် အန္တရာယ်အငွေ့အသက် ပိုများလာတာ မှန်ပေမယ့်၊ ဒီတကြိမ်အတွက် အကောင်းဆက်မြင်နေသေးတယ်လို့ပဲ ကောက်ချက်ကြိုချထားချင်ပါတယ်။
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ Credentials Committee အကြောင်း - (၁)
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar