Breaking News

မောင်ဘဦး - ပြောင်းပဲ ပြောင်းသွားချင်သလိုလိုနဲ့၊ ပေါင်းမြဲ ပေါင်းစားချင်ကြသူများ

 

မောင်ဘဦး - ပြောင်းပဲ ပြောင်းသွားချင်သလိုလိုနဲ့၊ ပေါင်းမြဲ ပေါင်းစားချင်ကြသူများ

မိုးမခ ၊ စက်တင်ဘာ ၁၃၊ ၂၀၂၆



အစကတော့၊ "...ဟုတ်သားပဲလေ၊ ဟုတ်တာပေါ့၊ လုပ်ရရှာပေမပေါ့..."၊ ခပ်လျော့လျော့၊ ခပ်ပေါ့ပေါ့၊ ခပ်သော့သော့လေး တွေးထင်မိခဲ့ငြား...၊ ခုများတော့ဖြင့်...၊ "...အရင်က အထင်မှားလို့... အသနားဖက်လိုက်မိ...။ ဆိတ်လဇိလို ဟိုပေါင်ကပ်၊ ဒီပေါင်ကပ်တွေ...။ မသနားသင့်တဲ့ ခွေးလိုအကောင်တွေ...။ ခွေးကမှ ညည ဟောင်ဖော်ရသေး...။ ခွေးထက်ဆိုးတဲ့ ခြေနှစ်ချောင်းနဲ့ နားရွက်တိုတွေ...။ ဒင်းတို့တွေပါ မြန်မြန်သေမှ အေးလိမ့်မည်..." သည်သို့သည်နှယ် ဖြစ်ရလေပြီ။

ဖြစ်ရမည်လေ...။ တော်လှန်ရေး စိုးမိုးနယ်မြေ မဟုတ်သေးသည်ပဲ...။ တော်လှန်စိုးမိုးနယ်မြေတွေမှာတော့ ဘယ်စစ်အုပ်စုမှ၊ ဘယ်စစ်အုပ်စုရဲ့ အောက်ဆွဲကမှ လာမကျယ်ရဲ။ ကျယ်ဖို့နေနေသာသာ ခေါင်းတောင် လာမပြူရဲ။ ပေါ်တာဆွဲဖို့ဆိုတာ ဝေလာဝေး...။

သည်နေရာ တစ်ခုတော့ သတိပေးလိုပါ၏။ ခေါင်းမပြူရဲငြား စစ်အုပ်စု၏ ခိုင်းစားချက်ကြောင့် အတွင်းစည်းထိ လာရောနှော...၊ သတင်းတွေပြောပေးဖို့ ခိုင်းထားသူ အချို့ ရှိနေမည်လား သံသယ ပွားမိ၏။ သံသယဟူသည် မထားကောင်း။ သည်တော့ ကျောင်းမှန်းကန်မှန်း သိရအောင် စည်းမျဉ်းစည်းကမ်း အရင်ထုတ်၊ လိုက်နာဖို့၊ အဟုတ်လုပ်ဖို့တော့ လိုပါမည်လေ...။ ပြောရတာ လေရှည်ပေသိ၊ စစ်မှာ "သရေ" သာဆိုလျှင် မစစ်တော့။ အနိုင်ရမှ "စစ်" ဟူရဘိ။ "စစ်မျက်စိ၊ စစ်နား" ဟူသည်ကား သတိထားစရာ...။ ကိုယ့်မျက်စိကိုမူ စူးရှစေ...၊ ရန်သူ့မျက်စိကိုမူ တူးဆွလေ...။ စာစုခေါင်းစဉ်အတိုင်း "ပြောင်းပဲ ပြောင်းသွားချင်ကြသလိုလိုနဲ့ ပေါင်းမြဲ ပေါင်းစားချင်ကြသူတွေ" ကြောင့် ဖြစ်ပါ၏။ မူလဘူတ အစကတည်းက ပေါင်းစားနေသူများကိုတော့ "အောက်တ်-အော့ဖ်-သာတိဝမ်း" ဘာကမှပြောပြစမ်းစရာ မလို။ မူလအစက ပြောင်းသွားချင်သလိုလိုနှင့် ပေါင်းစားချင်ကြသောသူများကိုသာ ရည်ရွယ်ပါ၏။

တကယ်တော့ ပေါ်တာအဆွဲခံရတယ်ဆိုတာ စစ်ကောင်စီ စိုးမိုးတဲ့နယ်မြေထဲမှာ...။ ဒါမှမဟုတ် ဟိုမရောက်၊ သည်မရောက် ကြားချောင်နေတဲ့ဒေသတွေထဲမှာ...။ ဖြစ်လိုက်ရင် အဲသည်ကသူတွေချည်း...။

တော်လှန်ရေးကြီးကား ခြောက်နှစ်ပင် ပြည့်လေပြီ။ မတရားအာဏာသိမ်း စစ်အုပ်စုအဖို့ တိုက်ခိုက်ရေးစစ်သားတွေ ပြုန်းတီးကုန်လို့ ဗိုလ်သခင်ဆရာသာ ကျန်တော့သည့်အချိန်တွင် 'ပေါ်တာဆွဲ စစ်မှုထမ်း ဥပဒေ'ကို ထုတ်လိုက်သည်လေ...။ မှတ်မှတ်ရရ၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ဆိုတော့...၊ စုစုပေါင်း နှစ်နှစ်ခွဲကျော် သုံးနှစ်နီးပါး ရှိပြီပေါ့...။ ဒါကို တော်လှန်ရေးဖက်က ထုတ်ပြန်ကြေညာသတိပေးနေတာကလည်း နှစ်နှစ်ခွဲကျော် သုံးနှစ်နီးပါး ရှိပြီလေ...။ ဒါတွေက...၊ နိုင်ငံသိ၊ ကမ္ဘာသိ...။ ပေါ်တာအဆွဲခံရသူနဲ့ သူ့မိဘဆွေမျိုးတွေဆို ပိုလို့တောင် သိ...။ ဒါကို နာယူလိုက်နာကြပါသလား...။ ပေါ်တာမပါရအောင် ရှောင်ကြဉ်ကြပါသလား...။ "ငါတို့များဆီ ရောက်ဖို့သည်ကား အများကြီး လိုပါသေးသည်..." တွေချည်း။ ဒီနေရာမှာ...၊ ဟိုမရောက်၊ သည်မရောက် ကြားချောင်နေတဲ့ဒေသတွေထဲကနေ ကိုယ့်သား ကိုယ့်သမီးလေးတွေကို၊ "...တော်လှန်ရေးက လူတွေနဲ့ မပေါင်းပါနဲ့ဆို၊ သွားသွားနေတယ်။ သွားချေတော့... ရန်ကုန်၊ မန္တလေး၊ မေမြို့၊ နေပြည်တော်...။ ဟိုမှာပဲနေ၊ ပညာတစ်ခုခု သွားသင်ချေ...၊ အလုပ်တစ်ခုခု သွားလုပ်ချေတော့..." ဆိုသူတွေလည်း အဝင်အပါပေါ့...။ ထားပါတော့။ သူတို့အနီးတဝိုက် စစ်ရှောင်တွေ ရောက်လာကြလေတော့...၊ မတန်တဆ ဈေးနဲ့ အိမ်ငှားစားတယ်လေ...။ အမြတ်များများတင်ပြီးတော့ ဈေးရောင်းစားတယ်လေ...။ ကိုယ့်သား ကိုယ့်သမီး လင်က စစ်ခွေးဗက၊ ဗမမို့လို့ အဲသည်ခွေး နောက်ဆံမတင်း လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ရအောင်၊ စစ်ရှောင်လိုလို ဘာလိုလို ရောက်လာကြတဲ့ ရေပေါ်ဆီတွေကိုတော့ တင်သာတင်ပါလေ...။ ဓမ္မစစ် စစ်ဘေးရှောင်လေးတွေကိုတော့ ညှာညှာတာတာ ဆက်ဆံပေးကြဦးမှပေါ့...။ မျက်စိအောက်တင် ဈေးချိုတော်ကြီး ဘဝပြောင်းတာတောင် နှစ်ကြိမ် နှစ်ခါ ရှိပါပေါ့...။ ထားလိုက်ပါတော့လေ။

ရွှေမန္တလေးမှာ တစ်ထောင်တန် ဖုန်းဘေလ်ဆိုတာ ထောင့်တစ်ရာပေးမှ ဝယ်လို့ရ...။ ဒါတောင် ရာတန်၊ နှစ်ရာတန် အမ်းစရာ မရှိလို့၊ ၅၀၀၀ ဖိုးဝယ်၊ ၆၀၀၀ ပေးလိုက်၊ ဗစ်ချိုချဉ်လေးတစ်လုံး ၅၀၀ နှုန်းနဲ့ ပြန်အမ်းပေးတဲ့ ရပ်ကြီးသူတွေ။ ကေပေး၊ ဝေ့ပေး ငွေလေးတစ်သိန်းလွှဲခ ခြောက်ရာ ကျသတဲ့။ ငွေတစ်သိန်းထုတ်ယူဖို့ ခြောက်ထောင် ပေးရသတဲ့။ လုပ်ရက်ပေ့ ရပ်ကြီးသူတွေ။ ဟန်မူတွေ သည်လောက်ထိ ပိုမိုကြ။ ကိုယ်လိုသူလို နေအိမ် မီးအရှို့ခံရလို့ လက်နှီးစုတ်၊ အိုးမဲဂျိုး (ဒယ်အိုးဒန်အိုးဖင် ကပ်နေသည့် အိုးမဲဂျိုး) မျှပင် မကျန်ရစ်သူတွေအဖို့ မလွယ်ရေးချ မလွယ်...။ အညာစစ်ရှောင်တွေခမျာ သူတို့ပြောတဲ့ဈေး 'ရှာဖွေ' ပေးကြရတာကြာတော့ အညာမြေရဲ့ ဘိုးဘွားဘီဘင်တွေလက်ထက်ကတည်းက 'မရှိဝမ်းစာ-ရှိတန်ဆာ'၊ ရတနာပုံခေတ် ပန်းထိမ်လက်ရာလေးတွေဟာ အရပ်ကြီးက အဆမတန် ဈေးနှိမ်ဝယ်သည့် အပြင်ရွှေမဝယ်ပါဆိုတဲ့ ဆိုင်တွေမှာချည်း...။

အမြတ်ကြီးကြီး တင်လေမပေါ့။ သားလေးကို ပေါ်တာမဆွဲဖို့က တစ်လတစ်လ သောင်းချီ ရပ်ကွက်အုပ်ကြီးဆီ ပေးရသည်တဲ့လေ...။ ဒါတောင် "ကာယကံရှင်ဖက်ကလည်း သတိလေးနဲ့ နေကြပေါ့..." ပြန်ပြောသတဲ့။ ညညဆို အိမ်ပြောင်းပြီးတော့တောင် အိပ်ကြရသတဲ့...။ လာပါလိမ့်ဦးမည် ဒို့အညာလို...။ ဒို့များအညာ ကိုယ်အိမ်ကိုယ့်ယာ၊ ကိုယ့်အိပ်ရာ မအိပ်ရတာ ကြာပါပေါ့...။ တချို့များ... နေအိမ် ပြာပုံအတိ ဖြစ်သွားကြရှာပေါ့...။

သည်ကနောက်တော့... ရွှေမန်းမှာ ပေါ်တာအတွက် ဗြောင်ပဲ ဆင့်ခေါ်၊ ဗြောင်ပဲ မဲနှိုက်ကြရသည်လေ။
"...ဝန်းကျင် အနီးအဝေး × ကောင်းသတင်း × ပျံ့သင်းဝေဝေထုံ × ဒို့ဓမ္မာရုံ၊ ဒို့ရဲ့ဓမ္မာရုံ..."။
မန်းရွှေမြို့က ဓမ္မာရုံတွေ...၊ ဝါတွင်းကာလ သီလယူ၊ သီလပေးဖို့ထက် ပေါ်တာမဲနှိုက်ရာ ဌာနကြီးတွေ ဖြစ်ချေပေါ့...။ စီနီယာ ပေါက်ဂဏန်းသမားတွေ ချက်ချင်းမဆွဲဖို့ သိန်း ၅၀-၆၀ ပေးကြရသည်တဲ့။

တချို့တလေ ပီဒီအက်ဖ် စိုးမိုးနယ်မြေထဲ ပြေးလာကြလေရဲ့။ ဒို့ရဲ့စိုးမိုးနယ်ထဲလာရင်တော့ မင်းတို့အရပ်ကြီးလို ဈေးကြီးကြီးနဲ့ မရိတ်ပါဘူး။ ရိုက်မစားကြပါဘူး။ နွေးထွေးစွာ ကြိုဆိုကြပါတယ်။ "အိမ်ရှင်-ဧည့်သည်"၊ အစဉ်အဆက်ကတည်းက အညာထုံးစံ ဖြစ်နေပြီမို့လား...။ ပြီးတော့ ပီဒီအက်ဖ်ထဲ ဝင်ချင်သပဆိုရင်လည်း စိတ်နိုင်မှ ဝင်ပေါ့။ ဇွတ်ကြီးတော့ ကားပေါ် ဆွဲမတင်ပါဘူး...။

မအလ၊ ရဲဝင်းဦးတို့ကတော့ ဒါလောက်နဲ့များ ပြီးသွားမယ် ထင်သလား...။ ဝေးပါသေးတယ်။ ဒင်းတို့တွေရဲ့ မျိုးဆက်၊ 'တိကနဲ' ပြတ်သွားမှကို ပြီးတော့မှာ...။ တပ်ချုပ်သစ် ဆိုတဲ့ကောင် ပြောသွားတဲ့စကား ကြားကြရဲ့မို့လား...။ ဒီပုတ်ထဲကဒီပဲ၊ တစ်လေတည်း... တသံတည်း...။ "ပြည်သူဆိုတာ မရှိဘူး"...။ "စစ်တပ်ကို ထောက်ခံရင် အကူအညီရမယ်"။ "စစ်တပ်ကို မထောက်ခံရင် "သူပုန်" ...တဲ့။ ဒို့bက်က ကြိုးမညှိကီးမညီ သံစုံတီးဝိုင်းမြည်သလို မဟုတ်ဘူး။

စစ်အုပ်စု စိုးမိုးတဲ့ ရွှေမန္တလေးပြီးတော့... ဟိုမရောက်၊ သည်မရောက် မုံ့သည်မရွာ...။ နှိမ်တာတော့ မဟုတ်။ ပြောမရ၊ ဆိုမရ စိတ်နာလှလို့...။ ကြည့်ပါလား...။

"...သားတို့က စစ်မှုထမ်းထဲ အဆွဲခံရမှာ ကြောက်လို့ မီးသတ်ထဲ ဝင်ကြရတာပါ...။ ဟိုbက်ရပ်ကွက်က ဆယ့်နှစ်ယောက်...။ ဟိုရပ်ကွက်ကဆို ဆယ့်ငါးယောက်...။ သည့်ဟိုbက်ရပ်ကွက်ကများ... နှစ်ဆယ်...။ သားတို့ရပ်ကွက်က သားနဲ့မှ ဆယ်ယောက်ပဲ ရှိသေးတာ...။ အခု ဝတ်စုံဖိုးလေးနဲ့ ကင်းတဲလေး ပြင်ဖို့ အလှူခံတာပါ..."၊ ဆိုတုန်းက မဟေသီက ငါးထောင်တန်လေး ထည့်လိုက်သေး။ ယူနီဖောင်းလေးဝတ် လည်ရှည်ဘွတ်ဖိနပ်နဲ့ 'ဝိတ်ညာဝိတ်-ဝိတ်ညာဝိတ်' လေး တစ်ရက် နှစ်ရက်လောက် လုပ်လည်းပြီးရော...၊ ဟော...၊ မီတာလာဖတ်တဲ့သူတွေနောက်က လိုက်ပြီးစောင့်ရှောက်နေပြီ...။ မီးလိုင်းကြိုး လာဖြတ်တဲ့သူကို အကူအညီပေးနေကြပြီ။ စည်ပင် အခွန်စာရွက် လိုက်ဝေတဲ့သူတွေကို စောင့်ရှောက်နေကြပြီ...။ ဟိုကြည့်သည်ကြည့် ကြည့်၊ ဖုန်းလေး နားနားကပ်၊ ဖအေ 'စခ၊ စရ' ဆီ သတင်းပို့နေပြီ။ ပေါ်တာဆွဲစရာ မြင်လာလို့လား၊ 'ရေခဲရေခဲ' တော့ မဟုတ်။ အံမယ်...၊ ဘောလုံးပွဲမယ် ကွင်းလယ်ဒိုင်လူကြီး (referee) လို ခရာကို ပါးစပ်မှာ အဆင်သင့်မှုတ်ဖို့က တပ်ထားလိုက်သေး။ ခါးမှာ ဗျောက်မပါတော့၊ အရေးအကြောင်းဆို ခရာတွတ်လိုက်မယ်ပေါ့...။ အရေးအကြောင်း ဆိုတာက ခုနက မီးတာဖတ်၊ မီးကြိုးဖြတ်၊ စည်ပင်ခွန် လာကောက်တဲ့သူတွေကို မနှောင့်ယှက်အောင် ကာကွယ်ပေးမယ်ပေါ့။ ပြည်သူတွေကိုတော့ ကျီးထိုးထိုး လဒ (လင်းတ) ထိုးထိုး...။ "ပြည်သူဆိုတာ မရှိဘူး" ဆိုတဲ့ အပေါက်မျိုး...၊ ဒင်းလေးတွေတောင် ချိုးလာကြပြီပဲ...။

ပြီးတော့၊ ဆန္ဒပြကြတုန်းက ခြေထောက်နဲ့ တက်နင်းခဲ့ကြတဲ့ မအလပုံကြီးကိုတောင် အုပ်ကြီးရုံးထိပ် ချိတ်ပေးပြီးပြီ။ ကင်းတဲအတွင်းထိပ် ချိတ်ပြီးသွားပြီ...။

အခု ထပ်လာပြန်ပြီ၊ အလှူခံနောက်တမျိုး။ "...သံချောင်းခေါက်စရာ ကားဘီးသံခွေ ဝယ်ဖို့အလှူခံတာပါ..." တဲ့...။ "မင့်အန်တီ မရှိသေးဘူးကွာ..."၊ မုသားအဖြူ သုံးလိုက်ရသည်။ ဒါတောင် "...ရပ်ကွက်ထဲ စားအုန်းဆီထုတ်ပေးတဲ့အခါ လာပြောပါ့မယ်..." လုပ်နေသေးသည်။ စားအုန်းဆီ ထုတ်ပေးတယ်ဆိုသည်ကား တစ်ချက်ခုတ် သုံးချက်ပြတ်။ ပြည်သူတွေ စားဝတ်နေရေးချောင်လည်အောင် လုပ်ပေးပါတယ်ပေါ့။ ပြီးတော့ အိမ်ထောင်စုဇယားမိတ္တူနဲ့မှပေးမှာဆိုတော့ စစ်မှုထမ်းအကြုံးဝင်သူ လူဦးရေလည်း သိရရောလေ။ "ကြောက်ကြောက်နဲ့ လုပ်ရတာပါ၊ ရပ်ကွက်အဆင်ပြေသွားဖို့ ဝင်လုပ်လိုက်ရတာပါ" ဆိုတဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကိုလည်း 'ဂွင်' ဖန်ပေးတာ။ အပြင်ပေါက်ဈေးထက် ၁၅၀၀-၂၀၀၀ လောက်ပဲ သက်သာတာ။ အိမ်ထောင်စုဇယားမိတ္တူတောင်းတယ်။ အိမ်ထောင်စုဇယား တစ်စောင်ပေါ်မှာ သယ်ယူစားရိတ် ၅၀၀ ပဲ 'တင်'။ အိမ်ထောင်စု တစ်ထောင်ဆိုလျှင်...၊ တစ်ရပ်ကွက်လုံးဆိုလျှင်...၊ တက်တက်စင်။ ဆယ်ချီလည်း ဝင်သေး...။ ရပ်ကွက်တွင်း စစ်မှုထမ်းအရွယ် မည်၍မည်မျှ၊ အိမ်ထောင်စုဇယား မိတ္တူက ရလိုက်သေး...။ ရွေးကောက်ပွဲအတု ကြိုတင်မဲတွေ လိုက်စုကြတုန်းကလည်း ဒီနည်းပဲသုံး...။

မီးသတ်အလှူခံလေးတင်ကို... အရှေ့ဖက် ချဲအိမ်က နှစ်သောင်း၊ မျက်နှာချင်းဆိုင် အရက်ဆိုင်က နှစ်သောင်း၊ အနောက်ဖက် စက်သုံးဆီပန့်အိမ် (စက်သုံးဆီဆိုင်ကြီး မဟုတ်သေး။ ၎င်း၏အိမ်ရှေ့လေးမှာပင် ပလပ်စတစ်လီတာပုလင်း သို့မဟုတ် ဂါလန်ခွက်အတုဖြင့် မရောင်းချဘဲ၊ ဘက်ထရီမော်တာပန့်ဖြင့် ရောင်းချသည့် အိမ်ဆိုင်) က နှစ်သောင်း၊ ဒီနားပတ်လည်တင် ခြောက်သောင်းကျော်ပြီ။ နောက်တစ်လမ်းဆိုလျှင်...၊ ရပ်ကွက် တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်း၊ ဈေးလေးအထိ၊ ဆိုလျှင်...၊ တက်တက်စင်။ ဒါ...၊ ဆေးခန်း၊ ဆေးရုံ၊ ကိုယ်ပိုင်စာသင်ကျောင်းတွေ မပါသေး။
ပရိုက်ဗိတ်ဆေးရုံဆိုတာ အရပ်ဝတ်မာဖီနဲ့ဖြစ်ပါစေ၊ စခ၊ စရဆိုရင် အက်ဖ်အိုစီ (F.O.C-free of charge)။ "မသိလို့ ချာ့ချက်စ်ယူမိတာပါ" လေးတောင် မလုပ်ရဲ။ ပြည်သူသာဆိုရင်...၊ ငါးဖယ်ရိုးထွင်၊ ငါးဖယ်ခြစ်ခြစ်သလို ညှစ်ယူလိုက်မယ့်ဖြစ်ခြင်း...။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ စားသောက်ဆိုင်တွေ...၊ ဆန်ပွဲရုံ၊ ဆီပွဲရုံ၊ ကြက်သွန်ပွဲရုံ၊ သီးနှံပွဲရုံ၊ စားဆီဆိုင်၊ စက်သုံးဆီဆိုင်၊ ဆေးဆိုင်ကြီးတွေ ရှိပါသေးသည်။ သံ၊ ဘိလပ်မြေ ကုန်မာဆိုင်တွေ ကျန်ပါသေးသည်။ မြစ်သဲ၊ မြစ်ကျောက်၊ ချီပင်ကျောက်၊ ဆောက်လုပ်ရေးကုန်ကြမ်းတွေ ကျန်ပါသေး...။ ဒေါက်တိုင်တွေကို သင်္ဘောဆေး သုတ်ပေးမယ့်သူတွေ။
တကယ့်တကယ် သံချောင်းခေါက်စရာက ဝယ်စရာမလို။ သံတိုသံစ ဝယ်သည့်၊ ရောင်းသည့်ဆိုင်ကြီးရှေ့ မီးသတ်ယူနီဖောင်းဝတ်ကာ လူလုံးပြရုံဖြင့်၊ "ရော့ပါ၊ အင့်ပါ၊ ယူသွားပါခင်ဗျာ" တွေချည်း။
'ပကဖ' လေးတွေ သေနတ်ဒင်ဂဟေတို့စရာ၊ တစ်မိုက်သာသာ၊ သွားသာ ဝယ်ကြည့်...။ "ဟုတ်တာလည်း မဟုတ်ဘဲနဲ့...၊ စာရင်းလည်း မရှင်းဘဲနဲ့...၊ လပ်ယာလပ်ယားနဲ့၊ မင်းတို့ဟာကကွာ..." လို့ ရစရာမရှိအောင် သံစုံပြောလွှတ်ပါလိမ့်။ ဖအေတွေဆီ မျက်နှာချိုသွေး သတင်းပို့မပေးရင် ကံကောင်း...။ ပြောင်းပဲ ပြောင်းသွားချင်ကြသလိုလိုနဲ့ ပေါင်းမြဲ ပေါင်းစားချင်ကြသူများ...။

တလောလေးက ဓာတ်ဆီဆိုင်မှာ ဆီထုတ်ဖို့ "...ထွေအုပ်ရုံးကို ဆီစာအုပ် သွားလုပ်ကြပါ..." မှာလိုက်သည်ကို သတိရမိ။ စုပေါင်းရုံး ခေါ် မြို့နယ်ထွေအုပ်ရုံးသို့ သွားစုံစမ်းတော့၊ အုံနာဘုတ် အတွင်းစာသား အကုန်၊ ဒစ်စ်ဝိုင်း၊ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ စုစုပေါင်း ၂ စုံစီ မိတ္တူဆွဲတင်ပါ ဆိုသဖြင့် မိတ္တူဖိုးတင် ၈ ထောင်...။ ထွေအုပ်ရုံးသို့ 'အတင်' တစ်ခေါက်၊ ရမရ သွားစုံစမ်းရတာက၊ သင်္ကြန်တွင်းနဲ့ ကြုံနေ၍၊ ၄ ခေါက်...။ ရုံးပေါက်ဝ ဆိုင်ကယ်အပ်ခက ၄၀၀၀...။ လက်မှတ်ထိုး ထုတ်ရသော၊ ဗလာစာအုပ်ထိပ်တွင် မိတ္တူတွေကို စတက်ပလာနှင့် စုချုပ်ပေးထားသည့် 'ဆီစာအုပ်' ဖိုးက တစ်သောင်း...။ ရပ်ကွက်ပေါင်းစုံ၊ ကျေးရွာပေါင်းစုံ ဆီစာအုပ်လာလုပ်ကြသည့် ကားပေါင်းက တစ်ထောင်ကျော်။ တစ်သောင်းနှုန်းဖြင့် တွက်သော်... ဗလာစာအုပ်ဖိုးတင် 'သိန်းတစ်ရာကျော်'...။ ထွေအုပ်ရုံးက 'ဝိုက်' သွားလေပြီ။ ပြီးတော့လည်း ဘာမှမဟုတ်။ ပိုက်ပိုက်ကုန်တာပဲ အဖတ်တင်သည်။ တကယ်တမ်း ၎င်းဆီစာအုပ် လုံးဝ မလို။ စုံ-ရက်၊ မ-ရက်၊ ကိုယ့်ရက်နှင့်ကိုယ် ဒစ်စ်ဝိုင်းပြပြီး 'စကင်' ဖတ်ရုံ၊ 'မိုင်လိတ်' ကြည့်ပြီး ဆီသွားထုတ်ရတာပဲ ဖြစ်သည်။ မည်သူကမျှ မကျေနပ်ကြောင်း ဆန္ဒမပြကြ။ အဘယ်ကားသမား၊ အဘယ်သုံးဘီးဆိုက်တွဲသမား၊ အဘယ်ဆိုင်ကယ်သမားကမှ စောဒကမတက်ရဲ။ သိန်းပေါင်း တစ်ရာ...။ ဘာပုတေးလဲ...။ စာရင်းအရှင်းမခိုင်းရဲကြ။ ပြောင်းလဲချင်သလား မေးမနေချင်...။ ရုံးနားက မိတ္တူဆိုင်လေးသည်ပင် လျှပ်စစ်မီး မလာရင်နေကွာ၊ 'ဆိုလာ' တွေဆင်နိုင်သွားပြီဟ တဲ့...။

"...မကြားလိုက်ဘူးလား...။ ကားနဲ့ လှည့်ပြီး ကြေညာထားသတဲ့...။ ဘက်မှန်မပါရင်...၊ ဆိုင်ကယ်ဦးထုပ်မပါရင်...၊ မေးသိုင်းကြိုးတပ်မထားရင်...၊ မေးသိုင်းကြိုးလျော့နေရင်...၊ တစ်မှုလျှင်...၊ သုံးသောင်း...။ ပိုက်ဆံမပါရင်...၊ ရုံးမှာ ဆိုင်ကယ် လိုက်တောင်း..." "...အမလေး၊ အကုန်အစုံပြနိုင်တာတောင် "ရှေ့ဘီးလေလျော့နေတာ သိလား"... တဲ့၊ "တစ်သောင်း..." တဲ့။ အင်း...၊ ဒီအတိုင်းသာဆို... ရပ်ကွက်ထဲက ကညနရုံးမှာလုပ်နေတဲ့ ကောင်လေးရဲ့အိမ်ရှေ့မှာ လူစည်ဦးတော့မှာပါလား။ ကောင်လေးက ကညန ဝန်ထမ်းတော့ မဟုတ်။ သို့သော်ငြား ကညနဝန်ထမ်းပမာ ရုံးချိန် ရုံးတက်၏၊ ရုံးဆင်း၏၊ ရုံးပိတ်ရက် ပိတ်၏၊ ရုံးမှာပဲ စား၏၊ ဘေးပေါက်ဝင်ငွေ များစွာ...။ အိမ်ရောက်မှ ဒစ်စ်ဝိုင်း စစ်ကြည့်ရမည်။ ယာဉ်မောင်းလိုင်စင် စစ်ကြည့်ရမည်။ 'ဗယ်လိတ်-အပ်တူ-ရက်စွဲဒိတ်' (valid up to 2026 April etc.) က ဘယ်နေ့နောက်ဆုံးပါလိမ့်...။

စစ်မှုထမ်းပေါ်တာဆွဲလောက်သည့်အရွယ် မဟုတ်ငြား ပရုတ်လုံးနှင့် တွေ့လျှင် လားလားမှမချောင်။ ပင်စင်စားအဖို့ သတိထားနိုင်မှ တော်ကာကျမည်။ တော်တော်ကြာ၊ ပေါ်တာဆွဲပြီး ငွေနဲ့အရွေးခိုင်းနိုင်သည်လေ။ လူပြန်ပေးရွေးဖို့ အောက်ဈေးမှာ 'ရာဘရိတ်'။ တလောက အဆွဲခံရသည့် လက်ဖက်ရည်ဆိုင်က ကောင်လေး...၊ သိန်း ၂၀၀ နဲ့ လာရွေးဖို့ ညှိရသတဲ့...။ ငွေရှာရတာ လွယ်လှချည့်။ သူ့ဆရာ့ဆီ တောင်းချင်ရင် အလွယ်လေး...။ သူ့တပည့်လေး ဆွဲလိုက်ရုံ...။ ကဲ... မပြောင်းချင်ကြသေးဘူးပဲ မို့လား။

ချောင်းဦး-ဘုံတိုရွာ သီတင်းကျွတ်မီးထွန်းပွဲ ဗုံးကြဲခံခဲ့ရသည်ပင် တစ်နှစ်ပင်မပြည့်သေး။ မြောင် ဆွဲလဲအိုရွာတရားစခန်းကို ဗုံးကြဲသွားပြန်ပြီ။ ဘယ်ရွာ ဘာပွဲရှိသည်၊ ဘယ်သူတွေ လာနိုင်သည်၊ သတင်းပေးရှိလေမည်ကား မုချ။ "မုံရွာ ရှစ်ရက်ပွဲ"(https://www.facebook.com/reel/1136638055202917/?app=fbl), "ပုံမလာ မုံရွာက"(https://www.facebook.com/100063970960826/posts/1295032822639071/?app=fbl) ကိုသတိရမိသေးတော့...။ ပြောရတာလည်း မောလှပြီ။ "ပွဲသွားကြော့ကြော့ ပွဲပြန်တော့ ပေါ်တာ။" ဒါလည်း သွားလိုက်ကြတာ လူတွေ မနည်း...။ ပြောင်းပဲ ပြောင်းသွားချင်ကြသလိုလိုနဲ့ ပေါင်းမြဲ ပေါင်းစားချင်ကြသူ များလှပေပေါ့။

ဘာပဲဆိုဆို...၊ မတရားစစ်အာဏာသိမ်း မအလနှင့် အဖွဲ့၊ ရွေးတုအဖွဲ့နှင့် အတိုင်ပင်ခံ အကြံပေးများ၊ ရွေးကော်များအပြင်၊ စကစ၏ အဓိကဒေါက်တိုင် စတိတ်ရှိုးရူး၊ သဘင်ရူး၊ ရုပ်ရှင်ရူး၊ ပျူရူးနဲ့ ပေါ်တာအရူးတွေကိုတော့ ခွေးရူးထက် ရွံကာ စိတ်နာပါသည်။

"မင်း(King)တို့ လာသည်" ...ဆိုလျှင် ရှေ့တော်ပြေး၊ နောက်တော်ပါး၊ ဒေါက်တိုင်အများအပြား မင်းခမ်းမင်းနားနှင့် လာသလို...၊ ထိုထို ကျားဒေါက်များက ထိုသည့်မင်းအား ကျားကန်ပေးထားကြသည်လေ...။ စစ်အုပ်စုဒေါက်တိုင်တွေကြောင့်...၊ ဒို့တော်လှန်ရေးကြီး ကြာနေရတာ...။ စစ်အုပ်စုဒေါက်တိုင်တွေကြောင့် အပြစ်မဲ့ကလေးသူငယ်တွေ သေနေကြရတာ...။ စစ်အုပ်စုဒေါက်တိုင်တွေကြောင့် လူငယ်တွေအနာဂတ် ပျောက်နေကြရတာ...။ စစ်အုပ်စုဒေါက်တိုင်တွေကြောင့် ငါတို့အားလုံး ဒုက္ခကြောရှည်နေကြရတာ...။ ပေါင်းစားနေသူတွေဆိုတာ ဒေါက်တိုင်တွေရဲ့ ကြံ့ခိုင်ရေးအတွက် ဆေးသုတ်၊ ရေနံချေးသုတ်ပေးနေကြတာ...။

ပျူနဲ့ ပေါ်တာတွေ...။ မင်းတို့တတွေဟာ မင်းတို့ကို ဇွတ်အတင်းဆွဲခေါ်၊ ပေါ်တာတွေအဖြစ် သွတ်သွင်းပေးခဲ့တဲ့ မင်းတို့ရဲ့ ဆရာ့ဆရာတွေက စစ်ကြောင်းအထိုးခိုင်းလို့၊ နေ့နေ့ညည ငါတို့ရွာတွေကနေ ဖြတ်တိုင်းဖြတ်တိုင်း...၊ မိုးထဲရေထဲ၊ နေပူကြီးထဲ၊ နှင်းတွေထဲမှာ ဖိနပ်မပါခြေဗလာနဲ့ မြွေမကြောက်၊ ကင်းမကြောက် ပြေးလွှားပုန်းအောင်းခဲ့ကြရ...။ ဖမ်းဆီးနှိပ်စက် မုဒိန်းကျင့်အသတ်ခံကြရ...။ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့ကြရ...။ မင်းတို့ ရှုံးလို့ အခြေအနေမကောင်းရင် လေယာဉ်ခေါ်ပြီး ဗုံးအကြဲခိုင်းကြနဲ့...။

မင်းတို့စစ်သင်္ဘောတွေ ငါတို့ရွာတွေဘေးကနေ ဖြတ်တိုင်းဖြတ်တိုင်း...၊ မြစ်ကမ်းဘေးဝဲယာ ရစရာမရှိအောင်၊ နေစရာမရှိအောင် ရမ်းသမ်းထုလို့ သေကြေကြရ...။

မင်းတို့ကို ဖမ်းမိရင်ဖြင့် "...မတတ်သာလို့ပါ၊ နီးရာဓား ကြောက်ရလို့ပါ၊ အငတ်မခံနိုင်ပါ...၊" အလွတ်ကျက်ဆိုတတ်တဲ့ နန်းစီဒီအင် ဆရာ ဆရာမတွေလိုပါပဲ။ ဒေါက်တိုင်ဟူသမျှ သနားဖို့က မကောင်း။ ပြောင်းပဲ ပြောင်းသွားချင်ကြသလိုလိုနဲ့ ပေါင်းမြဲ ပေါင်းစားချင်ကြသူတွေချည်း...။

ဒေါက်တိုင်ဟူသမျှ မင်းတို့နားလည်ထားကြဖို့က စစ်အာဏာရှင်ဆိုတာ သူ့အကျိုးစီးပွားကသာ အဓိက။ သူ့အကျိုးစီးပွား ကာကွယ်ဖို့လိုလာရင် မင်းတို့အားလုံးကို ချ၊ နင်းမှာပဲ။ သူအကျိုးစီးပွား ရှေ့တန်းတင်လို့သာ အာဏာရှင်လုပ်နေတာ...။
"...ခွဲခြမ်းစိတ်ဖြာ မကြည့်တတ်လို့၊ မသုံးသပ်တတ်လို့၊ ငတ်လို့ပြတ်လို့၊ ပေါင်းစားမိတာပါ..." လာမလုပ်ကြနဲ့။ အာဏာရှင် ဒင့်ပါးစပ်က ထုတ်ပြောပြီးသား။ "မလုပ်ရဲတာ ဘာမှမရှိဘူး..." တဲ့။

အဲသည်အခါကျမှ နောင်တ ၁၀ ပါး မှားမိလေခြင်းမလုပ်ကြနဲ့။ တော်တော်နောက်ကျသွားပြီလေ...။ အခုတောင် ၆ နှစ်ရှိပြီပဲ...။

တော်လှန်ရဲဘော်၊ တော်လှန်ပြည်သူအပေါင်း၊
သုခိတာဟောထ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ 

မောင်ဘဦး

(၁၃၈၈၊ ဝါခေါင်ကျော် ၁၁) 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar