Breaking News

သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၂)

သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၂)

(မိုးမခ) အောက်တိုဘာ ၆ ၊ ၂၀၂၄


မြောက်ကိုရီးယားရဲ့ အသိအမှတ် မပြုလို့ မဖြစ်တဲ့ ဥမင်တူးနည်းပညာတွေကို နိုင်ငံအပြင်ဘက်မှာလည်း တွေ့ရှိရပါတယ်။ သူနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အီရန်၊ ဆီးရီးယားတို့လို နိုင်ငံတွေကနေ အခြား အရှေ့အလယ်ပိုင်းဒေသတွေကို ဒီ နည်းပညာတွေ တဆင့်ခံ ရောက်ရှိသွားတာမျိုးလို့ ဆိုကြပါတယ်။

လက်ဘနွန်မှာ ဟက်ဇ်ဘိုလာ (Hezbollah) အုပ်စုတွေ ဖောက်လုပ်ထားတဲ့ ဥမင်တွေက မြောက်ကိုရီးယားရဲ့ ခြေရာ လက်ရာနဲ့ အတော်နီးစပ်တယ်ဆိုတဲ့ အစီရင်ခံစာတွေ၊ အဲဒီဥမင်တွေကို အစ္စရေးတို့ဘက်က ရှာဖွေ​တွေ့ရှိပြီးတဲ့ နောက်ပိုင်းကတည်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။

အရင်ကလည်း ဂါဇာဘက်မှာ ဥမင်လမ်းကြောင်းတွေ ရှိခဲ့ပေမယ့် အခုလို ဓာတ်လှေကားများ တပ်ဆင်ထားတဲ့ ဟားမတ်စ်တို့ရဲ့  ရှုပ်ထွေးဆန်းပြားတဲ့ ပင့်ကူအိမ် ဥမင်ကွန်ရက်များကတော့၊ ဟက်ဇ်ဘိုလာတို့ဆီကတဆင့် လက်ဆင့်ကမ်း နည်းပညာအကူအညီတွေနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆကြပါတယ်။

အီရန်နဲ့ မြောက်ကိုရီးယားလိုပဲ လက်ဘနွန်က ဟက်ဇ်ဘိုလာနဲ့ အီရန်တို့ရဲ့ နီးကပ်တဲ့ ပူး​ပေါင်းဆက်ဆံရေးတွေကနေ မြောက်ကိုရီးယား နည်းပညာများကို တဆင့်ခံ ရရှိတာလို့ တွက်ဆကြပါတယ်။ မြောက်ကိုရီးယား အင်ဂျင်နီယာ အကြံပေး၊ ကျွမ်းကျင်သူများ လက်ဘနွန်ကို ရောက်ရှိခဲ့တယ်ဆိုတဲ့ သတင်းမှတ်တမ်းတွေလည်း ရှိပါတယ်။

အမည်တပ်ပြီး ပြောရရင် Korea Mining Development Trading Corporation (KOMID)အနေနဲ့ ဟက်ဇ်ဘိုလာတို့ရဲ့ ဥမင်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားမှာ ဟက်ဇ်ဘိုလာတို့ကို လေ့ကျင့်သင်တန်းပေးခဲ့ဖူးတယ် ဆိုတဲ့ ထောက်လှမ်းရေးသတင်းများလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။

KOMID ဟာ မြောက်ကိုရီးယားရဲ့ အဓိကလက်နက်တင်ပို့ရောင်းချတဲ့ ကုမ္ပဏီတခုလည်းဖြစ်ပြီး ကုလသမဂ္ဂရဲ့ အမည်ပျက်စာရင်းထဲ ၂၀၀၉ ခုနှစ်ကတည်းက ပါထားပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဆီးရီးယားကို ဓာတုလက်နက်တွေ တင်ပို့ဖို့ ကြိုးစားခဲ့တာကို ကုလသမဂ္ဂက မှတ်တမ်းတင်ခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ်  ပိုတင်းကျပ်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံး ဖြတ်ချက်၂၃၇၁-(၂၀၁၇) နောက်ပိုင်း၊ မြန်မာနိုင်ငံကလည်း မြောက်ကိုရီးယားသံရုံးက ဒုတိယအတွင်းဝန် Kim Chol Nam ကို နှင်ထုတ်ခဲ့ပါတယ်။ သူဟာ KOMID နဲ့ ထဲထဲဝင်ဝင် ပတ်သက်သူတဦးလို့ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံထဲက စစ်တပ်နဲ့ ဆက်စပ်တဲ့ ပရောဂျက်များစွာမှာ မြောက်ကိုရီးယားတို့ ဘယ်လိုပါဝင်ပတ်သက်ခဲ့ကြတယ် ဆိုတာကို ခန့်မှန်းနိုင်ပါလိမ့်မယ်။

အခု မြင်တွေ့နေရတဲ့ ဂါဇာဘက်က ဟားမတ်စ်တို့ရဲ့ မြေအောက်လိုဏ်ခေါင်းကွန်ရက် တည်ဆောက်မှုတွေက မြောက်ကိုရီးယားတို့ကိုယ်တိုင် ကြီးကြပ်တည်ဆောက်ထားသလောက် အဆင့်အတန်း မမြင့်သေးဘူးလို့လည်း ပြောနိုင်ပါတယ်။ 

ပြီးတော့ ဟားမတ်စ်တို့ ဥမင်တူးကြတဲ့အခါ အစ္စရေးထောက်လှမ်းရေးနဲ့ နည်းပညာကွန်ရက်တွေကိုရှောင်ကွင်းဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်ခဲ့ကြရတာပါ။ အစ္စရေးဘက်ကလည်း ဟားမတ်စ်တို့ တူးဖော်နေကြတာကို ကြိုတင်သတိရှိထားကြပါတယ်။

တောင်ကိုရီးယားဘက်ကို စိမ့်ဝင်နိုင်ဖို့ တူးဖော်ခဲ့တဲ့ ဥမင်လိုဏ်ခေါင်းတွေ ဆိုရင်လည်း တိတ်တဆိတ် လျှို့ဝှက်လုပ်ရတာဖြစ်တဲ့အတွက် စိမ်ပြေနပြေ စိတ်တိုင်းကျ လက်စွမ်းပြ တည်ဆောက်ထားခဲ့တာမျိုး မဟုတ်သေးဘူးလို့ ဆိုရမှာပါ။

နေပြည်တော် ဥမင်လိုဏ်ခေါင်းများနှင့် မြောက်ကိုရီးယား လျှို့ဝှက်မှုတွေ များပြားဆဲဖြစ်တဲ့ နေပြည်တော် ဥမင်ကွန်ရက်ကတော့ မြောက်ကိုရီးယားလက်ရာ အတိအကျ ဖြစ်ပြီး လုံခြုံရေးအစီအမံများနဲ့ စနစ်တကျ တည်ဆောက်ထားတယ်လို့ပဲ ထွက်ရှိခဲ့ဖူးတဲ့ သတင်းမှတ်တမ်းတွေအရ ပြောကြားကြရပါလိမ့်မယ်။

နေပြည်တော်ဥမင်တွေကိုလည်း လျှို့ဝှက်ဆောက်လုပ်ခဲ့တယ် ဆိုပေမယ့် အထက်က ဥပမာပြခဲ့တဲ့ ဟားမတ်စ် တို့ရဲ့ လျှို့ဝှက်ဥမင်စီမံကိန်း၊ ကိုရီးယားစစ်မဲ့ဇုန်အောက်ကနေ လျှို့ဝှက်ဖောက်ခဲ့ရတဲ့မြေအောက်လိုဏ်ခေါင်းတို့လို မျက်စိဒေါက်ထောက် ကြည့်ခံနေရတာမျိုး မရှိခဲ့ဘဲ၊ နိုင်ငံဘဏ္ဍာစိတ်ကြိုက် သုံးဖြုန်းနိုင်ခဲ့တဲ့ စစ်အစိုးရတရပ်အနေနဲ့ လွတ်လွတ်လပ်လပ် အချိန်ယူ တည်ဆောက်ခွင့် ရခဲ့တာမျိုးပါ။

ဒါကိုကြည့်ရင်ပဲ အယောင်ပြခံစစ်မျိုးအတွက် မဟုတ်ဘဲ၊ အသေးစိတ် လုံခြုံရေး အစီအမံတွေ အသေအချာ ထည့်သွင်း ဆောက်လုပ်ထားခဲ့တဲ့ မြေအောက်ကွပ်ကဲမှု စစ်ဌာနချုပ်တခုရဲ့ စီမံကိန်းကြီးလို့ မှန်းဆရပါလိမ့်မယ်။

နိုင်ငံတကာမှာတော့ နိုင်ငံတခုရဲ့ မြေအောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွေဆိုရင် ဆက်သွယ်ရေးကွန်ရက်၊ ဖိုင်ဘာကွန်ရက်၊ သီးသန့်လျှပ်စစ်ဓာတ်အားလိုင်း (ဂျန်နရေတာတွေလည်း သီးသန့်ထားရှိပါတယ်)၊ ရေပေးဝေ ရေးစနစ်၊ လေသန့်စင်စနစ်၊ အရေးပေါ် ဆေးရုံ ဆေးခန်းတွေ မပါမဖြစ် ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဆေးရုံအဆင့် ထည့်မထားနိုင်ရင်တောင်၊ အနည်းဆုံးတော့ အထူးကုသမှု ပြုလုပ်ပေးနိုင်မယ့် ဆေးရုံကြီးတွေဆီ အမြန်ဆုံးရောက်နိုင်မယ့် လမ်းမတွေနဲ့ ဖောက်လုပ်ဆက်သွယ်ထားတတ်ပါတယ်။

အတိုက်ခိုက်ခံရတဲ့အချိန်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ရှိလာနိုင်တဲ့အတွက် ရွေ့လျားစက်လှေကား တပ်ဆင်ဖို့ ပိုအားသန်ကြသလို၊ ရိုးရိုးဓာတ်လှေကားကိုပဲ တပ်ဆင်အသုံးပြု

ကြတာတွေလည်း ရှိပါတယ်။


(ဆက်လက်ဖော်ပြပါဦးမည်)

👉သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar