အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်ကော်မတီ သဘောထားထုတ်ပြန်ချက် ဘယ်လို နားလည်ရမလဲ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၅ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၁၆ ၊ ၂၀၂၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်ကော်မတီ သဘောထားထုတ်ပြန်ချက် ဘယ်လို နားလည်ရမလဲ
နိုင်ငံတကာဒီမိုကရေစီနေ့ ဖြစ်တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပို့ခဲ့ရာမှာ ဖော်ပြထားတဲ့ နိုင်ငံရေးလမ်းစဥ်၊ သဘောထားနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လမ်းစဥ်နဲ့ ရှေ့နောက်မညီတဲ့ အချက်တွေ ပါရှိတာကြောင့် တော်လှန်ရေးအင်အားစုတွေအကြား ဝေဖန်မှုတွေ ရှိနေတာ တွေ့ရပါတယ်။
လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို ကိုင်စွဲထားတဲ့ NUG အစိုးရနဲ့ နိုင်ငံရေးပြဿနာများကို အင်အားသုံး ဖြေရှင်းခြင်းထက် တွေ့ဆုံဆွေးနွေးမှုနှင့် ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်တွေက တခုနဲ့တခု ဆန့်ကျင်ဘက် ဖြစ်နေတဲ့အပေါ် NUG နဲ့ NLD ထောက်ခံသူတွေအဖို့ နားလည်ရခက်ခဲတဲ့သဘော ဖြစ်နေတာပါ။
အခုလို NLD ရဲ့ ဗဟိုအလုပ်ကော်မတီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းဖို့၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ အဖြေရှာဖို့ ဆိုတဲ့ နိုင်ငံရေးလမ်းစဥ်ကို ပြောဆိုတာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း အခု သဝဏ်လွှာပါ သဘောထားလိုပဲ NLD ဟာ တွေ့ဆုံဆွေးနွေးရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းဖို့ သဘောထားကို ထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ပြည်ပရောက် NLD ပါတီရဲ့ ခေါင်းဆောင်အချို့ ပါဝင်နေတာ ဖြစ်သလို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာ အခု သဝဏ်လွှာပေးပို့တဲ့ ဗဟိုအလုပ်ကော်မတီက တာဝန်ရှိသူတွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရက်အနည်းငယ်အကြာမှာ CRPH ကို ဖွဲ့စည်းခဲ့ကြပြီး ၃ လဝန်းကျင် အကြာမှာတော့ NUG အစိုးရကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ CRPH နဲ့ NUG တို့ဟာ နိုင်ငံရေးနည်းလမ်းအရ လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပြီး NLD ရဲ့ ဗဟိုအလုပ်ကော်မတီက အကြောင်းအားလျော်စွာ သဘောထား ထုတ်ပြန်တာ၊ နိုင်ငံရေးရပ်တည်ချက်နဲ့ ပတ်သက်လို့ ထုတ်ဖော်တဲ့အခါမှာ လက်နက်ကိုင်တော်လှန်တဲ့ နည်းလမ်းကို NLD အနေနဲ့ ဘယ်တုန်းကမှ ကိုင်စွဲခဲ့ခြင်း မရှိတဲ့ သဘောပြောဆိုခြင်းဟာ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းရှိနေကြတာ ဖြစ်ပါတယ်။
ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်ကော်မတီက NLD ပါတီကို အမှန်တကယ် ကိုယ်စားပြုရဲ့လားဆိုတဲ့ မေးခွန်းလည်း ရှိကောင်း ရှိနေမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ CRPH, NUG တို့ ပေါ်ထွက်လာပြီးနောက် လအနည်းငယ်အကြာ အဲဒီနှစ် အောက်တိုဘာလကုန်မှာ ဗဟိုအလုပ်ကော်မတီကို အဖွဲ့ဝင် ၈ ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဗဟိုအလုပ်ကော်မတီ ဖွဲ့စည်းခါစ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကာလဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ရင်ဆိုင်နေရတဲ့ အမှုတွေကို ဥပဒေအကျိုးဆောင်ရှေ့နေတွေကို ဗဟိုအလုပ်ကော်မတီဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး သဘောထားမေးမြန်းခဲ့ဖူးတယ်လို့ အဲဒီကာလက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာ တွေ့ကြရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက်နေတဲ့ NLD ခေါင်းဆောင်အချို့ အနေနဲ့ အထက်ကလို ဗဟိုအလုပ်ကော်မတီ ဖွဲ့တာ တရားမဝင်ကြောင်းနဲ့ ဒီလိုဖွဲ့တာကို တာဝန်မယူသလို တာဝန်လည်းခံမှာ မဟုတ်ကြောင်း ပြောဆိုဖူးတယ်လို့ သတင်းတွေမှာ တွေ့ကြရပါတယ်။ အဲဒီကာလက ရှေ့နေတွေက ပြန်ပြောပြတာကို အန်အယ်ဒီ ဗဟိုကော်မတီဝင် ဦးတိုးလွင်ထံက သိရှိရတယ်လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
လက်ရှိ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးလမ်းစဥ်တွေနဲ့ ပတ်သက်ပြီး CRPH, NUG နဲ့ ဗဟိုအလုပ်ကော်မတီတို့အကြားမှာ ဘာကြောင့် အခြေခံကစလို့ ကွဲပြားချက်တွေ ရှိနေရတာလဲ ဆိုတဲ့မေးခွန်းက အခုအချိန်ထိ ရှင်းလင်းတိကျတဲ့ ဖြေရှင်းပြောဆိုမှုမျိုး မတွေ့ခဲ့ကြရပါဘူး။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပွားပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဥ်ထဲ ပါဝင်ခေါင်းဆောင်လာတဲ့ တလျှောက်လုံး နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ကို လက်နက်ကိုင်နည်းလမ်းနဲ့ လုပ်ဆောင်တာကို အားပေး ထောက်ခံခဲ့ခြင်း မရှိတာကြောင့် အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုကို သူ့အနေနဲ့ ဘယ်လို သဘောထားသလဲဆိုတာ လူအများ သိရှိလိုတဲ့ မေးခွန်းတရပ် ဖြစ်နေပါတယ်။ သို့ပေမဲ့ စစ်အာဏာသိမ်းတဲ့ညကတည်းက ဖမ်းဆီးထိန်းသိမ်းခံရကာ တရားရုံးမှာ ပုဒ်မအမျိုးမျိုးနဲ့ စွဲဆိုပြီး မိသားစုဝင် အပါအဝင် မည်သူနဲ့မျှ တွေ့ဆုံခွင့်မပြုတာကြောင့် CRPH နဲ့ NUG တို့ရဲ့ လက်နက်ကိုင် လမ်းစဥ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဘယ်လို ရှိသလဲဆိုတာ တိတိပပ မသိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။
NLD ဗဟိုအလုပ်ကော်မတီ အနေနဲ့ နွေဦးတော်လှန်ရေး နဲ့ NLD ပါတီတို့ ဆက်စပ်မှုကို မရှိဘူးလို့ ဆိုလိုချင်တဲ့ သဘောလား၊ သို့မဟုတ် အကျဥ်းကျနေဆဲ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် လက်နက်ကိုင်တော်လှန်ရေးရဲ့ သက်ရောက်မှု မဖြစ်စေလိုတဲ့ သဘောလား ဆိုတဲ့ တခုမကတဲ့ မေးခွန်းတွေ ရှိနေပေမဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒီမေးခွန်းတွေကို ရှင်းလင်းဖြေကြားတာ မရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။
ပြည်သူလူထု အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ၊ CRPH၊ NUG တို့ကို ရပ်တည်မှု တခုတည်း လမ်းစဥ် တခုတည်းအဖြစ် ရှင်းရှင်းလင်းလင်း တွေ့မြင်လိုကြတဲ့ သဘောထားမျိုး ရှိနေကြတာလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar