Breaking News

ငါတို့ ရပ်တန့်လို့မရဘူး အောင်ခန့်ဇော်

ငါတို့ ရပ်တန့်လို့မရဘူး အောင်ခန့်ဇော်

(မိုးမခ) အောက်တိုဘာ ၅ ၊ ၂၀၂၄

ငါတို့ ရပ်တန့်လို့ မရဘူး
သားကြီးအောင်ခန့်ဇော်။
တောင်ကျချောင်း ဆိုတာ
ဘယ်တော့မှ
နားနားပြီး မစီးဘူး။
ငါတို့ ရပ်တန့်နေလို့ မဖြစ်ဘူး
ဂျပန်ကြီး အောင်ခန့်ဇော်။
ကိုယ်က ကျားကို မသတ်ရင်
ကျားက ကိုယ့်ကို
သတ်မှာပဲ။
ငါတို့ ရပ်နားနေလို့ မရဘူး
အောင်ခန့်ဇော်။
ရခိုင်ရိုးမ
အာရက္ခက
မင်းကို ခေါ်နေပြီ
ပြန်လာခဲ့တော့ အောင်ခန့်ဇော်။
ရခိုင်ရိုးမ
ထိုးစစ်လှပြီ
တောင်ကျချောင်းဆိုတာ
ဘယ်တော့မှ
နားနားပြီးမစီးဘူး။
ကျိန္တလီ ကျပြီ
ဂွကိုရရင်
ငါးသိုင်းချောင်း
ရေကြည်
အင်္ဂပူ။
ဆယ့်လေးမျဥ်းစောင်း
ခွပ်တဲ့ဒေါင်းမှာ
မောင်းပြန်တွေပြင်ကြတော့။
သာလီစွပါ
ကျိန္တလီ ကျပြီ
ဂွကို ရရင်
ချောင်းသာ
ငွေဆောင်
ငရုတ်ကောင်း။
ဆယ့်လေးမျဥ်းစောင်း
ခွပ်တဲ့ဒေါင်းမှာ
မောင်းပြန်တွေ ဆင်ကြတော့။
ရခိုင်ရိုးမအရှေ့
ထိုးစစ်ရွေ့ပြီ
တွေ့လား တွေ့လား
ရှေ့က မြစ်ဝကျွန်းပေါ်။
မြစ်ဝကျွန်းပေါ် ဆိုတာ
အရေးတော်ပုံတိုင်းမှာ
သမိုင်းအရ အမြဲအရေးပါတယ်။
ရခိုင်ရိုးက
ထိုးစစ်မျှရင်
မြစ်ဝကျွန်းပေါ်
တိုက်ပွဲဖော်မယ်
အောင်ခန့်ဇော်
မင်း ပြန်ခဲ့တော့။
မင်း ပြန်ခဲ့တော့ အောင်ခန့်ဇော်
မြစ်ဝကျွန်းပေါ်
မင်းကို ခေါ်နေပြီ။
ငဝံက မင်းကိုခေါ်နေပြီ
ရွေးက
ပြာမလော့က
ပမ္မဝတီက
တိုးက မင်းကိုခေါ်နေပြီ
မင်း ပြန်လာခဲ့တော့အောင်ခန့်ဇော်။
ငါတို့ဟာ
နတခဧရိယာကြီးထဲမှာ
သမိုင်းဝင်ခဲ့ကြတယ်။
အခုငါတို့
နတခဧရိယာကြီးထဲမှာ
တိုက်ပွဲဝင်ကြရတော့မယ်။
ရခိုင်ရိုးမ
မိုးသည်းစွလေ
နပခကြီး မိုးချုပ်ရင်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်တဲ့
ရမခကြီး မိုးချုပ်သလို
လှလှပပကြီး မိုးချုပ်သွားစေရမယ်။
ငါတို့
ပုသိမ်မှာ ပြန်ဆုံကြမယ် အောင်ခန့်ဇော်
မြစ်ဝကျွန်းပေါ်မှာ
ငါတို့ ပြန်ဆုံကြမယ်။
ငါတို့ ဘယ်နေရာမှာဆုံဆုံ
ရန်မူမဲ့
ရန်သူနဲ့ ကြုံရမယ်။
မြစ်ဝကျွန်းပေါ်ဟာ
ချောင်းတွေ မြောင်းတွေ ပေါသလို
သူလျှိုတွေ ဒလန်တွေ
ပဉ္စမံတွေလည်း ပေါတယ်လေ။
မြစ်ဝကျွန်းပေါ်မှာ
ဖွတ်တွေ များသလို
ဖွတ်သေရင် တစ္ဆေမဖြစ်ဘူး
ပျူစောထီး ဖြစ်တယ်လေ။
ပုသိမ်မှာ
နတခ (ဌာနချုပ်) တောင်ပေါ်
ခလရ (၃၈) ရွှေမြင်တင်
တဗက (၅) ဝါးယားချောင်း
ဟိုတုန်းက
ထလရ (၄) ရန်ကင်းတောင်
ခမရ (၃၀၈) လေယာဥ်ကွင်း
ကျန်တာ လက်ရုံးတပ်
၄၁၄ Signal
၄၂၄ Supply
၄၃၄ စစ်မြေပြင်ဆေးတပ်ရင်း
၄၄၄ COD
၄၅၄ BEME
၄၆၄ တပ်ထိန်း/တပ်ခွဲ
၉၀၄ BE
၉၅၅ GE
ကျန်တာ ပြည်သူ့စစ်။
ဟိုင်းကြီးကျွန်းမှာရေတပ်
မြန်အောင်မှာ ခလရ(၅၁)
ဟင်္သာတမှာ ခလရ(၁၈)
မြောင်းမြမှာ ခလရ(၉၃)
ကျုံပျော်မှာ ခလရ(၃၆)
မအူပင်မှာ ခလရ(၂၇)
ဖျာပုံမှာ ခလရ(၉၈)
ကျန်တာရဲစခန်းတွေဖြစ်တယ်။
မြစ်ဝကျွန်းပေါ်စစ်ပွဲ
မြစ်ထဲ
ငါတို့နွှဲရမယ်။
စစ်မတိုက်ခင်
မြစ်တွေဆီက
သင်ခန်းစာယူရမယ်။
မြစ်တွေနဲ့ ယဥ်ပါး
ငါတို့
စစ်ကစားရင်။
ထော်ပိုင်ကို သင်ခန်းစာယူ
ငွေသောင်ယံကို သင်ခန်းစာယူ
တစ်ချက် တစ်ကောင် ချစ်လေးမောင်ကို
သင်ခန်းစာယူ
ထွန်းလင်းယုန်နဲ့ ရွှေလင်းယုန်ကို သင်ခန်းစာယူ
သိလ္လာကို သင်ခန်းစာယူ
မေယုက တိုင်တစ်ရာကို ပစ်ခဲ့တာ
သင်ခန်းစာယူ
တပ်မဟာ (၈) စီမံချက် သင်ခန်းစာယူ။
ဘဝမှာ
မြစ်ဝကျွန်းပေါ်ကနေ
ဆုတ်ခွာခဲ့ရတဲ့ နာကျင်မှုတွေ
အမိုးနန်းကျင်ရွှေကို မေးကြည့်။
တစ်ခါတုန်းက
ငါတို့ဟာ
နတခကြီး သိမ်းခဲ့ကြဖူးတယ်
ဒေါ်အောင်ဆန်းစုကြည်မေးကြည့်။
ရခိုင်ရိုးက
ထိုးစစ်မျှရင်
မြစ်ဝကျွန်းပေါ်
တိုက်ပွဲခေါ်မယ်။
အောင်ခန့်ဇော်
မင်းပြန်လာတော့
မင်းအိပ်မက်တွေလာမက်တော့။
တောင်ကျချောင်းဆိုတာ
နားနားပြီး
စီးလို့ရတာမဟုတ်ဘူး။
ရခိုင်ရိုးမ
အာရက္ခဟာ
ရပ်တန့်မနေဘူး။
သာလီစွပါ
ဂွကိုရရင်
ငါးသိုင်းချောင်း
ရေကြည်
အင်္ဂပူ။
သာလီစွပါ
ဂွကိုရရင်
ချောင်းသာ
ငွေဆောင်
ငရုတ်ကောင်း။
ဆယ့်လေးမျဥ်းစောင်း
ခွပ်တဲ့ဒေါင်းမှာ
ခေါင်းလောင်းထိုးကြ၊ စစ်ပွဲစလော့
ငါတို့
ရပ်တန့်နေလို့မရဘူး။
ရခိုင်ရိုးမ
အချက်ပြပြီ
ငါတို့
ရပ်တန့်နေလို့ မဖြစ်ဘူး။
အောင်ခန့်ဇော်
မင်းပြန်ခဲ့တော့။ ။
အောင်ဝေး
(၉၊ ၁၃၊ ၂၀၂၄)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar