Breaking News

လူမှုအသိုင်းအဝိုင်းထဲ အရှိန်အဟုန်နဲ့ မြင့်တက်လာနေတဲ့ ရာဇဝတ်မှုတွေ

Photo: AFP

 

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၄ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၁၅ ၊ ၂၀၂၆ 

 

လူမှုအသိုင်းအဝိုင်းထဲ အရှိန်အဟုန်နဲ့ မြင့်တက်လာနေတဲ့ ရာဇဝတ်မှုတွေ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးတွေ တစတစ ပျက်ပြားလာချိန်မှာ ရာဇဝတ်မှုတွေက နိုင်ငံအနှံ့အပြား မြင့်တက်လာနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေ အမျိုးအစား ခွဲခြားကြည့်မယ်ဆိုရင် လူသတ်မှု၊ လုယက်သတ်ဖြတ်မှု၊ ဓားပြမှု၊ ခိုးမှု၊ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုတွေက အများဆုံးဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ အချို့ ရာဇဝတ်မှုတွေကတော့ အထက်က ပြစ်မှုအမျိုးအစား ၂ မျိုး ၃ မျိုးကို တပြိုင်နက်တည်း ကျူးလွန်ကြတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။

ရွှေဆိုင်၊ ဘဏ်တို့လို တန်ဖိုးကြီးကြီးမားမား ရနိုင်တဲ့ ပြစ်မှုမျိုးလည်း ဖြစ်ပွားနေသလို တချို့ လုယက် သတ်ဖြတ်မှုတွေမှာ ဖုန်း၊ ရွှေ နဲ့ ကျောက်မျက်ပါ လက်ဝတ်လက်စား အနည်းငယ်နဲ့လည်း သတ်ဖြတ်တဲ့ မှုခင်းတွေ တွေ့နေကြရတာပါ။ လူမှုကွန်ရက်တွေ အသုံးများတဲ့ ခေတ်မို့လို့ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုနဲ့ ဓားပြမှုတွေလို မှုခင်းတွေကို ယခင်ကထက် ပိုပြီး ကြားသိနေကြရတာလား ဆိုတဲ့ ဆင်ခြေလည်း ရှိကောင်း ရှိနိုင်ပေမဲ့ မြေပြင်က လက်တွေ့ဘဝမှာလည်း ရာဇဝတ်မှုတွေက ဘယ်တုန်းကမှနဲ့ နှိုင်းယှဥ်လို့ မရလောက်အောင် များပြားလာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း ရာဇဝတ်မှုတွေ ဘာကြောင့် အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့တာပါလဲလို့ မေးရင် တရားဥပဒေ စိုးမိုးမှု ပျက်ပြားလာတာကြောင့်လို့ ယေဘုယျ အဖြေပေးကောင်း ပေးကြပါလိမ့်မယ်။ ဒီအဖြေက မမှားပေမယ့် ဘာကြောင့် တရားဥပဒေ စိုးမိုးမှု ပျက်ပြားလာတာလဲဆိုတဲ့ နောက်ဆက်တွဲ မေးခွန်းမှာတော့ အကြောင်းရင်းတွေ အများအပြားရှိနေမှာ ဖြစ်ပါတယ်။

စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေက အုပ်ချုပ်ရေးထက် စစ်ရေးအရ ထိန်းချုပ်ထားနိုင်ဖို့ကိုသာ ဦးစားပေးကြတဲ့ အချက်ကလည်း ရာဇဝတ်မှုတွေကို စုံစမ်းအရေးယူတာမျိုး လုပ်ဆောင်ခြင်း မပြုကြတာ တွေ့ကြရမှာပါ။ တချို့သော အခြေအနေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကိုယ်၌က အထက်မှာဖော်ပြထားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့သူတွေ ဖြစ်နေကြတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။

စစ်ကြောင်းတွေ ဝင်ရောက်စဥ်မှာ သတ်ဖြတ်တဲ့ သတ်ဖြတ်မှုတွေက စစ်ရာဇဝတ်မှုလို့ ဆိုနိုင်ပြီး တဦး တယောက်မကတဲ့ သတ်ဖြတ်မှုတွေ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း အများအပြားဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက ထင်ရှားတဲ့ ဖြစ်ရပ်တခုတလေသာမဟုတ်ဘဲ နိုင်ငံရဲ့ အထက်ပိုင်း၊ အနောက်ပိုင်း တောင်ပိုင်းနဲ့ မြောက်ပိုင်း နေရာအနှံ့ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကိုင်တိုက်ခိုက်မှုတွေ အတွင်း ဖြစ်ပွားတဲ့ စစ်ရာဇဝတ်မှုတွေ ကို သီးခြားထားပြီး အရပ်ဘက် လူနေဒေသတွေ၊ မြို့တွေ၊ ရွာတွေမှာ ဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုခင်းတွေကို ကြည့်ကြရအောင်ပါ။

အုပ်ချုပ်တဲ့ အဖွဲ့အစည်း မကြာခဏ ပြောင်းလဲတဲ့ ဟိုဘက်က သိမ်းလိုက် သည်ဘက်က သိမ်းလိုက် နယ်မြေတွေမှာ အုပ်ချုပ်ရေး ပျက်ပြားလို့ ရာဇဝတ်မှု ပိုမိုဖြစ်ပွားသလို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေသာမက နေပြည်တော်လို အာဏာသိမ်းစစ်တပ်ရဲ့ မြို့တော်လိုမျိုးမှာလည်း ဖြစ်ပွားနေတာ တွေ့ရမှာပါ။

ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်လို အာဏာသိမ်းစစ်တပ် အပြည့်အဝထိန်းချုပ်ထားတဲ့ ဒေသမှာ ရာဇဝတ်မှုခင်းတွေ အခြားဒေသတွေလိုပဲ ဖြစ်ပွားနေတာကို ကြည့်ရင် လက်နက်ကိုင်စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေမှာပဲ ကွက်ပြီးဖြစ်ပွားတာမျိုး မဟုတ်တာ ထင်ရှားပါတယ်။ ဒီမြို့ကြီးတွေမှာ ဖြစ်ပွားတဲ့ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှုတွေ အားလုံးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိတာ တွေ့ရပါတယ်။ ဒီမြို့ကြီးတွေမှာ ဖြစ်ပွားတဲ့ လူသတ်မှု၊ ဓားပြမှုတွေရဲ့ ရာနှုန်းအချိုးအစား တခုသာ ဖော်ထုတ်နိုင်တာပါ။ အမှုကြီးတွေ မဟုတ်တဲ့ ခိုးမှု၊ ခါးပိုက်နှိုက်၊ လိမ်လည်မှုတွေရဲ့ အများစုက ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိတာ တွေ့ရမှာပါ။

စစ်အာဏာသိမ်းပြီးနောက် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှုတွေ အဖြစ်များရတဲ့ အကြောင်းရင်းတွေအနက် ရဲတပ်ဖွဲ့လိုမျိုးက လုံခြုံရေးအရ ကင်းလှည့်တာ အကာအကွယ်ပေးတာတွေ မရှိသလောက် နည်းပါးသွားတာလည်း အကြောင်းတချက်အဖြစ် ပါဝင်နေတာပါ။ ရဲတပ်ဖွဲ့ကို စစ်တပ်ရဲ့ အရန်သဖွယ် အသုံးပြုနေတာ၊ နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို ဖမ်းဆီးအရေးယူမှုတွေကိုသာ အရေးတယူ လုပ်နေတာကြောင့် သာမန်ပြည်သူလူထုတွေ ကျူးလွန်ခံနေရတဲ့ ရာဇဝတ်မှုတွေကို မတည်မငြိမ်မှု အကြောင်းပြပြီး လျစ်လျူရှုထားကြတဲ့ သဘောမျိုး တွေ့နေရတာပါ။

လူသတ်မှုနဲ့ ဓားပြမှုတွေ ကျူးလွန်ဖို့ အခြေအနေပေးတဲ့ တရားဥပဒေ စိုးမိုးရေး ပျက်ပြားတဲ့ အကြောင်းအပြင် နောက်အကြောင်းတချက်က လက်နက်တွေ လက်ဝယ်ရဖို့ လွယ်ကူလာတဲ့ အချက် ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်ကြတဲ့အခါ လက်နက်ငယ်တွေ မြို့တွေ နယ်တွေကို သယ်ယူပေးတဲ့ လမ်းကြောင်းတချို့ကနေ လက်နက်ငယ်တွေကို လက်သိပ်ထိုး ဝယ်ယူနိုင်တဲ့ အခြေအနေ၊ တချို့သော လက်နက်ကိုင် တိုက်ခိုက်မှုတွေဖြစ်ပွားတဲ့အခါ သိမ်းယူရရှိတဲ့ လက်နက်အချို့ဟာ မှောင်ခိုစျေးကွက်လိုမျိုးဆီ ရောက်ရှိသွားတဲ့ အခြေအနေတွေလည်း တွေ့မြင်နေရပါတယ်။

ခုကာလတွေမှာ လုယက်မှု၊ ဓားပြမှုတွေ ကျူးလွန်ကြတဲ့အခါ ကျူးလွန်သူတွေအနေနဲ့ သက်သေအဖြစ် မကျန်ရလေအောင် လူကြီးလူငယ်မရွေး သတ်ဖြတ်ပြီး သတင်းအစအန မရအောင် ကျူးလွန်ကြတာကြောင့် လုယက်သတ်ဖြတ်မှု၊ ဓားပြတိုက် လူသတ်မှုတွေ ပိုမိုများပြား လာတာ တွေ့ကြရပါတယ်။ အခုလို ခေတ်ပျက်ကာလမျိုး မဟုတ်ခဲ့ရင်တော့ ကျူးလွန်တဲ့ ပြစ်မှုတွေရဲ့ ပြစ်ဒဏ် အလေးအပေါ့ကို ကျူးလွန်သူတွေ ထည့်သွင်းစဥ်းစားလေ့ရှိပေမဲ့ အခုလို ခေတ်ပျက်တဲ့ ကာလမျိုးမှာ တရားရုံးတင်ပြီး တရားစီရင်ခံရမဲ့ အခွင့်အလမ်းနည်းခြင်းက လုယက်မှု၊ လူသတ်မှုတွေကို တတွဲတည်း ကျူးလွန်ဖို့ အကြောင်းခံတွေ ဖြစ်လာခဲ့တာပါ။

နောက်အကြောင်းအချက်တခုက ပြီးခဲ့တဲ့ ၅ နှစ်ကာလအတွင်း ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချခံရတဲ့ အကျဥ်းသားတွေ မကြာခဏ လွတ်ငြိမ်းခွင့်နဲ့ စစ်ကောင်စီက လွှတ်ပေးနေခဲ့ခြင်းကလည်း ရာဇဝတ်မှု ကျူးလွန်ဖို့ ဖြစ်စေတာလို့ ကောက်ချက်ချနိုင်ပါတယ်။ ရာဇဝတ်မှုအကျဥ်းသားတွေ တနှစ်မှာ လွတ်ငြိမ်းခွင့် ၄ ကြိမ်မှ ၅ ကြိမ်လောက် ကြေညာပြီး လွှတ်ပေးနေရာမှာ ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်လောက်ကျတဲ့ သူတွေအဖို့ တနှစ်၊ နှစ်နှစ်အတွင်း မြန်မြန်ဆန်ဆန် လွတ်မြောက်လာကြတာ တွေ့နေရတာပါ။

အကျဥ်းထောင်တွေမှာ နိုင်ငံရေး ပြစ်မှုနဲ့ အကျဥ်းသားတွေ များများ ထားနိုင်ဖို့ရာ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျသူတွေကို လျှော့ရက်နဲ့ လွတ်ငြိမ်းခွင့် မကြာခဏပေးတဲ့နည်းနဲ့ အကျဥ်းထောင်တွေ ခါတဲ့သဘောလည်း ဖြစ်ပါတယ်။

ဒီအခြေအနေတွေက အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေပါ။

အခြားတဖက်ဖြစ်တဲ့ တော်လှန်ရေး လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာလည်း တရားဥပဒေ စိုးမိုးရေးက အဓိကကျတဲ့ အခက်အခဲ စိန်ခေါ်မှု ဖြစ်လာနေတာ တွေ့ကြရမှာပါ။ လက်နက်ကိုင် အင်အားစုတခုခုက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ ရှိသလို နှစ်ဖက်အကြားမှာ သူတလှည့်ကိုယ်တလှည့် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေး တရားစီရင်ရေး ကောင်းစွာ မဖော်ဆောင်နိုင်တာကြောင့် တရားဥပဒေစိုးမိုးမှုထက် လက်နက်ရှိတဲ့အဖွဲ့တွေက ချမှတ်တဲ့ အမိန့်နဲ့ နေထိုင်နေကြရတဲ့ ဒေသတွေမှာ နေထိုင်နေကြရတဲ့ ဒေသတွေလည်း အများအပြားရှိနေပါတယ်။

သတ်သတ်မှတ်မှတ် အုပ်ချုပ်ရေး တည်ဆောက်နိုင်တဲ့ နယ်မြေတွေမှာလည်း မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတွေ တိုးလာနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ULA/AA အုပ်ချုပ်တဲ့ နယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်လိုမျိုးမှာလည်း လူသတ်မှု၊ မုဒိမ်းမှုလို ရာဇဝတ်မှုတွေ ဖြစ်ပွားနေတဲ့ သတင်းတွေ မကြာခဏ တွေ့နေကြရတာပါ။ အလားတူ NUG/ PDF အုပ်ချုပ်ရေး ရှိတဲ့ စစ်ကိုင်းတိုင်းလို ဒေသမှာလည်း လူသတ်မှု၊ မုဒိမ်းမှု၊ မိသားစုအလိုက် သတ်ဖြတ်ခံရမှုတွေ မကြာခဏ သတင်းတွေမှာ ဖတ်ရှုနေကြရတာပါ။

တရားဥပဒေထက် လက်နက်ရှိသူ အင်အားကြီးသူကသာ အာဏာရှိတယ်ဆိုတဲ့ အယူအဆတွေ တဖြည်းဖြည်း လွှမ်းမိုးလာနေခြင်းက မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်သတ်ဖြတ်မှုတွေကို တိုးမြင့်လာစေတာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေလို့ ခေါ်ဆိုတဲ့ တော်လှန်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူသတ်မှု၊ မုဒိမ်းမှုနဲ့ လုယက် သတ်ဖြတ်မှုတွေကို အပြစ်ဒဏ်ပေးရာမှာ နိုင်ငံရေး အရ ဘက်လိုက်မှုတွေ ရှိနိုင်သလို၊ အကျဥ်းထောင်နဲ့ ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ ယန္တရားတွေ၊ ဝန်ထမ်းနဲ့ စနစ်တွေ အားနည်းတာကြောင့်လည်း တရားမျှတစွာ မစီရင်နိုင်တဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်နေကြရတာ တွေ့ရပါတယ်။

ရာဇဝတ်မှု တရှိန်ထိုး မြင့်တက်လာတဲ့ အခြေအနေကို ဘယ်လို တုံ့ပြန်ဆောင်ရွက်ကြမလဲ၊ ဘယ်လို အဖွဲ့အစည်းတွေက အဓိက တာဝန်ယူလုပ်ဆောင်မလဲ၊ အာဏာသိမ်းစစ်တပ် နယ်မြေမှာ နေထိုင်ကြတဲ့ လူထုတွေသာမက လွတ်မြောက်နယ်မြေလို့ ခေါ်တဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာပါ တပြိုင်နက်တည်း ရင်ဆိုင်နေရတဲ့ ပြဿနာရဲ့ အဖြေက အလှမ်းဝေးနေဆဲဖြစ်တာ တွေ့ကြရတဲ့ အနေအထား ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar