ကိုသန်းလွင် - အကူအညီ
ကိုသန်းလွင် - အကူအညီ
မိုးမခ ၊ စက်တင်ဘာ ၁၅ ၊ ၂၀၂၆
(၁)
အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများတွင် တူညီသည့် တစ်ခုသောအကျင့် ရှိကြပါသည်။ သူတို့ သည် လိုအပ်လာသည့်အခါ ပြင်ပမှ အကူအညီကို တောင်းခံကြပါသည်။
ကျွန်တော် နေထိုင်ရာ မြို့၏ အရှေ့ဘက်တွင် ကားဘိုးဆည်မှ တိုက်ရိုက်စီးဆင်းလာသော မူးတစ်စင်း ရှိပါ သည်။ ၎င်းသည် ၁၂ ရာသီ ရေမလာ။ မိုးခါမြစ်ညာမှာ ရေကြီးမှသာ ကာဘိုးဆည်မှ ရေဖွင့်လိုက်သဖြင့် ရေလာသည်။ ရေတွေ ဒလဟော ဆင်းလာသည်ကို တခါတရံမှသာ တွေ့ကြရသည်။ မူးရေကြီးခြင်းကို တွေ့ရသောအခါ အထူးအဆန်းဖြစ်ပြီး တစ်မြို့လုံး ထွက်ပြီး ရေလာသည်ကို ကြည့်ကြသည်။ တစ်ခါက ရေအလာမှာ သားကြီးနှင့် အတူရေဆင်းချိုးကြပါသည်။ မကြာမီမှာပင် ရေလုံးနောက်သို့ သားငယ် မျောပါသွားပါသည်။ ကျွန်တော်သည် ရေကူးတတ်သူ မဟုတ်၊ သားဇောဖြင့်သာ ရေအတွင်းသို့ ခုန်ချပြီး သားငယ်ကို လိုက်ဆွဲရပါသည်။ သားသည် ရေတွေ ကို အဆုတ်နှစ်ဖက်အတွင်းသို့ ရှူသွင်းရင်း သတိမေ့မြောနေပါသည်။ တတ်နိုင်သမျှ ရုန်းကန်ရင်း အခြေအနေကို ကျွန်တော် သဘောပေါက်လာပါသည်။ လက်တစ်ဖက်က သားငယ်ကို ဆွဲ၍ တစ်ဖက်က ရေပေါ်မှာ လက်ကို ဝှေ့ယမ်းကာ “လာကြပါ၊ ကယ်ကြပါ “ ဟု အလောတကြီး အော်ရပါသည်။
(၂)
ထိုနေ့က ကျွန်တော့်သားနှင့် ကျွန်တော့်အသက်ကို ကယ်လိုက်သည်မှာ ရေအားကို ဆန့်ကျင်၍ ရုန်းကန်ခြင်းကြောင့် မဟုတ်ပါ။ ကျွန်တော်တို့နှစ်ဦးအဖြစ်ကို နားလည်သော၊ ဘယ်လိုလုပ်၍ ဘယ်လို ဆယ်ရမည်ကို သိသောဘေးမှ ကျွမ်းကျင်သည့်လူများကြောင့်သာ ဖြစ်ပါသည်။ အားလုံးဝိုင်း၍ ကျွန်တော့်သားနှင့် ကျွန်တော့် ကို မြေမာပေါ်သို့ရောက်အောင် ပို့၍ ချထားကြပါသည်။ သူတို့ကြောင့်သာ ကျွန်တော်နှင့် ကျွန်တော့်သားသည် အသက်ဆက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
လူအများသည် အသက်နှင့်ရင်းရသည့်အခါများတွင် အကူအညီခေါ်ရသည်ကို နားလည်ကြပါသည်။ ရေနစ်နေလျှင် အသက်ကယ်သည့် Life Guard ကို ခေါ်၍ မီးလောင်လျှင် သို့မဟုတ် အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်လျှင် 911 ကို ခေါ်ရမည်။ သို့သော် ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးနှင့် အလုပ်နှင့်ဆိုင်သည့် ကိစ္စများတွင် ပြင်ပလူများကို အားကိုးရမည့်အစား မိမိကိုယ်တိုင်ကိုသာ အားကိုး၍ ပြဿနာများကို ဖြေရှင်းကြရသည်။
ပြင်ပမှအကူအညီသည် လူကို အားအင်ချည့်နဲ့စေသည်။ အကူအညီမယူခြင်းက မိမိကိုယ်ခံအားကို တိုး တက်စေသည်ဟူ၍ ဆင်မျူရယ် စမိုင်း (Samuel Smile) ၏ Self-Help စာအုပ်က ဆိုပါသည်။ ၎င်းစာရေးဆရာသည် အင်္ဂလန်ပြည်မှ ဖြစ်သော်လည်း သူ့စာအုပ်သည် အမေရိကန်နိုင်ငံတွင် ကျော်ကြားခဲ့သည်။ ထို့နောက် အမေရိကန်ပြည်၌ မိမိဘဝကို ကိုယ်တိုင်တည်ဆောက်သူ၊ ရဲရင့်သူအများအပြား ပေါ်ပေါက်ခဲ့သည်။ သောမတ် အယ်ဒီဆင် မှာ မီးလုံးအတွက် အမျိုးအမည် တစ်ထောင်မကသော Filament များကို စမ်းသပ်ခဲ့သည်။ စတိဂျော့ (Steeve Jobs) မှာ ကမ္ဘာကြီး၏ တက်ခနိုလိုဂျီကို ပြောင်းလဲစေခဲ့သည်။
တစ်ဦးတည်း ရုန်းကန်လှုပ်ရှားရင်း အခက်အခဲများကို တစ်ခုပြီးတစ်ခု ကျော်လွှားနေသော လူတစ်ယောက်၏ အကြောင်းကို စဉ်းစားကြည့်ပါ။ ဘဝတစ်ခုတွင် ရည်မှန်းချက် အောင်မြင်ရေးအတွက် နှစ်နှစ်ကာကာ ရယူလိုမှုနှင့် သည်းခံနိုင်စွမ်းအားတို့ လိုအပ်ပါသည်။ သို့သော် အထက်ပါအရည်အချင်းများမှာ လူအများက ဝိုင်းဝန်းချီးကျူးကြသော အရည်အသွေးများ မဟုတ်ကြပါ။ ထိုကဲ့သို့ သဘောထားရှိသူများကို လူအများ၏ အတွင်းစိတ်က မုန်းတတ်ကြပါသည်။ အကယ်စင်စစ် ခြွင်းချက်မရှိ အောင်မြင်ကြသည်မှာ ဘေးမှထောက်ပံ့သူ၊ ထောက်ခံသူတို့ ရှိရပါသည်။ သုတေသနပြုလုပ်ချက်များအရ ဘေးမှ အကူအညီကို တောင်းခံခြင်းသည် အောင်မြင်မှုအတွက် လိုအပ်ချက် တရပ် ဖြစ်သည်။
တန်ဂမ် (Nicolai Tangen) သည်ကမ္ဘာအကြီးဆုံး ချမ်းသာကြွယ်ဝမှု (Wealth fund) ကော်ပိုရေးရှင်း၏ အဓိကခေါင်းဆောင် (Chief Officer) ဖြစ်ပါသည်။ သူ့ကို အင်တာဗျူးလုပ်သောအခါ သူက သူ၏လက်ထောက် အမျိုးသမီး စတားဟိန် (Grete Starheim) သည် အလွန်အရေးပါကြောင်း ပြောပြပါသည်။ သူသည် သူ့အစား စကားပြောနိုင်သည်ဟု ယုံကြည်သည်။ သူက “ ရှင်မှားနေပြီ “ ဟု ပြောသောအခါ သူ နားထောင်ရန် အဆင်သင့် ဖြစ်နေသည်။ ဤမျှအရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးသည် ဤသို့ အရည်အချင်းရှိသူ တစ်ယောက်၏ အရိပ်အောက် သို့ ရောက်နေရပါသနည်း။ အမေရိကန်ပြည်မှ ကျော်ကြားသော သမ္မတကြီးများ၏နောက်တွင် သူတို့၏ ဇနီးသည်များ ရှိနေသည်ဆိုသော စကားကို ကြားဖူးပါသည်။ အရေးကြုံလာလျှင် မိမိက ရင်းနှီးခင်မင်နေသော ယုံကြည်ရသောသူတို့၏ အကူအညီကို ယူရစမြဲ ဖြစ်ပါသည်။ မစ္စတာ တန်ဂမ်က တပါးသူ၏ အကူအညီ လိုသည်ဟု ပြောရသည်မှာ စိတ်မသက်မသာဖြစ်ရသည်ဟု ပြောသည်။
တီဗွီဆိုင်ရာပုဂ္ဂိုလ် (TV Personal) အိုဘရိုင်ရင် (Canon O’Brien) အကြောင်းကို စဉ်းစားကြည့်ပါ။ သူသည် ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ယူသည့်သူများ ဘွဲ့ယူခြင်းအခမ်းအနား (Commencement) တွင်စကား ပြောရသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ဟားဗတ်တက္ကသိုလ်သည် အဆောက်အဦးများချဲ့ရင်း အနီးအနား အော်စတန် (Allston) မြို့တဝက်နီးပါးကို ဝယ်ခဲ့ရသည်။ သူက သေသူရော ရှင်သူရော ဖိတ်ခေါ်နိုင်ခွင့်ရှိခဲ့ပါလျင် ဟားဗတ် တစ်မြို့လုံးနှင့် အော်စတန်မြို့တဝက်မှ လူများလာကြလိမ့်မည်ဟု ဆိုသည်။ သူကသူယခုလို ဘွဲ့ယူသည့်အခမ်း အနားတွင် စကားပြောနိုင်အောင် သူ့အောင်မြင်မှုရလာအောင် ထိုမြို့ နှင့် အနီးတဝိုက်မှလူများက ဝိုင်းဝန်းအကူ အညီပေးကြသည်ဟု ဆိုလိုသည်။
သူတို့နှစ်ဦးလုံးမှာ သူတို့အတွေ့အကြုံကို ရိုးရိုးသားသား တင်ပြနေကြခြင်းသာ ဖြစ်သည်။ ကလေးများတွင် နားလည်ခြင်း၊ အောင်မြင်ခြင်း ဆိုသည်မှာ အရေးအကြောင်းရှိလျှင် ကူညီမည့်သူထံမှ အကူအညီများကို ယူရခြင်းဖြစ်သည်ဟု သုတေသနပြုသူများက ဆိုသည်။ ကောလိပ်ကျောင်းသား များတွင် အများ၏ အကူအညီကို တောင်းယူတတ်သူများမှာ တစ်ဦးတည်း ကြိုးစားနေသူထက် အဆင့်သာလွန်ကြောင်းကို များစွာသော အတွေ့ အကြုံများအရသိနိုင်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ မိမိ၏နှလုံးသားခံစားချက် အတွက် မိမိကိုထောက် ခံပံ့ပိုး မည့်သူကို ရှာဖွေခြင်းသည် အကျိုးသက်ရောက်မှုရှိသော ရှာဖွေမှုပင်ဖြစ်ကြောင်းသိနိုင်ပါသည်။ တခါတရံ စိတ် ကျန်းမာရေးအတွက် မိမိကို ထောက်ခံပေးမည့်သူများ လိုအပ်တတ်သည်။
သုတေသနပြုလုပ်ချက်များအရ သိရသည်မှာ တီထွင်သူ၊ ရှေ့ဆောင်ဆော်သြသူများမှာ သူတို့အချင်း ချင်း တွေ့ဆုံ၍ တိုင်ပင်ညှိနှိုင်းလျှင် ပိုမိုအောင်မြင်နိုင်ကြောင်း သိသာသည်။ လုပ်ငန်းတစ်ခု တည်ဆောက်ရာ တွင် တစ်ဦးတည်း လုပ်ဆောင်ခြင်းထက် မိမိကို အကြံပေးသူ၊ နှလုံးသားဆိုင်ရာ ခံစားချက်များတွင် အထောက်အကူပေးသူတို့ရှိလျင် ပိုကောင်းသည်ဟု ဆိုသည်။ ပူးပေါင်းလုပ်ဆောင်လျှင် ပိုမိုအောင်မြင်နိုင်သည်။ ကော်ပိုရေးရှင်းတစ်ခုတွင် အုပ်စုဖွဲ့၍ လုပ်ဆောင်ချက်များ၊ စုပေါင်း၍ ညစာသုံးဆောင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး သတင်းဖလှယ်ခြင်းများ၊ လုပ်ဆောင်လျင် ဗဟုသုတကို ဝေငှခြင်းဖြစ်ပြီး လုပ်ငန်းအောင်မြင်နိုင်သည်။
လုပ်ငန်းတစ်ခုကို တစ်ဦးထက်ပိုပြီး ပိုင်ဆိုင်ပါက လူပုဂ္ဂိုလ်တို့အကြား ဖြစ်လာနိုင်သည့် ပြဿနာ အခက်အခဲများရှိသည်မှာ မှန်ပါသည်။ ထိုအချက်ကိုလည်း အသင်းအဖွဲ့မစမီက ကြိုတင်စဉ်းစားထားသင့်သည်။
လုပ်ငန်းအားလုံးကို မိမိဖာသာ တစ်ယောက်တည်း လုပ်ဆောင်နိုင်သည်၊ အပြီးသတ်သည်အထိဆောင် ရွက်နိုင်သည်မှန်စေ အုပ်စုလိုက် စုပေါင်းစဉ်းစားခြင်း (Brain Storm) လုပ်ခြင်းသည် မိမိတစ်ယောက်တည်း မှားနေခြင်း၊ အမှားကို ပြုမိခြင်းများကို သိသာပေါ်လွင်လာစေသည်။ အုပ်စုလိုက် ဆွေးနွေးခြင်းသည် တယောက် တည်းလုပ်နေခြင်းထက် ပို၍ အကွက်စေ့၊ ထောင့်စေ့ မြင်နိုင်သည်။ သင်၏ လုပ်ဆောင်ချက်မှားသွားလျှင် သင့်ကို ဘေးမှနေ၍ ပျော်ရွှင်လာအောင် အထောက်အကူပြု စကားပြောဖော်ရအောင် ဘေးက ဆောင်ရွက်ပေးနိုင်သည်။
အသက်အရွယ်ငယ်သော အချိန်တွင် စိတ်ပညာရှင်များခေါ်သည့် မိမိကိုယ်ကိုယ် တော်သည်၊ တတ်သည် ထင်သော (Illsion on Self Efficiency) အထင်ရှိတတ်သည်။ ပတ်ဝန်းကျင်မှ လူများအပေါ် မည်မျှမှီခိုနေရသည်ကို မသိသော အမြင်ပင် ဖြစ်သည်။ စမ်းသပ်မှုတစ်ခုတွင် စက်ပစ္စည်းတစ်ခုကို အသုံးပြုနည်းကို သိ၊ မသိ စမ်းသပ်သည်။ အုပ်စုတစ်ခုတွင် အုပ်စုဝင်အချင်းချင်း မဆွေးနွေး မပြောဆိုရဘဲ မိမိဘာသာ အဖြေရှာရသည်။ နောက်အုပ်စုတွင်မူ စက်ပစ္စည်းနှင့်ပက်သက်၍ ထင်သမျှ သိသမျှ ပြောပိုင်ခွင့်ရှိသည်။ တစုံတရာ သဲလွန်စ တစ်ခုကို သိသူတစ်ဦးက ပြောသဖြင့် အချင်းချင်းတိုင်ပင်ကာ အဖြေရှာကြရာမှ အဖြေကို တွေ့ရှိသွားသည်။ စမ်းသပ်မှုပြီးဆုံးသောအခါ ဒုတိယအုပ်စုမှ လူတို့၏ ၇၀% သည် သူတို့ စက်ကို မောင်းနှင်တတ်ပါပြီဟုပြော ကြသည်။
(၃)
လိုအပ်သောအချိန်တွင် ဘေးမှအကူအညီကို တောင်းခံခြင်းမှာ အောင်မြင်သူတို့၏ အမူအကျင့်တစ်ခု ဖြစ်ပါသည်။ သင်တစ်ယောက်တည်း မတတ်နိုင်သောအခါ ဘေးမှဝိုင်းကူရပါသည်။။ ကျွန်တော့်သားကြီးနှင့် ကျွန်တော်တို့ အသက်ရှင် နေထိုင်ခွင့်ရခြင်းမှာ ဘေးမှ ကူညီတတ်သော လူတို့၏ အကျင့်ကြောင့် ဖြစ်ပါသည်။
ကိုသန်းလွင်
Ref: Successful People, They have one habit in common, By Angela Duckworth, NY Time 28 August 2026
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar