လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၃ )

၁၉၄၉ အောက်တိုဘာ(၁)ရက် ပီကငိး တိန်အာမင်ပေါ််က မော်။
လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၃ )
(မိုးမခ) အောက်တိုဘာ ၄ ၊ ၂၀၂၄
တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံစံ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌမော်စီတုံးက တည်ထောင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ တရုတ်ပြည်ဟာ စမ်းတ၀ါး၀ါးနဲ့ သူ့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို ရှာခဲ့ပါတယ်။
၁၉၄၉ ခုနှစ်မတိုင်ခင်က တရုတ်ပြည်ရဲ့ စီးပွားရေးစနစ်ဟာ ကိုလိုနီတပိုင်း စီးပွားရေးပဲ ဖြစ်နေခဲ့ပြီးနိုင်ငံခြား လက်ဝါးကြီးအုပ်အရင်းရှင်များရဲ့ လက်ဝေခံ (Compradors) မိသားစုကြီး ၄ စုက အများစုကို အုပ်စီးထားတာပါ။ အာဏာရှင် ချန်ကေရှိတ် မိသားစုနဲ့ အသိုင်းအဝန်းတွေကသာ ကြွယ်ဝချမ်းသာကြတာပါ။
အဲဒီတုန်းက တရုတ်ပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ၁၀ မှာ ပါပါတယ်။ ၁၉၄၉ က ကိန်းဂဏန်းတချို့ကို ကြည့်ရအောင်ပါ။
တရုတ်ပြည်လူဦးရေ- သန်း ၅၅၀ ။ လူ့သက်တမ်း - ၃၇ နှစ် ။ ကလေးသေနှုန်း - ၁၀၀၀ မှာ ၂၀၀။စာတတ်သူ - လူဦးရေရဲ့ ၂၀ ရာနှုန်း ။
၁၉၄၉ နောက်ပိုင်းမှာတော့ နိုင်ငံခြားနဲ့ပတ်သက်တဲ့ စီးပွားရေးတွေအားလုံး တရုတ်ပြည်က ထွက်သွားပါတယ်။ တရုတ်ပြည်အနေနဲ့ အမျိုးသားအရင်ရှင်လူတန်းစားနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ၊တိုင်းပြည်ရဲ့ တည်ဆောက်ရေးတွေ ကိုယ့်အားကိုယ်ကိုး ကြိုးစားလုပ်ဆောင်မှုတွေ ရှိခဲ့ပါတယ်။
တရုတ်တွေရဲ့ အဲဒီကာလ စီမံကိန်းဟာ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး ဖြစ်တာကြောင့် အဲဒီအချိန်က ဆိုရှယ်လစ်စနစ် တည်ဆောက်နေပြီး အောင်မြင်မှုတွေလည်း ရနေတဲ့ ဆိုဗီယက်ယူနီယံရဲ့စီးပွားရေးတည်ဆောက်ရေး ဖြစ်တဲ့ ၅ နှစ်စီမံကိန်းတွေကို တိုက်ရိုက်နီးပါး ပုံသေကူးချခဲ့ကြပါတယ်။
ဆိုဗီယက်ကလည်း လူအား၊ ပစ္စည်းအား အများကြီး အကူအညီတွေ ပေးခဲ့ပါတယ်။ အရင်းရှင်နိုင်ငံများကတော့ အပြတ်ပိတ်ဆို့ထားတာပါ။
၁၉၅၀ ပြည့်နှစ်အကုန် ၆၀ ပြည့်နှစ်အစပိုင်းများလောက်မှာ တရုတ်နဲ့ ဆိုဗီယက်တို့ ဆက်ဆံရေးပျက်သွားပြီးနောက် ဆိုဗီယက်တွေအားလုံး ပြန်ဆုတ်သွားကြပါတယ်။ ဒီမှာတင် တရုတ်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အားကိုယ်ကိုး ကျုံးရုန်းရပါတော့တယ်။
တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ (မော် ခေတ်လို့ ခေါ်ဆိုလေ့ရှိတဲ့ ၁၉၄၉-၇၆) ၂၇ နှစ်အတွင်း လူသားသမိုင်းမှာ မရှိခဲ့ဖူးသေးတဲ့ မိုးအောက်မြေပြင်တလွှား သိမ့်သိမ့်တုန်စေတဲ့ တရုတ်ပြည်ရဲ့ တိုးတက်မှုကြီးကို ရစေခဲ့ပါတယ်။ (၁၉၆၄ မှာ အဏုမြူဗုံးကို စမ်းသပ်ဖောက်ခွဲလိုက်နိုင်ပါတယ်။)
၁၉၇၆ ခုနှစ် (ယဉ်ကျေးမှုတော်လှန်ရေး ၁၀ နှစ်အပြီး) ကိန်းဂဏန်းများကို ကြည့်ရအောင်ပါ။
လူဦးရေ သန်း ၈၀၀ ။ လူ့သက်တမ်း ၆၈ နှစ်။ ကလေးသေနှုန်း ၁,၀၀၀မှာ ၅၀ ။ စာတတ်သူ လူဦးရေရဲ့ ၈၀ ရာနှုန်း။
ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍမှာ အအောင်မြင်ဆုံးဖြစ်ပြီး၊ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ တစိတ်တပိုင်းတော့ အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။
မသင်မနေရ ပညာရေးစနစ်နဲ့ ကူးစက်ရောဂါပပျောက်ရေးများကို လူထုတရပ်လုံး ပါ၀င်တဲ့လှုပ်ရှားမှုများအဖြစ် လုပ်ဆောင်ခဲ့ကြတာပါ။ ဒါမျိုးကို ပြည်သူ့အကျိုး ဦးထိပ်ထားတဲ့အစိုးရနဲ့ အစိုးရအပေါ် အပြည့်အ၀ယုံကြည်မှုရှိတဲ့ လူထုရှိတဲ့ တိုင်းပြည်များမှာသာ ဖော်ဆောင်နိုင်တာပါ။
ဒီလို တချို့နယ်ပယ်တွေမှာ အောင်မြင်မှုတွေရပေမယ့် တိုင်းပြည်စီးပွားရေးဖက် (တရားသေ စီမံကိန်းကျ စီးပွားရေးစနစ်အောက်မှာ)မှာတော့ အခြေအနေမကောင်းလှပါ။ လူတဦးချင်း ၀င်ငွေဟာ တနှစ် ဒေါ်လာ ၁၇၀ ကျော်လေးသာရှိသေးလို့ ကုလ သတ်မှတ်တဲ့နှုန်းအရဆိုရင် ဖွံ့ဖြိုးမှုနိမ့်နိုင်ငံတနိုင်ငံပဲ ဖြစ်နေပါသေးတယ်။
၁၉၇၈ ခုနှစ် တိန်ရှောင်ပင် တက်လာပြီးနောက် ဖွံ့ဖြိုးတိုးတက်မှုပုံစံတမျိုး ပြောင်းလိုက်ပါတယ်။
တံခါးဖွင့်နဲ့ ပြုပြင်ပြောင်းလဲရေး ပေါ်လစီ တဲ့။
အဲဒီပေါ်လစီ အနှစ် ၄၀ ကျော် ကျင့်သုံးလာပြီးနောက် အခုနောက်ဆုံး ထွက်လာတဲ့ ကိန်:ဂဏန်းများကို ကြည့်ရအောင်။
၂၀၂၀ မှာ လူဦးရေ သန်းပေါင်း ၁၄၁၇ ။ ဆင်းရဲမှု လုံး၀ပပျောက်သွားပြီး ကုလသမဂ္ဂရဲ့ (၂၀၃၀-စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၁၇ ချက်) ကို ၁၀ နှစ် စောပြည့်မီလိုက်ပါတယ်။ ၂၀၁၇ ကစလို့ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်သွားပြီး လူတဦးချင်း ၀င်ငွေဟာဒေါ်လာ ၁၂၀၀၀ ကျော်သွားပါပြီ။ လူ့သက်တမ်းက (၂၀၂၃ အကုန်မှာ) ၇၈ နှစ်ပါ။ (ရှံဟဲလို ကျန်းမာရေးစောင့်ရှောက်မှု အင်မတန်ကောင်းတဲ့ အရပ်တွေမှာ ၈၃ နှစ်တဲ့)။
ဒီလို လူသားသမိုင်းမှာ မကြုံစဖူး အံ့သြစဖွယ်ဖြစ်ရပ်များကို ဖော်ဆောင်ပေးခဲ့တဲ့ တံခါးဖွင့်နဲ့ ပြုပြင်ပြောင်းလဲရေး ပေါ်လစီ ဆိုတာ ဘာတွေလဲ။
နောက်ဆောင်းပါးမှာ ဆက်ပါ့မယ်။
လှကျော်ဇော
၂-၁၀-၂၀၂၄
(မှတ်ချက်။ ။အချက်အလက်များကို www.google.com.မှ ရယူပါတယ်။)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar